spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အလေးထားသင့်တဲ့ စိတ်ကျန်းမာရေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်မီးပဋိပက္ခကြားမှ ကရင်နီစစ်ရှောင်တွေဟာ စစ်ရှောင်ကာလရှည်ကြာလာတာနဲ့အမျှ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရပြီး စစ်ဒဏ်၊ သဘာဝဘေးဒဏ်အပါအဝင် တခြား အမျိုးမျိုးသော ဒဏ်ကြောင့် ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို အလေးမထားနိုင်ခဲ့ကြပါဘူး။

စိတ်ကျန်းမာရေးဆိုတာ လူတဦးအတွက် နေ့စဉ်ရှင်သန်ရာဘဝမှာ အရေးကြီးဆုံးဖြစ်ပြီး စိတ်ကျန်းမာရေးထိခိုက်ရင် နေ့စဉ် ရှင်သန်ရုန်းကန်နေရတဲ့ လူမှုဘဝတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် လူတဦးမှာ ရုပ်ပိုင်းဆိုင်ရာကျန်းမာသန်စွမ်းဖို့လိုအပ်သလို စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ကလည်း အရေးကြီးပြီး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေဟာ တခုအပေါ်တခု အမှီသဟဲပြုနေကြတာ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်းဖြင့် လူတဦးရဲ့ ဘဝပျော်ရွှင်မှုတွေကို ထောက်ပံ့ပေးနိုင်ပြီး နေ့စဉ်ဘဝလှုပ်ရှားမှုတွေ၊ ထမ်းဆောင်ရမဲ့ တာဝန်ဝတ္တရားတွေ၊ ကြုံလာသမျှ စိတ်အခြေအနေတွေကို ကောင်းစွာစီမံခန့်ခွဲနိုင်သလို ကြံ့ကြံ့ခံနိုင်စေပြီး ရှေ့ဆက်ရမဲ့ဘဝမှာ ဟန်ချက်ညီစွာနဲ့ ဆက်လက်လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ကျမတို့ လူမှုအသိုင်းအဝန်းမှာ စိတ်ကျန်းမာရေးလို့ ပြောလိုက်ရင် “တခုခုလွတ်နေသူ၊ တနေရာမှာ ချွတ်ယွင်းသူ” လို့ ယူဆကြပြီး စိတ်ကျန်းမာရေးကို ကုသဖို့ အလေးမထားကြတာများပါတယ်။ တကယ်တမ်းတော့ ဒါတွေဟာ မှားတဲ့ အယူအဆတွေဖြစ်ပါတယ်။

မည်သူမဆို စိတ်ဖိစီးတာ၊ ဝမ်းနည်းကြေကွဲတာ၊ ဆုံးရှုံးမှုများတာ စတင်ကြုံတွေ့ရဖန် များလာတဲ့အခါ ထိရောက်စွာ စိတ်မနားမပေးဘဲ၊ မကုသဘဲ လျစ်လျူရှုခဲ့ရင် စိတ်ကျန်းမာရေးကို ထိခိုက်စေပြီး စိတ်ဒဏ်ရာ (trauma) ဖြစ်လာနိုင်တယ်လို့ စိတ်ကျန်းမာရေး ကုသပေးသူတွေက ဆိုပါတယ်။

စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းရင်းများ

ဘဘာဝတရားကြောင့်ဖြစ်စေ၊ လူလုပ်သောဘေးကြောင့်ဖြစ်စေ၊ ထုံးတမ်းစဉ်လာကြောင့်ဖြစ်စေ၊ မည်သူမဆို ဘယ်အသက်အရွယ်အပိုင်းအခြားမဆို စိတ်ကျန်းမာရေးကို ထိခိုက်စေပြီး စိတ်ဒဏ်ရာအထိ ဖြစ်နိုင်တယ်လို့ စိတ်ပညာကုသသူတွေဆီကနေ သိရပါတယ်။

စိတ်ကျန်းမာရေးကို ထိခိုက်စေတာတွေကတော့ ရုတ်တရက်ပြောင်းသွားတဲ့ လက်မခံနိုင်တဲ့ဘဝအခြေအနေတွေ၊ ဖြစ်လာသမျှ မခံမရပ်နိုင်တဲ့အခြေအနေတွေ၊ ဝမ်းနည်းကြေကွဲမှုတွေနဲ့ ဆုံးရှုံးမှုတွေကနေ ဖြစ်ပေါ်လာပါတယ်။

အထူးသဖြင့် လက်ရှိစစ်ရှောင်ကာလမှာ မပြေလည်တော့တဲ့ လူမှုရေး နဲ့ စီးပွားရေးတွေ၊ ကလေးဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ (မိဘမဲ့၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာ) ၊ မျိုးရိုးဗီဇရှိတာ နဲ့ ကင်ဆာ၊ ဆီးချို၊ လေဖြတ် စတဲ့ နာတာရှည်ရောဂါတွေကို ခံစားရသူတွေမှာ စိတ်ကျန်းမာရေးပိုမို ထိခိုက်စေနိုင်ပါတယ်။

စိတ်ကျန်းမာ‌ရေး ထိခိုက်ခြင်းကို ပြသတဲ့လက္ခဏာများ

လူတဦးမှာ စိတ်ကျန်းမာရေး စတင်ထိခိုက်လာပြီဆိုရင် မိမိနဂိုကျင်လည်တဲ့ ပတ်ဝန်းကျင်ကနေ ဖယ်ကြဉ်လာတာ၊ သူငယ်ချင်း ၊မိတ်ဆွေ၊ မိသားစုဝင် ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆက်အဆံလုပ်တာ နည်းလာတာ၊ အလွန်အကျွံအိပ်တာနဲ့စားတာ၊ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တာ၊ အရက်ကို နေ့စဉ်မှီဝဲတာတွေ ကို ပြုလုပ်တတ်လာပါတယ်။

အဲဒီကနေတဆင့် တဖြည်းဖြည်းနဲ့ ဆုံးဖြတ်ချက် တခုခုချဖို့ ဝေဝါးလာတာ၊ နေ့စဉ်ဝတ္တရားတွေဖြစ်တဲ့ ပုံမှန်အလုပ်တွေ မလုပ်ဆောင်နိုင်တော့တာ၊ အတိတ်ဆိုးတွေကနေ ရုန်းမထွက်နိုင်တာ၊ အနုတ်ဆောင်တဲ့ ခံစားချက်တွေ များလာတာတွေ ၊ မိမိကိုယ်ကို (ဒါမှမဟုတ်) သူတပါးကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဖို့ တွေးတောလာတာတွေနဲ့ နောက်ဆုံး အပြင်လက်တွေ့မှာ မရှိတဲ့အရာတွေကိုတွေ့မြင်ပြီး မိမိကိုယ်ကိုအဆုံးစီရင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

စိတ်ကျန်းမာရေးထိခိုက်စေခြင်းကနေ စိတ်ဒဏ်ရာဖြစ်လာခြင်း

အဆိုပါ ဖော်ပြထားတဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့အကြောင်းအရာ‌တွေ ခံစားရတာများလာခဲ့ရင် ဖိအားပြင်းတဲ့ စိတ်ခံစားမှုဖြစ်လာပြီး စိတ်ဒဏ်ရာဖြစ်ပေါ်လာစေပါတယ်။ လောကကြီးဟာ နေချင်စရာ လုံခြုံနွေးထွေးတယ်လို့ မခံစားရတော့ဘဲ တချိန်လုံး စိုးရိမ်ပူပန်မှုတွေနဲ့ ထိတ်လန့်မှုတွေကို ဖြစ်စေတတ်ပါတယ်။
စိတ်ဖိစီးမှု၊ ဝမ်းနည်းကြေကွဲမှု၊ ဆုံးရှုံးမှုများ စတင်ကြုံတွေ့ရသောအချိန်မှာ ထိရောက်စွာ ကူညီပံ့ပိုးမှုမရခဲ့ပါလျှင် စိတ်ခံစားမှုဝေဒနာများ ပိုမိုရှုပ်ထွေးလာနိုင်ပါတယ်။

စိတ်ဒဏ်ရာတွေရဲ့နောက်ဆက်တွဲ အကျိုးသက်ရောက်မှု

ကာလတိုကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှု ၊ထိတ်လန့်မှု နဲ့ ရန်လိုမှုတွေဟာ စိတ်ဒဏ်ရာရသူတွေအနေနဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေဆိုပေမဲ့ ပြဿနာ ပဋိပက္ခတွေ လျော့လာတာနဲ့အမျှ ခံစားရတဲ့ စိတ်ဒဏ်ရာတွေ ပျေက်ကွယ်သွားနိုင်ပါတယ်။

သို့ပေမဲ့ ကာလရှည်စိတ်ဒဏ်ရာခံစားနေရသူတွေဟာ အလွန်အမင်းစိတ်ဖိစီးတာ၊ ဒေါသကြီးတာ၊ ဝမ်းနည်းတာ ၊ တချိန်လုံး မိမိကိုယ်ကိုယ် အပြစ်တင်တာ၊ အထီးကျန်တာ၊ ပျော်ရွှင်မှုကို မခံစားနိုင်တာ စတဲ့ အနုတ်သဘောဆောင်တဲ့ အရာတွေ ရေရှည်ခံစားလာနိုင်ပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတနေရာမှာ စိတ်ကျန်းမာရေးဆိုင်ရာ သင်တန်းပို့ချပေးချိန် တွေ့ရစဉ်။

စိတ်ဒဏ်ရာရရှိတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံခဲ့လျှင် လုပ်ဆောင်သင့်သည်များ

ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေစဥ်အချိန်၊ ရင်ဆိုင်ပြီးချိန်တွေမှာ စိတ်ဖိစီးတာ၊ စိုးရိမ်ကြောက်လန့်တာ ၊ ဝမ်းနည်းထိတ်လန့်တာနဲ့ ပူပန်သောကတွေကို ခံစားရတာဟာ ဓမ္မတာဖြစ်ပါတယ်။ သို့ပေမယ့် အဲဒီခံစားမှုတွေ ရေရှည် လျှောက်လှမ်းရမဲ့ ဘဝတလျှောက်မှာ မပါသွားဖို့ မိမိရဲ့စိတ်ကျန်းမာရေးကို ဂရုစိုက်ရမှာဖြစ်ပါတယ်။

စိတ်ထိခိုက်စေနိုင်တဲ့ အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရင် အဲဒီအဖြစ်အပျက်ကို လက်ခံနိုင်ဖို့ မိမိကိုယ်ကို မိမိ အချိန်ပေးရမှာြဖစ်ပါတယ်။ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို သေချာလေ့လာပြီး တူညီတဲ့ အတွေ့အကြုံရှိသူတွေနဲ့ စကားပြောဆိုပြီး မိမိအဖြစ်အပျက်ကို ဆွေးနွေးအကူအညီတောင်းနိုင်ပါတယ်။

တကယ်လို့ မိမိတွေ့ကြုံနေ့ရတဲ့ အဖြစ်အပျက်ကို မေ့ပျောက်နိုင်ဖို့၊ ကုစားနိုင်ဖို့ တယောက်ထဲ သီးသန့် နေဖို့လိုအပ်ရင်လည်း အတိုင်းအတာတခုအထိ တယောက်ထဲသီးသန့်နေပြီး နိစ္စဓူဝလုပ်ဆောင်ရမဲ့ အလုပ်တွေကိုတော့ အပျက်မကွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မိမိခံစားရတဲ့ စိတ်ဒဏ်ရာဟာ နေ့စဉ်လုပ်ငန်းတွေ မလုပ်ကိုင်ချင်လောက်အောင် ဖြစ်နေပြီဆိုရင် မိမိရဲ့ အပေါင်းအသင်းမိတ်ဆွေ၊ မိသားစုဝင် ၊ ယုံကြည်ရတဲ့သူတွေကို ရင်ဖွင့် ပြောဆိုတာကလည်း စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို သက်သာစေပါတယ်။

စစ်ရေးပဋိပက္ခရှည်ကြာပြီဖြစ်တဲ့ ကရင်နီပြည်မှာ နေ့စဉ် စစ်မီးဒဏ်တွေကြား ရုန်းကန်ရှင်သန်နေရတဲ့ ကရင်နီစစ်ရှောင်တွေအဖို့ စိတ်ဒဏ်ရာရရှိမှုဟာ အားလုံးနီးပါး အနည်းအများ ခံစားနေကြရတယ်လို့ မြေပြင်စိတ်ကျန်းမာရေး ကုသပေးနေသူတွေထံကနေသိရပါတယ်။

ဒါကြောင့် စိတ်ကျန်းမာရေးတခုခုခံစားနေရပြီလို့ မိမိကိုယ်မိမိ သံသယတစုံတရာရှိခဲ့ရင် မိမိပတ်ဝန်းကျင်မှာရှိတဲ့ စိတ်ဒဏ်ရာကုသပေးနေတဲ့ အဖွဲ့အစည်းတွေ၊ ယုံကြည်ရတဲ့သူတွေဆီကို ရင်ဖွင့်ပြီး မိမိစိတ်ကျန်းမာရေးကောင်းမွန်ဖို့ အလေးထားရမှာဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်ရှင်…..

ကိုးကား – NUG MOH , စိတ်ပိုင်းဆိုင်ရာကူညီပေးသူ Phyu Phyu Ko(ထင်းရှုးတော) အင်တာဗျူး

spot_img
spot_img

Recent posts