spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အယ်လ်နီညိုနှင့် နောက်ဆက်တွဲပြဿနာများ

ကန္တာရဝတီတိုင်း(မ်)

အယ်လ်နီညိုဟာ အစွန်းရောက်သဘာဝဘေးတခုဖြစ်ပြီး အလွန်ပူနွေးခြောက်သွေ့တဲ့ ရာသီဥတုတခုလို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ တောင်အမေရိကတိုက်ရဲ့ အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံတွေ ဖြစ်ကြတဲ့ အီကွေတာနဲ့ အနီးတဝိုက်နိုင်ငံတွေမှာ ဒီဇင်ဘာလအတွင်း ပင်လယ်ပြင်ကနေ တိုးဝင်လာတဲ့ ပင်လယ်ရေပူစီးကြောင်းကနေ ဖြစ်ပေါ်လာပါတယ်။

အယ်လ်နီညိုဟာ ယေဘုယျအားဖြင့် ငါးနှစ်မှ ခုနစ်နှစ် အတွင်း တကြိမ် ဖြစ်တတ်တယ်ဆိုပေမဲ့ ယခုနောက်ပိုင်းမှာတော့ နှစ်နှစ် သုံးနှစ်အတွင်းလည်း ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သုံးသပ် ပြောဆိုထားကြပါတယ်။

အယ်လ်နီညိုအားကောင်းခဲ့ရင် တောင်အမေရိတိုက်မှတဆင့် တကမ္ဘာလုံးပျံ့နှံကာ ရာသီဥတု ဖောက်ပြန်မှုများ ပြင်းထန်လာပြီး ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။ အပူချိန်လွန်ကဲတာ၊ တောမီးလောင်ကျွမ်းတာ၊ မိုးခေါင်လွန်းတာ၊ သောက်သုံးရေရှားပါးတာတွေ ဖြစ်ပေါ်စေတတ်ပြီး အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများလည်း ဖြစ်ပေါ် စေတတ်ပါတယ်။

အယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ် မေလအထိ အာရှဒေသအတွင်း ဖြစ်ပွားနိုင်တယ်လို့ အမေရိကန် မိုးလေဝသအေဂျင်စီအဖွဲ့ (NOAA) ၊ ရာသီဥတုခန့်မှန်းရေးဌာန (Climate Prediction Center – CPC) က ပြောဆိုထားပါတယ်။ မိုးလေဝသဆိုင်ရာ အပြောင်းအလဲတွေကြောင့် ဘယ်လိုဆိုးကျိုးမှုတွေ ဖြစ်လာနိုင် သလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

အယ်လ်နီညိုကြောင့် တိုက်ရိုက်ဖြစ်နိုင်တဲ့ပြဿနာများ

ရာသီဥတုပြောင်းလဲခြင်းကြောင့် ရေကြီးရေလျှံတာနဲ့ မိုးခေါင်တာတွေ ဖြစ်စေနိုင်ပြီး စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေပါတယ်။ ဒါတွေအပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူတွေရဲ့ အသက်အန္တရာယ်ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်သလို အအောက်အအုံတွေလည်း ပျက်စီးဆုံးရှုံးစေနိုင်ပါတယ်။

တဆက်တည်းမှာပဲ ကူးစက်ရောဂါများ ဖြစ်ပွားမှုနဲ့ ကပ်ရောဂါအသွင် ပျံ့နှံ့မှုတွေ ပိုမိုဖြစ်ပွားစေပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာတွေလည်း ကြုံတွေ့စေနိုင်ပါတယ်။

မိုးခေါင်ရေရှားပါးမှုကြောင့် ဖြစ်လာတဲ့ အပူချိန်မြင့်တက်လာမှုဟာ ကူးစက်ရောဂါပြန့်ပွားစေတဲ့ ပိုးမွှားများကို ပျံ့နှံ့စေပြီး ရောဂါကူးစက်ခြင်းမရှိတဲ့ ဒေသတွေကို ပျံ့နှံ့ရောက်ရှိသွားနိုင်ပါတယ်။

အပူလှိုင်းကြောင့် ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတို့အပြင် ထိခိုက်ခံစားလွယ်တဲ့သူတွေမှာ ကျန်းမာရေးပိုမိုထိခိုက်စေပါတယ်။ ဒါတွေအပြင် မီးလောင်မှုမှ တဆင့် လေထုအရည်အသွေး နိမ့်ကျတာတွေလည်း ဖြစ်ပွားစေနိုင်ပါတယ်။

ရာသီဥတုပြောင်းလဲမှုဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ကြုံတွေ့နေရတဲ့ ထိခိုက်ခံစားလွယ်အုပ်စုတွေ နဲ့ စစ်ရှောင်ပြည်သူတွေကို ထပ်ဆင့်ပြီး သဘာဝဘေးဒဏ်ကို ခံစားရစေနိုင်ပါတယ်။

နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ

ရာသီဥတုပြောင်းလဲခြင်းကြောင့် စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေနိုင်ပြီး အာဟာရချို့တဲ့တာကို ဖြစ်စေနိုင်ပါတယ်။

မိုးခေါင်ရေရှား ဖြစ်ပွားတဲ့ ဒေသတွေမှာ လုံလောက်တဲ့ ရေအရင်းအမြစ်တွေ မရှိတာနဲ့ ရေရှားပါးတာတွေက တကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အစီအမံတွေ လုံလောက်မှုမရှိတာကြောင့်လည်း ကာလဝမ်းရောဂါ နဲ့ အခြား ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါတွေအပြင် တိုက်ဖွိုက် (အူရောင်ငန်းဖျားရောဂါ)၊ ရှီဂဲလား ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အူလမ်းကြောင်း ပိုးဝင်တာ၊ အသည်းရောင်အသားဝါရောဂါ အေ (A) , အီး (E)၊ ကြွက်သေးကတဆင့် ကူးစက်တတ်သော လက်ပ်တိုစပိုင်းရိုးစစ်ရောဂါပါ ဖြစ်ပွားနိုင်ပါတယ်။

ရာသီဥတုပြောင်းလဲမှုနဲ့ လေထုတွင်း အပူချိန်မြင့်တက်မှု၊ စိုထိုင်းဆမြင့်တက်မှုတွေကြောင့် ငှက်ဖျားပိုးသယ်ဆောင်တဲ့ ခြင်နဲ့ ပါရာဆိုက် ကပ်ပါးကောင်တွေ မျိုးပွားပျံ့နှံ့မှုအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါကြောင့် ငှက်ဖျားရောဂါဖြစ်စေတဲ့ ခြင်များပေါက်ပွားနိုင်တဲ့ နေရာဒေသတွေ ကျယ်ပြန့်လာပြီး ငှက်ဖျားဖြစ်ပွားမှု မြင့်တက်စေနိုင်ပါတယ်။

ခြင်ကြောင့် ဖြစ်နိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေး (ချီကန်ဂန်ညား) ရောဂါ စတာတွေလည်း ဖြစ်နိုင်ပါတယ်။

လူဦးရေထူထပ်တဲ့နေရပ်နဲ့ ရွှေ့ပြောင်းသွားလာတာနဲ့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန် ခက်ခဲတဲ့ နေရာတွေမှာ ဝက်သက်နဲ့ ဦးနှောက်အမြှေးပါးရောင်ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။

ပူပြင်းပြီး စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ပေါက်ပွားတဲ့ ပိုးမွှားတွေမှ ထုတ်လွှတ်တဲ့ အဆိပ်တွေနဲ့ အဆိပ်သင့်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။

အပူလွန်ကဲတာနဲ့ မီးလောင်မှုကြောင့် မီးခိုးငွေ့တွေဟာ လေထုအရည်အသွေး ယိုယွင်းပျက်စီးပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားတာနဲ့ ရှိပြီးသားရောဂါအခံတွကို ပိုမိုဆိုးရွားစေတာ၊ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစနဲ့ ကလေးငယ်တွေ ၊ အဆောက်အအုံ အပြင်ဘက်မှာ အလုပ်လုပ်နေရသူတွေနဲ့ နာတာရှည်ရောဂါ ခံစားနေရသူတွေကို အဓိက သက်ရောက်မှုရှိစေပါတယ်။

လူမှုရေးပြဿနာများ

အယ်လ်နီညိုဟာ ရာသီဥတုဆိုးရွားမှုကို ဖြစ်စေတာကြောင့် အသက်မွေးဝမ်းကျောင်း၊ အလုပ်အကိုင် အခက်အခဲတွေကြောင့် မိသားစုအတွင်း ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၇-၁၉၉၈ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြို့ကြီး ၁၈ မြို့ မှာ အပူချိန်အမြင့်ဆုံး စံချိန်သစ်တင်ခဲ့ပြီး မြို့ကြီး ၁၅ မြို့မှာ မိုးရေချိန်အနည်းဆုံး စံချိန်သစ်တင်တာ ရှိခဲ့ပါတယ်။

၂ဝ၁၅-၂ဝ၁၆ ကာလအတွင်း တွင်ဖြစ်ပွားခဲ့တဲ့ အားကောင်းတဲ့ အယ်လ်နီညိုကြောင့် စံချိန်တင်ပူပြင်း ခြောက်သွေ့မှုများကြုံတွေ့ခဲ့ရပြီး စံချိန်တင်မီးလောင်ကျွမ်းမှုတွေ၊ ပူပြင်းခြောက်သွေ့မှုနဲ့ တိုက်ရိုက် ဆက်စပ်သောရောဂါတွေ သောက်သုံးရေရှားပါးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါကြောင့် အယ်လ်နီညိုဟာ အစွန်းရောက် ပူပြင်းခြောက်သွေ့မှုတွေနဲ့ ရာသီဥတုကို ဖောက်ပြန်ပြောင်းလဲ စေပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး စတဲ့ကဏ္ဍပေါင်းစုံမှာ ထိခိုက်မှုများဖြစ်ပါ်စေတဲ့ ဖြစ်စဉ်တခုဖြစ်ပါတယ်။

ကရင်နီစစ်ရှောင်တွေဟာ စစ်ရှောင်ကာလရှည်ကြာလာတာနဲ့အမျှ ဖြစ်ပေါ်လာနိုင်တဲ့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု အခြေအနေတွေ ထိခိုက်လာနိုင်တဲ့အတွက် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် အရင်းအမြစ်တွေကို လက်လှမ်းမီဖို့ နဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကိုးကား – NUG MOH website , Wikipedia website.

spot_img
spot_img