spot_img
Saturday, December 10, 2022
spot_img

အမျိုးသမီးနှင့် အပြုံးနောက်ကဒဏ်ရာ

spot_imgspot_imgspot_imgspot_img

အန်ထော်နီ

နှစ်ပေါင်းများစွာကတည်းက အမျိုးသမီးတွေဟာ ရိုးရာဓလေ့အရသော်လည်းကောင်း အဖက်ဖက်မှဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံခံရတွေ အမျိုးမျိုးကြားခဲ့ရဖူးပါတယ်။

ယနေ့ခေတ်မှာဆိုရင်လည်း လူသိရှင်ကြား ကိုယ်ထိလက်ရောက် ပြုမူခြင်းမျိုးမရှိသလောက်ဖြစ်နေပေမယ့် နောက်ကွယ်မှာတော့ အမျိုးသမီးတွေဟာ နည်းမျိုးစုံဖြင့် ခွဲခြားဖိနှိပ်ခံနေကြရပါတယ်။

ခေါင်ဆောင်မှုအပိုင်းနှင့် ဆုံးဖြတ်ပိုင်ခွင့် အခန်းကဏ္ဍမှာ အများအားဖြင့် အမျိုးသားတွေသာ နေရာယူထားကြပြီး အမျိုးသမီးတွေမှာ အမျိုးသားတွေရဲ့ ထိန်းချုပ်မှုအောက်မှာသာ နေရာတော်တော်များများမှာ မြင်တွေ့ နေကြရပါသေးတယ်။

အုပ်ချုပ်ရေးအပိုင်းတွေမှာဆိုရင်လည်း အမျိုးသမီးတွေထမ်းဆောင်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေကို ခွဲခြားဆက်ဆံဖိနှိပ်တဲ့ ဓလေ့ထုံးတမ်းတွေကြောင့် နေရာမရတာတွေလည်း ရှိတယ်လို့ ဖရူဆိုမြို့နယ် ဒေါခူလယ်ကျေးရွာနေ ဒေါ်ကက်ထရု က ပြောပါတယ်။

၎င်းက “ရွာမှာဆိုရင် ဆယ်အိမ်မှုုးက ဗမာစကားလည်းမတတ် စာလည်းမတတ်ဘူးလေး ဆယ်အိမ်မှုုးနေရာမှာထားရင်နည်းနည်းခက်ခဲတယ်။ ပြီးတော့အမျိုးသမီးတွေဆိုရင်လည်း စာတတ်တဲ့လူရှိတယ် သွက်လက်တဲ့လူရှိတယ် အဲ့မျိုးထားရင်လည်းရတာပဲလေးနော် ဒါပေမယ့်သူတို့ကမထားဘူး ယောကျာၤးလေးမှယောကျာၤးလေးပဲ အဲ့လိုပြောတယ်ပေါ့နော်။ ဆိုတော့ သူတို့က အယူသီးနေတုန်းပဲပေါ့နော်။ ယောကျာၤးလေးပဲဦးဆောင်နေတယ်ပေါ့၊ မိန်းကလေးသူတို့ဦးစားမပေးဘူး ပြီးတော့တန်းတူဖြစ်ဖို့ဆိုရင် သူတို့ကလည်း အဲ့လောက်နားမလည်သေးဘူးလေး တန်းတူအခွင့်အရေးဆိုတာလည်း သူတို့မသိသေးဘူးပေ့ါ သိတဲ့သူနည်းသေးတယ်။”လို့ ပြောပါတယ်။

အမျိုးသားများနှင့် အမျိုးသမီးများ အခွင့်အရေးတန်းတူညီမျှရေးအတွက် မတူကွဲပြားတဲ့ အခြေအနေ အကြောင်းအရာတွေကို လက်ခံနိုင်ဖို့ကအဓိကဖြစ်နေပါတယ်။ အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေ ရရှိဖို့အတွက် လမ်းဖွင့်ပေးဖို့အတွက် ဖရူဆိုမြို့နယ် ကျေးလက်မှာရှိတဲ့ အမျိုးသမီးထုတွေက လိုလားနေကြပါပြီ။

“အဲ့လိုဆိုရင် ဘာအလုပ်ပဲလုပ်လုပ် အမျိုးသမီးတွေကိုလည်း ဦးစားပေးပြီးတော့ လုပ်စေချင်တယ်ပေါ့နော် အမျိုးသမီးတွေကိုမပိတ်ပင်နဲ့ပေါ့နော် မှားမှားမှန်မှန်ပေါ့။ ကိုယ်လုပ်ကြည့်မှ ကိုယ်မှားလားမှန်လားဆိုတာသိမယ်ပေါ့နော် ဒါကြောင့်မလို့ ဘာပဲလုပ်လုပ်အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်ပေးဖို့လိုတယ်လို့ပြောချင်တယ်။ ” လို့ ဒေါခရော့ခူကျေးရွာနေ ဒေါ်မေဆန်းအောင် ကပြောပါတယ်။

ကျေးလက်ဒေသတွေမှာ အမျိုးသမီးအများစုက ခွဲခြားဆက်ဆံခံရတာတွေက မိသားစုတွေမှာ အမွေခွဲဝေတာက အစ သမီးတွေကိုဆိုရင် အမွေဆက်ခံခွင့်မပေးကြပါဘူး။ တချို့မှာဆိုရင်တော့ သမီးတွေထက် သားတွေကို ပိုပြီးဦးစားပေးကြပါတယ်။

“အမွေခွဲဝေးပေးတယ်ပေါ့နော် ခွဲဝေပေးကျတော့ နွားနှစ်ကောင်စီပေးတယ် နောက်ကျမတို့မိန်းကလေးတွေကျတော့ တစ်ကောင်စီပဲပေးတယ် အဲ့တာမတရားဘူး အကုန်လုံးကမိသားစုတွေပဲ သားသမီးတွေပဲ အဲ့လိုနေရာမှာ ဖိနိပ်ခံရတယ်” လို့ ဖရူဆိုမြို့နယ် ဒေါခရော့ခူကျေးရွာနေ ဒေါ်ပရယ်မိုး ကပြောပြပါတယ်။

သားသမီး ရသင့်ရထိုက်တဲ့ အမွေပစ္စည်းတွေကိုလည်း အမျိုးသားများနှင့် တန်းတူမရတာဟာ တရားမျှတမှုမရှိဘူးလို့ သူမကဆိုပါတယ်။

သားသမီးမွေးလာရင် အမျိုးသမီးမွေးလာပါက သူများလူအဖြစ် သတ်မှတ်ပြီး အမွေခွဲပေးတဲ့အချိန်မှာဆိုလည်း သားယောကျာၤးလေးသာအမွေပေးကြတာပါ။

အိမ်ထောင်ကျပြီးတဲ့ အမျိုးသမီးအများစုက သူမတို့ရဲ့ဘဝကို မီးဖိုချောင်အတွင်းသာ နှစ်မြုပ်ကြရပြီး အိမ်ထောင်သည်အမျိုးသားများနှင့် ဆွေမျိုးတွေရဲ့ဖိနှိပ်မှုကိုခံနေကြရပါတယ်။

အမျိုးသားတွေက အပြင်ထွက်ဝင်ငွေရှာနိုင်ပေမယ့် တစ်နေ့တစ်နေ့အမျိုးသမီးတွေခံစားနေရတဲ့ အိမ်တွင်းပြသာနာတွေကို မျှဝေခံစားမှုမရှိကြပဲ “ငါပိုက်ဆံရှာနိုင်တယ်” ဆိုသည့်အတ္တဖြင့် အမျိုးသမီးများကို အနုနည်းနဲ့ အကြမ်းဖက်နေကြပါတယ်။

အလုပ်လက်မဲ့ဖြစ်ပြီး မိသားစုအတွက်လည်း ဝင်ငွေမရှာနိုင် မူးယစ်သောက်စားနေတဲ့ အိမ်ထောင်သည်အမျိုးသားတွေကလည်း အမျိုးသမီးတွေအတွက် အရှင်လတ်လတ်ငရဲကျသလိုခံစားစေရမှာ အမှန်ပဲဖြစ်ပါတယ်။

“ဘာတွေဖိနိပ်ခံရလဲဆိုရင် ရွာဖက်မှာဆိုရင် အမျိုးသမီးအိမ်ထောင်စုပေါနော် သူ့အမျိုးသမီးက ကိုယ်ဝန်ရှိတယ် သူ့အမျိုးသားကအလုပ်မလုပ်ဘူး ကိုယ်ဝန်ရှိတဲ့သူ့အမျိုးသမီးကိုပဲ သူလုပ်ခိုင်းတယ်ပေါနော် ဥပမာ ဈေးသွံားတယ်ဆိုရင်လည်း ငါ့မှာစားဖို့ကွမ်းမရှိဘူး သောက်ဖို့အရက်မရှိဘူးဆိုပြီး သူ့မိန်းမကို သူရိုက်နက်တာရှိသေးတယ်ပေါနော်။” လို့ ဒေါခူလယ်ကျေးရွာနေ ဒေါ်ကက်ထရုက သူမ၏မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ပုံကို ပြောပြသွားတာပါ။

တစ်ခြားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေမှာလည်း အမျိုးသမီးအများစုကကြုံတွေ့နေကြရပြီး ထိုအတွက် မျှတတဲ့ တရားစီရင်မှုတွေ လုပ်ဆောင်သည့်အခါအားနည်းချက်များရှိနေပါသေးတယ်။

ဒေသခံအမျိုးသမီးအများစုက အမျိုးသားတွေရဲ့အိမ်တွင်းအကြမ်းဖက်မှုကို ခံနေကြရပြီး အသိပညာနည်းပါးမှုကြောင့် ခံရစမြဲခံနေတုန်းပါပဲ။

ဒီအခြေအနေ လွတ်မြောက်ဖို့အတွက် တစ်ချို့အဖွဲ့အစည်းတွေက အမျိုးသမီးဆိုင်ရာလှုပ်ရှားမှုတွေ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်လာကြတာကိုလည်းတွေ့ရပါတယ်။

လူ့အခွင့်အရေးဆိုင်ရာပညာပေးနှင့် ကျားမတန်းတူအခွင့်အရေးတွေကို အမျိုးသမီးတစ်ခုတည်းကိုဦးတည်မသွားပဲ အမျိုးသားတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပေးသွားဖို့လိုပါတယ်။

အမျိုးသမီးများသည် လူမြင်ကွင်းရှေ့တွင် အပြုံးမပျက်ရယ်မေားနိုင်ပေမယ့် တစ်ကယ့်နောက်ကွယ်ကထိုးနက်မှုများဒဏ်ကိုခံကြရပြီး အမျိုးသားများနှင့်တန်းတူခြေတစ်လှမ်းလှမ်းတိုးဖို့ ပင်ပန်းစွာကြိုးစားနေကြရပါတယ်။

ခေတ်အစဉ်အဆက်တည်ရှိခဲ့သော ရိုးရာဓလေ့၊ အုပ်ချုပ်ပိုင်းဆိုင်ရာခွဲခြားမှု၊ ဘာသာရေးအယူအဆတွေအကြားအမျိုးသမီးတွေမျက်ရည်စီးခဲ့သည်မှာ အကြိမ်ပေါင်းမနည်းတော့ပြီ။

အခုလို အဖက်ဖက်မှဖိနှိပ်မှုရှိနေခြင်းကြောင့် အမျိုးသမီးတွေ ခေါင်းဆောင်မှုအပိုင်း တက်လမ်းဖို့ အခက်အခဲ တွေရှိနေကြတာဖြစ်ပါတယ်။

လူထုတွေကျန်းမာရေး စောင့်ရှောက်မှုတွေကို လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) အဖွဲ့ ဒုညွန်ကြားရေးမှုုး မအယ်ဗလင်း က “ တစ်ကယ်တော့အခြေခံကျကျ ကျမတို့နှစ်ပေါင်းများစွာ လူမျိုးရေးသော်လည်းကောင်း၊ ဓလေ့ထုံးတမ်းအစဉ်အလာအရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း နိုင်ငံတစ်နိုင်ငံရဲ့အမျိုးသမီးများကို ဦးစားပေးမှုစနစ်အရသော်လည်းကောင်း အဲ့တာတွေကအမျိုးသမီးတွေကို မျက်နှာသာပေးတာတစ်ခုမှမရှိဘူး ဒီဟာတွေကို မကုစားပဲနဲ့ အမျိုးသမီးတွေကို လမ်းဖွင့်ပေးတယ်ဆိုတဲ့အရာတွေက အမျိုးသမီးတွေရဲ့တက်လာမယ့်လမ်းကို ဆန္ဒမရှိကြသေးဘူးလု့ိပဲသုံးသပ်လို့ရတယ်။”လို့ ပြောပါတယ်။

အမျိုးသမီးတွေ ဖိနှိပ်ထားတဲ့ ဓလေ့ထုံးတမ်းတွေနှင့်အစဉ်အလာတွေကို ပြန်လည်ပြင်ဆင်သင့်ပြီး အမျိုးသမီးထုတွေရဲ့ အခွင့်အရေးရရှိပိုင်ခွင့်ရရှိစေဖို့က အမျိုးသားထုတစ်ရပ်လုံးမှာ တာဝန်ရှိပါတယ်။

Related Stories