spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“အရပ်သားတွေမျှော်လင့်တဲ့ လုံခြုံသောနေရာ”

Author

Date

Category

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

“ဘုရားလက်ထဲမှာကလွှဲလို့ ဘယ်နေရာမှာမှ မလုံခြုံတော့ပါဘူး။”

စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ နှစ်နှစ်ဝန်းကျင် ရှင်သန်လာခဲ့ရသူတွေရဲ့ နှုတ်ဖျားက နေ့စဉ် ရေရွတ်နေကြတဲ့ စကားပါ။ ဟုတ်ပါတယ်………..စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီလူထုတွေအတွက် လုံခြုံမှုဆိုတာဟာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ရတာပါ။

ပြည်နယ်ရဲ့ လူဦးရေ သုံးပုံနှစ်ပုံခန့်ဟာ စစ်ဘေးဒုက္ခသည်အဖြစ် ဘဝကို ကျင်လည်နေကြရပါတယ်။ ဘေးလွှတ်ရာလို့ တွေးထင်တဲ့ နေရာတွေကို ရွေးချယ်နေထိုင်ကြတာပါ။ သို့ပေမယ့် သေနတ်ကျည်ငယ်ရဲ့ ဘေးကိုသာ လွှတ်မြောက်နိုင်ခဲ့ကြတာပါ။ စစ်ကောင်စီတပ်ရဲ့ မဲမဲမြင်ရာ ကျူးလွန် ပစ်ခတ်တတ်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် လက်နက်ကြီး၊ လေကြောင်းရန်က လုံခြုံဖို့ဆိုတာ တစ်စက္ကန့်လေးတောင် ရှိမနေပါဘူး။

“လုံခြုံတဲ့နေရာလိုမျိုးကို ကျမတို့ လိုချင်တယ်။ နေ့နေ့ညည ဘယ်အချိန်သေရမလဲ ဆိုတာလောက်ပဲ အတွေးထဲ ရှိတော့တဲ့ ဘဝတွေပါ။ ကျန်တာ မလိုချင်တော့ဘူး။ ကျမတို့လို သာမန်လူထုတွေအတွက် အသက်အန္တာရာယ် လုံခြုံမဲ့နေရာမျိုးကိုပဲ လိုချင်တာပါ။ အခုက တစ်စက္ကန့်လေးတောင်မှ ဘာတစ်ခုမှ လုံခြုံမှု မရှိဘူးလေ။ သေဖို့စောင့်နေရသလိုပဲ။”

ရွှေ့ပြောင်းတိမ်းရှောင်ရတာ အနည်းဆုံး ဆယ်ကြိမ်ရှိပြီဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက အထက်ပါ စကားကို ပြောလိုက်တာပါ။

အရပ်သားလူထုတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေယာဉ်ရန်ကနေ လုံခြုံမှုကို မျှော်လင့်လို့ မရတော့ပေမယ့် သူတို့ ရောက်ရှိခိုလှုံနေတဲ့ တောတောင်တွေထဲက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ လုံခြုံရေးအတွက်လို့ မျှော်လင့်နေကြတဲ့ အရာတွေ ( စည်းကမ်းချက် ) တွေကို ကိုယ်ထူကိုယ်ထ အချင်းချင်း အသိပေးလှုံ့ဆော်မှုတွေကို ဆောင်ရွက်နေကြပါတယ်။

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ နေရပ်မပြန်နိုင်တာ တစ်နှစ်ကျော်ပြီဖြစ်တဲ့ အမှတ် (၃) စစ်ဘေးရှောင်စခန်းမှာ စခန်းလုံခြုံရေးကြောင့် စည်းကမ်းချက် (၆) ချက်ဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်မှာ ထုတ်ပြန်ပြီး အဲ့ဒီစခန်းကို သွားတဲ့ လမ်းမှာ ကပ်ထားတာကို တွေ့ရပါတယ်။

“လုံခြုံရေးကြောင့် ကျနော်တို့ ထုတ်ပြန်လိုက်တာပါ။ စစ်ရှောင်တွေကနေ ပြသနာဖြစ်တာမျိုးတွေတော့ မဟုတ်ပါဘူး။ သွားလာရေးအတွက် ကျနော်တို့ လုပ်တာပေါ့။” လို့ အဲ့ဒီစခန်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အမှတ် (၃) စစ်ရှောင်စခန်းဟာ အာဏာသိမ်းပြီးနောက် ဒေသတွင်း တိုက်ပွဲဖြစ်ပွားတာကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ စစ်ဘေးရှောင်နေရင်း နေထိုင်ကြတဲ့ စခန်းဖြစ်ပါတယ်။

စည်းကမ်းချက်တွေထဲမှာတော့ ည ၇ နာရီ နောက်ပိုင်း ကား/ဆိုင်ကယ်များ စစ်ဘေးရှောင်အတွင်း အဝင်အထွက်မပြုလုပ်ရန်၊ ကျေးရွာနှင့် စစ်ရှောင်အတွင်း သူတစ်ပါးရဲ့ ခြံဝန်းထဲ ခွင့်ပြုချက်မရရှိဘဲ ဝင်ခွင့်မပြု၊ ဖုန်းလိုင်းအသုံးပြုတဲ့နေရာမှာ ည ၆ နာရီထက် နောက်မကျစေရန်၊ တစ်ဦးနှင့်တစ်ဦး နိုင်ထက်စီးနင်းပြုလုပ်ပါက ဒဏ်ငွေ ၅ သောင်းအထိ ပေးဆောင်ရမည့်အပြင် ဝက်သုံးဆုတ်တစ်ကောင် ပေးဆောင်ရမည်၊ စစ်ဘေးရှောင်စခန်းအတွင်း မိဘပြည်သူများ စစ်ရေးစစ်ရာနှင့် ပတ်သက်ဆက်နွယ်တဲ့ အဝတ်အစားမဝတ်ရန်၊ ည ၈ နာရီ နောက်ပိုင်း ဆူညံသံ၊ မီးအိမ်၊ ဓာတ်မီးများ မဆင်မခြင် မထိုးရန် စတဲ့ အချက် (၆) ချက်ကို စခန်းနေ လူထုတွေ သိရှိနိုင်ဖို့ ထုတ်ပြန်ခဲ့တာပါ။

တိုင်းရင်းသား ပြည်နယ်များအပါအဝင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရတဲ့ ပြည်သူများကို လူသားချင်းစာနာမှု အကူအညီများ ပေးရန်၊ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန်နှင့် ပြည်သူတွေကို အကာအကွယ်ပေးနိုင်မဲ့ Safe Zone တစ်ခုကို ဖန်တီးပေးရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF တို့က ယခင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားတာလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ အရပ်သားတွေကို လေကြောင်းအသုံးပြုပြီး ပစ်မှတ်ထား တိုက်ခိုက်လာနေတာတွေက ပိုမိုဆိုးရွားလာတဲ့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ လေယာဉ်မပျံသန်းရဇုန်ကို သတ်မှတ်ပေးဖို့ ပူးတွဲတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

မတ်လအတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် ထပ်ဆင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒီးမော့ဆိုမြို့နယ်က ဒေသခံများ
ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

စစ်ကြောင့် ရွေ့ပြောင်းနေကြရတဲ့ ဒုက္ခသည်လူထုအတွက် လုံခြုံသောနေရာ ( Safe Zone ) ကို အာမခံပေးနိုင်မဲ့ နေရာကို သတ်မှတ်ပေးဖို့ လိုအပ်တဲ့အပြင် ပညာရေး၊ ကျန်းမာရေးတွေအတွက် အကောင်အထည်ဖော်ပေးနိုင်မဲ့ နေရာတစ်ခုကို မဖြစ်မနေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ လူ့အခွင့်အရေး ဆောင်ရွက်နေသူ ဆရာထူးချစ်က သုံးသပ်ပြောဆိုထားပါတယ်။

“ဒီရွေ့ပြောင်းသွားလာ ဒုက္ခသည်တွေအတွက် တစ်စုံတစ်ရာ လုံခြုံရေးအာမခံနိုင်တဲ့ နေရာတော့ရှိရမယ်။ ကျနော်ဆိုလိုချင်တာက လုံခြုံရေးအာမခံတယ်ဆိုတာ လုံခြုံရေးဘဲ အာမခံတာ မဟုတ်ဘူး။ အစောကပြောတဲ့ လမ်းပန်းဆက်သွယ်ရေးဆိုတာတွေ သူတို့ရဲ့ စားရေးသောက်ရေး၊ ကျန်းမာရေး၊ ကလေးတွေရဲ့ ပညာရေးကိစ္စတွေပါ ကျနော်တို့ တစ်စုံတစ်ရာ အေးအေးချမ်းချမ်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့ ကျနော်တို့ နေရာဒေသတစ်ခုကို ကျနော်တို့ ဖန်တီးပေးသင့်တယ်လို့ ကျနော်ထင်တယ်။ အဲ့တာလည်း ကျနော်တို့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တာဝန်ရှိတယ်လို့ ကျနော်ထင်တယ်။ အဲ့ဒီနှစ်ဖက် သူတို့ဟာသူတို့ စကားမပြောချင်တောင်မှဘဲ ဒီကိစ္စကို ကျနော်တို့ မဖြစ်မနေ ကျနော်တို့ လုပ်သင့်တယ်လို့ ကျနော့်အနေနဲ့ရော လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ လူတစ်ယောက်အနေနဲ့တော့ ကျနော် အဲ့လို ကျနော်မြင်တယ်။” လို့ ဆရာထူးချစ် က ပြောပါတယ်။

စစ်ရဲ့ အကျိုးဆက်ကြောင့် မလုံခြုံမှုကို အမျိုးသမီးနဲ့ ကလေးတွေက အများဆုံး တွေ့ကြုံခံစားနေရတယ်ဆိုပေမယ့် လက်နက်ကိုင်ပြီး မတော်လှန်တဲ့ အမျိုးသားတွေမှာလည်း မလုံခြုံမှုကို အမျိုးသမီးနဲ့ ကလေးတွေနည်းတူ တွေ့ကြုံခံစားနေကြရတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးမှ အတွင်းရေးမှူး – ၂ မော်ဖရေမြာက ပြောပါတယ်။

“အမျိုးသားဆိုလို့ရှိရင်လည်း အမျိုးသမီးနည်းတူပါပဲ။ သူတို့ စစ်ကောင်စီက တက်လာမှာကို လူသားဒိုင်းအဖြစ် သုံးမှာကို ပေါ်တာဆွဲမှာကို ကြောက်တာမျိုးတွေရယ်၊ ပြီးလို့ရှိရင် သူတို့ ရပ်ရွာအတွင်းမှာ လုံခြုံရေးအရ ကိုယ့်ရပ်ကိုယ့်ရွာအတွက် အကာအကွယ်ပေးမှုတွေနဲ့ ရှိတဲ့အနေအထားမျိုးပေါ်မှာ ဆိုလို့ရှိရင်လည်း အစာရေစာပေါ့နော လုံလုံလောက်လောက် မစားရဘူး။ ဆင်းဆင်းရဲရဲနဲ့ သူတို့နေထိုင်ရတယ်။ လုံခြုံမှုယူရတဲ့ အနေအထားကစ အဲ့လိုမျိုး တကွဲတပြားစီ မိသားစုနဲ့ စုံစုံလင်လင် မရှိကြဘူးပေါ့နော ဆိုတော့ စိတ်ဖိစီးမှုတွေလည်း အမျိုးသားတွေမှာလည်း ရှိကြပါတယ်။” လို့ မော်ဖရေမြာက ပြောပါတယ်။

စစ်ကောင်စီဟာ မြေပြင်မှာ ထိခိုက်ကျဆုံးမှု များပြားလာတဲ့အခါ ဝေဟင်ကနေ တိုက်ခိုက်တဲ့ လေကြောင်းကို အဆမတန် အသုံးပြုလာပါတယ်။ တော်လှန်ရေးအင်အားစုတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်တော့ပဲ ရည်ရွယ်ချက်ရှိရှိ အရပ်သားလူထုတွေရှိတဲ့ လူစုဝေးရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်ဆောင်လာပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှုကို အတိအလင်း ကျူးလွန်နေတာ ဖြစ်တဲ့အတွက် နိုင်ငံတကာအနေနဲ့ ရပ်ကြည့်မနေဘဲ အမြန်ဆုံး ကူညီဖြေရှင်းပေးကြဖို့ လိုအပ်တယ်လို့လည်း အရပ်ဖက်အဖွဲ့တွေ တောင်းဆိုထားတာ ရှိသလို မြေပြင်မှာ စစ်ဒဏ်ကို နဖူးတွေ့ဒူးတွေ့ အသက်ဖက်ထုပ် ရှင်သန်နေရတဲ့ လူထုတွေဟာလည်း နိုင်ငံတကာကို ရှင်းလင်းစွာ မသိပေမယ့် နိုင်ငံတကာရဲ့ အကူအညီကိုလည်း ရေရွတ်မျှော်လင့်တောင်းတနေကြရရှာပါတယ်။

၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနဲ့ သက်ဆိုင်မှုမရှိတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ တိုက်ခိုက်ဗုံးကြဲမှုတွေကို ခပ်စိပ်စိပ် လုပ်ဆောင်လာနေတာ ကိုတွေ့ရပါတယ်။ ဧပြီလ ၂၅ ရက်နေ့မှာ ဖယ်ခုံမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ဆောင်းဖွေးကျေးရွာမှ ဆေးရုံလေးကို စစ်ကောင်စီတပ်ကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အရပ်သားတွေ ရှိသလို၊ မွေးကင်းစကလေးငယ်တွေ၊ အမျိုးသမီးတွေ ရှိနေပါတယ်။ အဲ့ဒီနေရာမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်း တစ်ကြိမ်မှ မရှိခဲ့တဲ့အပြင် တော်လှန်ရေးအင်အားစုတွေ နေထိုင်တဲ့နေရာတွေမှာလည်း ရှိမနေပါဘူး။ အရပ်သားပြည်သူတွေသာ နေထိုင်ကြတာပါ။ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်သာမကပဲ တစ်နိုင်ငံလုံးကို ခပ်စိပ်စိပ် လုပ်ဆောင်လာနေပါတယ်။ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကို အတိအလင်း ကျုးလွန်နေတာဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့တွေကလည်း ပြောဆိုထားကြပါတယ်။

အခုလို အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးကတော့

“ကျမတို့ လူထုတွေပဲ နေထိုင်တဲ့နေရာကို ကျေးဇူးပြုပြီးတော့ ပစ်ခတ်တိုက်ခိုက်တာမျိုးကို ရပ်ပေးပါ။ ကျမတို့က စစ်ပွဲကြောင့်နဲ့ပဲ နေရပ်တွေစွန့်ခွာထွက်ပြေးနေကြရပါပြီ။ ခက်ခဲပင်ပန်းစွာနဲ့ ဖြတ်သန်းနေရပါပြီ။ ကျမတို့မှာ ဘာအပြစ်ရှိလို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေရတာလဲ ဆိုတာကိုပါပဲ။”

မတ်လအတွင်း စစ်ကောင်စီတပ် ခေတ္တနေရာယူတပ်စွဲထားတဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါညေးခူကျေးရွာမှ မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသခံလူထုပိုင် မော်တော်ဆိုင်ကယ်များ
ဓါတ်ပုံ – ကေးဒူ ( ကန္တာရဝတီတိုင်း(မ်) )
spot_img
spot_img

Recent posts