spot_imgspot_imgspot_imgspot_img
Saturday, May 11, 2024
spot_imgspot_imgspot_imgspot_img

ဖက်ဒရယ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ကရင်နီပြည်လူမျိုးစုလူငယ်တွေရုံးဖွင့်

Author

Date

Category

နော်ဒွေးအယ်ခူ

တိုင်းရင်းသားဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်နိုင်ရေး လုပ်ငန်းတွေမှာ တစ်စုတစ်စည်းတည်း လုပ်ငန်းအကောင်အထည်ဖော်နိုင်ဖို့ ကရင်နီပြည်လူမျိုးစုလူငယ်တွေရဲ့ ရုံးခန်းကို စတင်ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ ကရင်နီပြည်လူမျိုးစုလူငယ်ဦးဆောင်ကော်မတီဝင် ခွန်းနန်းရီက ပြောပါတယ်။

၎င်းက “လက်ရှိကျနော်တို့ချမှတ်ခဲ့တဲ့ ရည်ရွယ်ချက်တွေပေါ့နော အကောင်အထည်ဖော်ဖို့။ ဒါ့အပြင် ဆွေးနွေးပွဲကနေ ထွက်လာတဲ့ ကျနော်တို့ရဲ့ရည်ရွယ်ချက်ကတော့ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်တဲ့အခါမှာ ကျနော်တို့ကရင်နီလူငယ်ကနေပြီးမှ တစ်စုတစ်စည်းတည်းဝိုင်းဝန်းအကောင်အထည်ဖော်ဖို့ ဒါ့အပြင် ကျနော်တို့ရှေ့ဆက်ပြီး နိုင်ငံရေး လူမှုရေး အခြားသောကဏ္ဍတွေမှာ လူငယ်တွေရဲ့အင်အား ပိုပြီးတော့ မြှင့်တက်လာဖို့လုပ်ဆောင်မယ်။”လို့ ပြောပါတယ်။

ကရင်နီပြည်လူမျိုးစုလူငယ်တွေရဲ့ ရုံးကို လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှာ ဖွင့်လှစ်ထားပြီး ၎င်းရုံးနေရာကနေ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ဒေသခံတိုင်ရင်းသားပါတီတွေကို ဘယ်လိုနည်းနဲ့ ဝန်းရံသွားမလဲဆိုတာတွေကို ဆွေးနွေးသွားကြဖို့ရှိတယ်လို့ဆိုပါတယ်။

“လက်ရှိ ကျနော်တို့ ပူပူနွေးနွေးလုပ်နေတဲ့ ကျနော်တို့ရဲ့ပြည်နယ် ဒေသခံပါတီတွေကို အနိုင်ရရှိရေးကို ကျနော်တို့ ရုံးကနေပြီးမှ ဦးဆောင်ပြီးဖော်ဆောင်သွားမယ်လို့ ကျနော်ပြောချင်ပါတယ်”လို့ ခွန်းနန်းရီက ဆက်ပြောပါတယ်။

ကရင်နီပြည်လူငယ်လူမျိုးစုဦးဆောင်ကော်မတီကနေပြီး ဒေသခံပါတီတွေဖြစ်ကြတဲ့ ကယန်းအမျိုးသားပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် ဝန်းရံသွားဖို့ရှိနေပါတယ်။

ဒေသခံလူမျိုးစုလူငယ်ထုတွေ တိုင်းရင်းသားပါတီကိုဝန်းရံထောက်ခံတာ အားရကျေနပ်မှုရှိသလို အမျိုးသားအရေး တိုင်းရင်းသားအရေးကို ဆောင်ရွက်သွားမယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်က ခုလိုပြောပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ အထွေထွေအတွင်းရေးမှူး ဦးသဲရယ် “ဒီအချိန်မှာ လူငယ်ထုတွေလာပြီးမှ တိုင်းရင်းသားပါတီကိုဝန်းရံတယ်ဆိုတဲ့နေရာမှာ အားရကျေနပ်မှုရှိတယ်။ နောက်ပြီးဆက်ပြီးတော့မှ ဒီကိစ္စတွေကဆက်သယ်သွားဖို့လိုတယ်ပေါ့နော။ဆိုတော့ ကျနော်ပြောချင်တယ် လူထုတွေအားလုံးကိုလည်း နောင်တမရစေချင်တော့ဘူး ဒီနေ့ဒီအချိန် လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ လူငယ်ထုတွေ အားပေးထောက်ခံတဲ့အပေါ်မှာတော့ တတ်နိုင်သမျှ ကျနော်တို့စွမ်းအားရှိသမျှ အမျိုးသားရေး တိုင်းရင်းသားအရေးကိုဆောင်ရွက်မယ်ပေါ့နော။ ကျနော်တို့လုပ်ပိုင်ခွင့်ရှိသလောက်ပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က လွိုင်ကော်မြို့၊ ဝမ်ငေါ့ကျေးရွာမှာ ကရင်နီပြည်လူမျိုးစု လူငယ်တွေ့ဆုံနှီးနှောဖလှယ်ပွဲကနေ လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ဒေသခံတိုင်းရင်းသားပါတီတွေကို ဝန်းရံသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒေသခံပါတီတွေရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအပြင် လူငယ်နှင့်နိုင်ငံရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်အနာဂတ်မျှော်မှန်းချက်တွေရဲ့ အခြေခံရပ်တည်ရမယ့် မူ နဲ့ လက်တွေ့လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။

ဒေသအခြေစိုက် တိုင်းရင်းသားပါတီဖြစ်တဲ့ ကယန်းအမျိုးသားပါတီ(KNP) ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)တို့က ပူးပေါင်းမဟာမိတ်ဖွဲ့ထားပြီး ကယာတစ်ပြည်နယ်လုံး မဲဆန္ဒနယ်မြေ (၃၄)နေရာအနက် KySDP က (၃၀)နေရာနဲ့ KNP က(၄)နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ သဘောတူညီချက်ရရှိထားတယ်လို့သိရပါတယ်။

ကရင်နီပြည်လူမျိုးစုလူငယ်ဦးဆောင်ကော်မတီကို ကယားလူမျိုးစုလူငယ်၊ ကယောလူမျိုးစုလူငယ်၊ ကယန်းလူမျိုးစုလူငယ်၊ ကော်ယော်လူမျိုးစုလူငယ်၊ ယင်းတလဲလူမျိုးစုလူငယ် နဲ့ ကရင်လူမျိုးစုလူငယ် စတဲ့ ကယား(ကရင်နီ)ပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ လူမျိုးစုလူငယ် (၆)ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts