spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အရပ်သားပြည်သူ ကာကွယ်ဖို့နဲ့ ကူညီထောက်ပံ့ပေးနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့ထံ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ ပူးတွဲတောင်းဆို

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီက အရပ်သားပြည်သူတွေကို တိုက်လေယာဉ်တွေနဲ့ အလုံးအရင်း တိုက်ခိုက်ခံနေရတဲ့ ရန်ကနေ ကာကွယ်နိုင်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပံ့ပိုးနိုင်ဖို့ ကုလသမဂ္ဂ၊ အာဆီယံ နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့တောင်းဆိုလိုက်ပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့က ပူးတွဲတောင်းဆိုလိုက်တာဖြစ်ပါတယ်။

အခုလို တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ကနေ ပူးတွဲတောင်းဆိုရခြင်းနဲ့ ပတ်သက်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က အခုလိုရှင်းပြ ပါတယ်။

“ဒါကတော့ ကျနော်တို့ အခုလောလောဆယ်ကတော့ ကျနော်တို့ ဘဝတူလေ ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ အဲ့လောက်ပြင်းထန်နေတာလေ။ ချင်းပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ ကျနော်တို့ ကရင်နီပဲဖြစ်ဖြစ် ပေါ့နော။ တိုက်ပွဲပြင်းထန်နေတဲ့ အတွက် ပြည်နယ်တွေထဲမှာ ကျနော်တို့ ပြည်သူလူထုတွေလည်း တော်တော်လေး ဒုက္ခရောက်နေတယ်။ စကစ ကလည်း ကျနော်တို့ ကို လက်နက်ကြီးတွေ၊ အမြောက်တွေ၊ နောက် လေယာဉ် တွေ နဲ့ ပြည်သူလူထုတွေပါ မရှောင်ဘူးပေါ့နော။အဲ့လိုမျိုး လုပ်နေတဲ့အတွက် ဒါတွေကို ကျနော်တို့ အမြန်ဆုံးရပ်တန့်နိုင်ဖို့ အတွက်ပေါ့နော။ ဒီလူသားချင်းစာနာတဲ့ အထောက်အပံ့တွေကို အမြန်ဆုံး ကျနော်တို့ UNအပါအဝင်ပေါ့နော။ နိုင်ငံတကာ အဖွဲ့အစည်းတွေက အမြန်ဆုံးအကောင်အထည်ဖော်သွား ပေးကြဖို့ ဆိုပြီးတော့မှ ကျနော်တို့ လုပ်တာပဲဖြစ်တယ်လေနော။ အဲ့ဒီ သုံးဖွဲ့ကတော့ ကျနော်တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အဖွဲ့တွေပဲကောနော အဲ့တာကြောင့်ပါ။”

ဇန်နဝါရီလ (၁၃)ရက်နေ့မှာ လက်ရှိ အာဆီယံဥက္ကဌနေရာယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန် နဲ့ အထူးသံကိုယ်စားလှယ်တို့အကြား ဆွေးနွေးချက်နဲ့ စပ်လျဉ်းပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံကိုယ်စားလှယ်ရုံးမှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

အထူးသံကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုအကူအညီ အရေးတကြီးပေးပို့နိုင်ရန်အတွက် အထူးသံကိုယ်စားလှယ်မှ အဆိုပြုတဲ့ နိုင်ငံတကာ “လူသားချင်းစာနာထောက်ထားမှုအပြင်” (Humanitarian Plus)ချဉ်းကပ်မှုနည်းလမ်းကို ညွှန်းဆိုထားပါတယ်။

ဒါ့ကြောင့် အာဏာသိမ်းချိန်ကစ နိုင်ငံတစ်ဝှမ်းမှာ မြှင့်တက်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ မြန်မာနိုင်ငံမှာလိုအပ်နေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့အနေနဲ့ အထူးသံကိုယ်စားလှယ်ရဲ့အဆိုပြုချက်ကို တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ပူးတွဲ တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။

တောင်းဆိုချက်ထဲမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးတကြီးလိုအပ်လျက်ရှိတဲ့ နေရာတွေဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းပိုင်းရှိ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ စစ်ကိုင်း နဲ့မကွေးဒေသရှိ ပြည်သူတွေထံ အကူညီများရောက်ရှိစေဖို့ ဆောင်ရွက်ရန်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန်ကို ကြေညာပြီး လိုက်နာမှုရှိစေဖို့ နိုင်ငံတကာကနေ တာဝန်ယူစောင့်ကြပ်ပေးဖို့ နိုင်ငံတကာအာမခံမှုနဲ့ အရပ်သားပြည်သူတွေ အကာအကွယ်ပေးအပ်တဲ့ လုံခြုံတဲ့ သတ်မှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။

စစ်ဘေးရှောင်စခန်းတွေ ဆေးရုံ၊ ဆေးခန်း နဲ့ စာသင်ကျောင်းတွေ နေရာတွေကို တိတိကျကျသတ်မှတ်ပြီး ကြေညာပေးဖို့ နိုင်ငံတကာအတိုင်းအတာဖြင့် ညှိနှိုင်းထားတဲ့ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာစင်္ကြန်တွေ ကြေညာဖို့ အဲဒီနေရာတွေကို နယ်စပ်ဖြတ်ကျော်ပြီး (သို့မဟုတ်) နိုင်ငံတွင်း အဓိကကျတဲ့နေရာကနေတဆင့် သွားရောက်ကူညီပံ့ပိုးပေးနိုင်ဖို့စတဲ့ အချက်တွေကို တောင်းဆိုထားတာဖြစ်ပါတယ်။

spot_img
spot_img