spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အမျိုးသမီးအပါအဝင် အရပ်သားသေဆုံးမှုကို ရှုတ်ချပြီး နိုင်ငံတကာခုံရုံးမှာ အပြစ်ပေးနိုင်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ အမျိုးသမီးအစုအဖွဲ့တွေပြော

ကန္တာရဝတီတိုင်း(မ်)

ရှမ်း – ကရင်နီနယ်စပ် က မိုးဗြဲမြို့ မှာ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြား မှာ အမျိုးသမီးတွေအပါအဝင် အရပ် သား၂၀ ကျော် သေဆုံးခဲ့တဲ့ အပေါ် ရှုတ်ချပြီး အဆိုပါ ရာဇဝတ်မှု ကျူးလွန်သူတွေကို နိုင်ငံတကာ ခုံရုံးတွေမှာ အပြစ်ပေး နိုင်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသမီး အစုအဖွဲ့တွေက ပြောပါတယ်။

မေလ နောက်ဆုံးပတ်ကစပြီး လက်ရှိအချိန်ထိ သေဆုံးသူအရပ်သားတွေဟာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးစထိမှန်တာ၊ နေအိမ်ထဲပိတ်မိပြီး စစ်ကောင်စီက ဖမ်းဆီးပစ်သတ်တာ၊ လမ်းသွားလမ်းပြည်သူတွေကို ပစ်ခတ်တာ စတဲ့အကြောင်းအရင်းတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

“အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက် ညှင်းပန်းပြီး သတ်ဖြတ်တာတွေ ဒါတွေကတော့ လူမသားမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ အရက်စက်ဆုံး စစ်ရာဇဝတ်မှုကိုကျူးလွန်တဲ့ လုပ်ရပ်တွေဖြစ်တယ်။ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်တာပဲဖြစ်တယ်။ ဒီအပေါ်မှာ ကျမတို့ လုံးဝ လက်သင့်ခံမှုမရှိဘူး ပြင်းထန်စွာရှုတ်ချတယ်။ ဒီရဲ့လုပ်ဆောင်မှုအပေါ် သေချာတာကတော့ ဆက်ပြီးတော့ တရားမျှတမှုရရှိရေးအတွက် ပြစ်မှုကျူးလွန်တဲ့ အကြမ်းဘက် စစ်ကောင်စီတွေကို အပြစ်ပေးအရေးယူနိုင်တဲ့ နိုင်ငံတကာခုံရုံးမှာ တရားစီရင်နိုင်တဲ့အထိ ကျမတို့ အမျိုးသမီးအစုအဖွဲ့ က ဆက်ကြိုးစားသွားမယ် ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်တယ်။” လို့ ကယန်းအမျိူးသမီးအစည်းအရုံး (KyWO) ရဲ့ တွဲဖက် အတွင်းရေးမှူး-၂ မူအန်းဂျလာက ပြောပါတယ်။

ကယန်းအမျိူးသမီးအစည်းအရုံး KyWO က ကောက်ယူထားတဲ့ စာရင်းအရ မိုးဗြဲမြို့မှာ ဧပြီလ ကနေ ဇွန်လအတွင်း အရပ်သားသေဆုံးမှု ၂၀ ကျော် ရှိနေပြီး အဲဒီထဲမှာ အမျိုးသမီး ၇ ဦးအထိ ပါဝင်တယ်လို့ ဆိုပါတယ်။

ဇွန်လ ဒုတိယပတ်အတွင်း မိုးဗြဲမြို့ စည်ကားရပ်ကွက် (၂)မှာ အိမ်ထဲပိတ်မိနေတဲ့ အမျိုးသမီးငယ်နှစ်ဦးကို စစ်ကောင်စီက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့အပေါ်လည်း ကန့်ကွက်ရှုတ်ချတယ်လို့ KyWO က ပြောပါတယ်။

“အတည်ပြုချက်ကတော့ ဆိုရှယ်မီဒီယာကနေပဲ အိမ်နီးနားချင်းပေါ့နော ပြုကျင့်ခံရပြီး သတ်ဖြတ်ခံရသူရဲ့ ပတ်ဝန်းကျင်အနီးအနားက အတည်ပြုချက်ကြောင့် သိရတယ်ပေါ့နော။ အထူးသဖြင့် သူတို့အနေနဲ့ကြားရတယ်။ အမျိုးသမီးတွေ အော်သံကြားရတယ်။ မုဒိမ်းကျင့်ခံရပြီဆိုတဲ့ အခြေအနေဖြစ်သွားတယ်။ သတ်လိုက်တယ်ဆိုတဲ့အသံ ကြားရတယ်။ သူတို့ရဲ့ အော်သံ ငိုသံတွေပေါ့နော။ ကြားပြီးအတည်ပြုတာကတော့ အိမ်နီးနားမှာ ကြားနေရတဲ့ ပြည်သူကပဲ အတည်ပြုတဲ့ပုံစံမျိုးဖြစ်တာပေါ့။” လို့ အဆိုပါ အကြောင်းအရာနဲ့ပတ်သက်ပြီး မူအန်းဂျလာက ရှင်းပြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ ၎င်းတို့ ထိုးစစ်ဆင်တဲ့ ကျေးရွာတွေမှာ ဖမ်းဆီးရမိသူတွေကို ညှင်းပန်းသတ်ဖြတ်ရုံမျှမက အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်မှုတွေကို ကျူးလွန်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က ထောက်ပြပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီက ကျူးလွန်တဲ့ အမှုတွေကို သက်သေခိုင်လုံစွာ အမှုတည်ဆောင်နိုင်ရေးအတွက် စိန်ခေါ်မှုကြီးစွာ ရှိနေတယ်လို့ ဆိုပါတယ်။

မေလနောက်ဆုံးပတ်ကနေ ဇွန်လတတိယပတ်အထိ မိုးဗြဲမြို့ပေါ်မှာ သေဆုံးတဲ့အရပ်သားအလောင်းကို ကောက်ယူရရှိတဲ့စာရင်းအရ ၂၈လောင်းထိရှိနေပြီး မည်သူမည်ဝါ အတိအကျကိုတော့ စာရင်းပြုစုနေဆဲဖြစ်သလို တိုက်ပွဲဖြစ်ပွားတဲ့ ရပ်ကွက်အတွင်း သွားလာလို့မရသေးတာကြောင့် အလောင်းမရရှိသေးတာလည်းရှိတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သေဆုံးတာကျတော့ ဘယ်လောက်ရှိလဲဆိုရင် အရင်တလောက ၂၈ဦး။ ဒါပေမယ့် အတိအကျတော့ ပြန်ပြုစုရမှာပေါ့နော အသက်ကနေစတာပေါ့နော ကျနော်တို့ အခုပြန်လုပ်နေတုန်းပေါ့နော။” လို့ အဆိုပါဒေသခံက ပြောပါတယ်။

လက်ရှိမိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲမဖြစ်ပွားတာ တစ်ပတ်ရှိနေပေမယ့် မြို့တွင်းမှာ စစ်ကောင်စီက တပ်စွဲနေရာယူထားတာရှိနေပြီး အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်တယ်လို့ မိုးဗြဲ PDF တပ်ရင်း (၁) တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

spot_img
spot_img