spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အရပ်သားကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုက လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ မတ်လအတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား၅ဦး ထိခိုက်သေဆုံးခဲ့ရပြီး ဆေးရုံဆေးခန်း၊ စာသင်ကျောင်းဆောင်တွေ ထိမှန်ပျက်စီးခဲ့တာကြောင့် humanitarian Law (လူသားချင်းစာနာမှုဥပဒေ)ကို ချိုးဖောက်ရာရောက်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“ လူ့အခွင့်အရေးရှုထောင့်ကနေကြည့်မယ်ဆိုရင် ဒီဟာက လူထုပစ်မှတ်တွေကို လက်နက်ကြီးဖြစ်စေ လက်နက်ငယ်နဲ့ဖြစ်စေ လေယာဉ်နဲ့ဖြစ်စေ တိုက်ခိုက်လို့မရဘူး။ ဒါကိုရှင်းရှင်းလင်းလင်း ပြောထားတယ်ပေါ့နော။ လူထုတွေ စစ်ရှောင်တွေရှိတဲ့ ကျေးရွာမှာဖြစ်စေ ကျောင်းတွေ ဘာသာရေးအဆောက်အဦးတွေကို ဆေးရုံဆေးခန်းတွေကို တိုက်ခိုက်လို့မရဘူးဆိုတဲ့ ကနဦး ရှိထားပြီးသားဖြစ်တယ်ပေါ့။ အခုလိုမျိုး တိုက်ခိုက်ခြင်းဟာ သူတို့(စစ်ကောင်စီ) စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်သလို ဆေးရုံဆေးခန်းကို တိုက်ခိုက်ခြင်းက ဘာကိုသွားပြီးမြင်လဲဆိုတော့ humanitarian Law (လူသားချင်းစာနာမှုဥပဒေ) ကိုလည်းချိုးဖောက်ရာ ရောက်တယ်ပေါ့နော။ ” လို့ ဦးဗညားက ပြောပါတယ်။

ဆေးရုံ၊ ဆေးခန်း ဝန်ဆောင်မှုပေးတဲ့နေရာတွေမှာ လူထုတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလို့မရအောင် ပြုလုပ်တာဟာ ကျန်းမာရေးဆိုင်ရာအခြေခံ အခွင့်အရေးတွေကို ဆုံးရှုံးအောင်လုပ်တာဖြစ်ပြီး အရပ်သား လုပ်ကိုင်စားသောက်နေတဲ့နေရာတွေကို လေကြောင်း ပစ်ခတ်တာဟာလည်း အခြေခံစားဝတ်နေရေးကို ဖျက်ဆီးတာ၊ လူတွေရဲ့ရှင်သန်မှုကို ထိခိုက်စေတာကြောင့် ဆိုးဝါးတဲ့လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်မှာ အရပ်သားငါးဦး သေဆုံးပြီး ၁၀ဦးနဲ့ အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ရက်နေ့ နေ့လည်ခင်း ၁နာရီခွဲဝန်းကျင်မှာ ဘောလခဲမြို့နယ် ဝမ်ဗလကျေးရွာအနီးမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သစ်လုပ်ငန်းလုပ်ကိုင်နေကြတဲ့ အရပ်သားအမျိုးသား ၃ ဦး ထိမှန်သေဆုံးခဲ့ရပါတယ်။

သေဆုံးခဲ့တဲ့အမျိုးသားတွေက အသက် ၄၀နဲ့ ၅၀ ဝန်းကျင်အရွယ်ဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာအနီးတစ်ဝိုက်က အရပ်သား ၈ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ မတ်လ၂၈ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာလည်း ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ဒေါရောက်ခူကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် မတ်လ ၃၀ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့နေရာတွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားရှိရာ နေရာတွေဖြစ်သလို စစ်ရှောင်ပြည်သူတွေအများစု နေထိုင်ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီကနေ အခုလို လေကြောင်းတိုက်ခိုက်တာက ပြည်သူတွေကို ရန်သူသဖွယ် သတ်မှတ်ပြီး တိုက်ခိုက်နေတာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ဆိုပါတယ်။

” စစ်ကောင်စီကတော့ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်ပေါ့နော။ အဓိကတော့ ပြည်သူတွေကို ရန်သူလို့ သတ်မှတ်ပြီးတော့ တိုက်ခိုက်တာပဲဖြစ်တယ်ပေါ့နော။ ပြည်သူက စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို လက်မခံဘူး။ စစ်ကောင်စီက ပြည်သူတွေကို ဖိနှိပ်တာ လက်မခံတဲ့အတွက် တော်လှန်ရေးအင်အားစုကို ထောက်ခံအားပေးတယ်။ အဲဒါတွေကြောင့် စစ်ကောင်စီက သူတို့ကို မထောက်ခံတဲ့လူတွေ ပြည်သူတွေကို ရန်သူသဖွယ် သတ်မှတ်ပြီးတော့ လေကြောင်းတိုက်ခိုက်တယ်။ လက်နက်ကြီး နဲ့ တိုက်ခိုက်တယ်လို့ ပဲ ပြောချင်ပါတယ်။ ” လို့ (KNDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောပါတယ်။

ဒီလို အရပ်သားရှိရာနေရာတွေကို ဦးတည်တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့က အကြိမ်ကြိမ် ပြောဆိုထားပေမယ့်လည်း စစ်ကောင်စီက ကျူးလွန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မတ်လအတွင်း ကရင်နီပြည်တွင်း နေရာအနှံအပြားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား
ထိတွေ့တိုက်ပွဲပေါင်း (၁၀၂)ကြိမ်ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ KNDF က ဧပြီလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လူထုရှိရာ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကို လေယာဉ်မပျံသန်းရဇုံ ၊ Safe Zone သတ်မှတ်ပေးဖို့အတွက် နိုင်ငံတကာကို တောင်းဆိုတာလည်း ရှိနေပြီး လေယာဉ်သုံး ဆီတွေကို စစ်ကောင်စီကို မရောင်းချဖို့ တိုက်တွန်းတာလည်းရှိထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တ ဦးဗညားထံကနေ သိရပါတယ်။

လက်ရှိနိုင်ငံတကာကနေ လေယာဉ်ဆီ တင်ပို့မှုကိုပိတ်ဆို့တာ၊ စစ်ကောင်စီကို ရောင်းချတဲ့ အဖွဲ့တွေကို ဒဏ်ခတ်တာပြုလုပ်လာနေတာဟာ ရေရှည်မှာ ပြည်တွင်းကို ရဟတ်ယာဉ်နဲ့တိုက်ခိုက်မှု လျော့နည်းလာနိုင်တယ်လို့ သူက ဆက်ပြီးသုံးသပ်ပြောဆိုပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၃၁၀) ကြိမ်ပြုလုပ်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ရဲ့ ဧပြီလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts