spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အရင်လိုအချိန်တွေမျော်နေတဲ့ စစ်ရှောင် ခူးလူရယ်

ကန္တာရဝတီတိုင်း(မ်)

“ ငါးပဲ အဓိကလုပ်စားတယ်။ ငါးသာမရရင် ကျနော်တို့ ငတ်ပြီပဲ။ လေတိုက်ရင် လေက ကျနော့်ထမင်းအိုးကို မှောက်အောင် တိုက်လိုက်တာပဲ။ “

ငါးဖမ်းတဲ့ အလုပ်က သူ့ရဲ့ မရှိမဖြစ် အလုပ်တစ်ခုဖြစ်တယ်လို့ ခူးလူရယ်က ပြောပြတာဖြစ်ပါတယ်။ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုအဖြစ် တံငါသည် အလုပ်ကို တစ်စိုက်မတ်မတ် လုပ်ကိုင်လာခဲ့ပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းနေရတာပါ။

သူ့မှာ သား၊သမီးလေးယောက်ရှိပြီး ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ကျေးရွာမှာ နေထိုင်တာဖြစ်ပါတယ်။ သို့ပေမယ့် တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာပြီး တခြားနေရာမှာ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ၊ ၈ရက်နေ့ကတည်းက စစ်ရှောင်နေရတာဖြစ်ပါတယ်။

စစ်ရှောင်ရင်း နေ့စားအလုပ်တွေ၊ ငါးဖမ်းတဲ့ အလုပ် စတာတွေကိုလည်း လုပ်ကိုင်ပြီး စားဝတ်နေရေးဖြေရှင်းနေရခဲ့ပေမယ့် လက်ရှိမှာတော့ ကားမှောက်တဲ့ ဒဏ်ကြောင့် မလုပ်ကိုင်နိုင်တော့ဘူးလို့ ဦးလူရယ်က အခုလို ပြောပြပါတယ်။

“ ကျနော် ဒေါတမကြီးမှာ ကားသွားမှောက်တော့ ကျနော် ခက်ခဲတယ်။ ပိုက်ဆံလည်း သွားမရှာနိုင်တော့ဘူး။ တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေတယ်။ ကျနော်သွားမရှာနိုင်တော့ ကျနော့်ကလေးကို ကြည့်ရင် တအားသနားတယ်။ သူစားချင်သောက်ချင်ရင် ကြည့်ရင် တအားသနားတယ်။ ကျနော် ပိုက်ဆံမရှာနိုင်တော့ ဘာလုပ်ရမယ်မှန်းမသိတော့ဘူး။ “ လို့ ခူးလူရယ်က ဆိုပါတယ်။

ကားမှောက်တဲ့ ဒဏ်ရာကြောင့် အလုပ်မလုပ်နိုင်တော့သလို ပါးစပ် ထိသွားတဲ့အတွက် ချုပ်ရတာဖြစ်ပြီး လက်ရှိမှာဆိုရင် ထမင်းမစားနိုင်တော့ဘဲ အရည်တွေပဲ သောက်နေရတယ်လို့ သူက ပြောပါတယ်။

“မုန့်ဟင်းခါးတော့ နည်းနည်းသောက်နိုင်တယ်။ ကျနော် မုန့်ဟင်းခါးစားမှပဲ အဆာနည်းနည်းခံတယ်။ တခြား မုန့်တွေစားရင် အဆာမခံဘူး။ ခဏလေးနဲ့ ဗိုက်ပြန်ဆာလာတယ်။ အဲ့လိုဖြစ်တော့ မုန့်ဟင်းခါးပဲ စားတယ်။ နည်းနည်းအစာပိုခံလို့လေ။ မုန့်ဟင်းခါးတစ်ပွဲကို နာရီလောက် တစ်နာရီလောက် စားရတယ်။ စားရတာ တအားကြာတယ်။ “ လို့ ခူးလူရယ်က ဆိုပါတယ်။

ကရင်နီပြည် အထူးသဖြင့် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော် နဲ့ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ၊ မိုးဗြဲတွေမှာဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်နီးပါးကြာမြင့်နေတဲ့ တိုက်ပွဲ တွေကြားမှာ စစ်ရှောင်တွေလည်း ဒုက္ခအတိတွေနဲ့ ကြုံတွေ့နေရပါတယ်။

စစ်ရှောင်နှစ်သိန်းနီးပါး ရှိတဲ့ ကရင်နီပြည်မှာ တချို့ စစ်ရှောင်တွေဟာဆိုရင် အိမ်မပြန်နိုင်တာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပါတယ်။ အိမ်ပြန်ကြည့်တဲ့ တချို့ စစ်ရှောင်တွေဟာဆိုရင်လည်း စစ်ကောင်စီထောင်ထားတဲ့ မိုင်း နင်းမိတာတွေလည်း ရှိနေပါတယ်။

တချို့ စစ်ရှောင်တွေကတော့ တိုက်ပွဲတွေကြား မရှိမဲ့ရှိမဲ့ အိုးအိမ်တွေကို ပေးဆပ်ဆုံးရှုံးလိုက်ရတာတွေ၊ တိုက်ပွဲတွေကြား ရှောင်ပုန်းရင်း အသက်ဆုံးရှုံးလိုက်ရတာတွေ၊ လူမသိသူမသိ ဒုက္ခရောက်နေရတာတွေလည်း ရှိနေပါတယ်။

အထူးသဖြင့် စစ်ရှောင်တွေဟာဆိုရင် အမျိုးသမီးနဲ့ ကလေးတွေဖြစ်တဲ့အတွက် စစ်ရှောင်ရင်း ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေ၊ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။

သက်မွေးဝမ်းကြောင်း အတွက် တံငါသည်လုပ်နေတဲ့ ဦးလူရယ်။
သက်မွေးဝမ်းကြောင်း အတွက် တံငါသည်လုပ်နေတဲ့ ဦးလူရယ်။
သက်မွေးဝမ်းကြောင်း အတွက် တံငါသည်လုပ်နေတဲ့ ဦးလူရယ်။
သက်မွေးဝမ်းကြောင်း အတွက် တံငါသည်လုပ်နေတဲ့ ဦးလူရယ်။

ဒုက္ခအခက်အခဲတွေကြား ကြိုးစားရှင်သန်ပြီးတဲ့ တစ်နေ့ ငြိမ်းချမ်းတဲ့ ဘဝကို ပြန်ရရှိဖို့ ကတော့ စစ်ရှောင် ပြည်သူတိုင်း တောင်းတနေရတဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်ပါတယ်။

ခူးလူရယ်ဟာဆိုရင်လည်း ၅နှစ်သာ တံငါသည်လုပ်ရင်းစုထားတဲ့ပိုက်ဆံနဲ့ အိမ်ဆောက်ထားပေမယ့် လက်ရှိမှာတော့ အိမ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်နေရပါတယ်။

ခက်ခဲတဲ့နေ့ရက်တွေကို ကျော်ဖြတ်ရင်း ပြန်လည်နေကောင်းကျန်းမာမယ့် တစ်နေ့မှာ အလုပ်ပြန်လုပ်ချင်တယ်လို့ သူက အခုလို ပြောရင်း အားတင်းထားနေရပါတယ်။

“ အခုတော့ နိုင်ငံရေးအခြေအနေမကောင်းဘူးပေါ့နော။ ရှေ့လျှောက် နိုင်ငံရေးအခြေအနေ ပြန်ကောင်းလာရင် အားလုံး နေကောင်းကျန်းမာချင်တယ်။ အရင်ကလိုပဲ ပုံမှန် အလုပ်ပြန်လုပ်ချင်တယ်။ “

spot_img
spot_img