spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အမျိုးသမီး၊ကလေးငယ် အများဆုံးသေဆုံးခဲ့ရတဲ့ လက်နက်ကြီးပစ်ခတ်မှုရပ်တန့်ဖို့ အမျိုးသမီးအင်အားစု တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီး၊ ကလေးငယ် အများဆုံးသေဆုံးခဲ့ရတဲ့အတွက် ပစ်ခတ်မှုရပ်တန့်ဖို့ ဒီကနေ့ မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကရင်နီပြည် အမျိုးသမီးအင်အားစုက ထုတ်ပြန် တိုက်တွန်းပါတယ်။

ကရင်နီပြည် အမျိုးသမီးအင်အားစုမှ မော်ဖရေမြာက “အကြမ်းဖက်စစ်တပ်က စစ်ရှောင်စခန်းတွေမှာပဲဖြစ်ဖြစ်၊ ရပ်ရွာတွေမှာပဲဖြစ်ဖြစ်ပေါ့နော၊ စစ်ပွဲမရှိဘဲနဲ့ ရည်ရွယ်ချက်ရှိရှိပေါ့။ လက်နက်ကြီးထုတာကြောင့်မလို့ အမျိုးသမီး၊ ကလေးသေဆုံးမှု များပြားဟာမျိုးတွေ မသန်မစွမ်းဖြစ်သွားတဲ့ အနေအထားတွေလည်း နေ့စဉ်ကြုံနေရတယ်ပေါ့။ လက်နက်ကြီးပစ်တာမျိုး လေယာဉ်အသုံးပြုပြီးတိုက်ခိုက်တဲ့ဟာကို လုံးဝရပ်တန့်ပေးဖို့အတွက် ဒီကနေ တောင်းဆိုချင်တာဖြစ်တယ်။” လို့ ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ မတရားဖမ်းဆီးခံရတဲ့ အမျိုးသမီး (၃၃)ဦးရှိပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ကရင်နီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ရဲ့ အချက်အလက်တွေ အရ ၂၀၂၂ ခုနှစ် တစ်နှစ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှု နဲ့ အကြောင်းမဲ့ သေနတ်ဖြင့်ပစ်ခတ်မှုတွေကြောင့် အသက် ၁၈ နှစ် အောက် ကလေး ၁၉ ဦး သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကနေ နည်းမျိုးစုံ အမျိုးသမီး၊ ကလေးအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ လိုအပ်ကြောင်း ဒီကနေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။

ကရင်နီပြည်မှာ နေရပ်၊အိုးအိမ် တွေကို စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူ ၂သိန်းဝန်းကျင်ရှိပြီး အများစုမှာ အမျိုးသမီး၊ ကလေးသူငယ်၊ ကျောင်းသားအရွယ်အများဆုံးဖြစ်ပါတယ်။

လက်ရှိကရင်နီပြည်ရဲ့ အမျိုးသမီးတွေဟာ ခုခံတော်လှန်ရေးနဲ့ နိုင်ငံရေးဦးဆောင်ကဏ္ဍတွေမှာ အသီးသီးပါဝင်လျက်ရှိနေပြီး ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ စစ်ရှောင်အရေး၊ ခုခံတော်လှန်ရေးတပ်တွေမှာ အမျိုးသမီးရဲမေအဖြစ် တော်လှန်ရေးတွေမှာ ကျရာကဏ္ဍကနေ ပါဝင်လျက်ရှိတယ်လို့ဆိုပါတယ်။

ကရင်နီအမျိုးသမီးအင်အားစုအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးကိုဦးတည်ပြီး စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်တယ်လို့ ဒီကနေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts