spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အလှူငွေရရှိမှု နည်းပါးလာတဲ့အတွက် CDM ဝန်ထမ်းတွေကို လိုအပ်တဲ့ အထောက်အပံ့တွေကို ပေးဖို့ခက်ခဲနေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်က CDM ဝန်ထမ်းတွေကို လိုအပ်တဲ့ အထောက်အပံ့တွေကို ယခင်က အနည်းကျဉ်းထောက်ပံ့နိုင်ပေမဲ့ အလှူငွေရရှိမှုနည်းပါးတဲ့အတွက် လက်ရှိမှာ ထောက်ပံ့ပေးဖို့ အခက်အခဲရှိလာတယ်လို့ Job For Kayah ( JFK ) admin တစ်ဦးက ပြောပါတယ်။

CDMဝန်ထမ်းတွေကို ငွေကြေးအနည်းငယ် ပံ့ပိုးမှုအပြင် ဒီနောက်ပိုင်းမှာတော့ စစ်ရှောင်အရေး၊ တပ်ရင်း ရိက္ခာ လက်နက်ခဲယမ်းရရှိရေးလည်း လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

“ရန်ပုံငွေတွေမလုံလောက်လို့ အကုန်မပေးနိုင်ပဲ ရပ်ထားတာပါဗျ။ ဇွန်လကနေ ဩဂုတ်လထိ ကျနော်တို့ ခွဲဝေကူပေးတယ်။ စာရင်းလာပေးတဲ့သူအကုန်တောင် မရကြဘူးပေါ့နော။ အဓိကတော့ ရရှိထားတဲ့ရန်ပုံငွေထက် လူဦးရေက များနေလို့ပေါ့ မျိုးစုံပေါ့နော်။ ကျနော်တို့က ကူတဲ့ကဏ္ဍ
တွေများတော့ ခွဲပြီးကူရတာပေါ့နော။ ရလာတဲ့အလှူငွေတွေကိုတစ်နေရာထဲမသုံးဘဲ ဥပမာ အကူညီလာတောင်းတဲ့ စစ်ရှောင်camp (စခန်း) တွေကို ရိက္ခာ၊ဆေးဝါး၊စာရေးကိရိယာ လိုအပ်တာတွေအကုန်ပေါ့နော ကူပေးရတာ။ နောက် တပ်ရင်းတပ်ဖွဲ့တွေအတွက် ရိက္ခာ၊ကျည် အစုံပေါ့နော်။ ကျနော်တို့နိုင်တဲ့ဘက်ကနေ လိုအပ်တဲ့နေရာတွေကိုကူပေးနေရတော့ CDM တွေ တခုထဲကိုပဲအကုန်မကူပေးနိုင်နေတာပါဗျ။” လို့ သူက ပြောပါတယ်။

ဒေသတွင်းမှာ စစ်ကောင်စီနဲ့ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပိုမိုပြင်းထန်လာနေသလို ပြည်သူတွေဟာလည်း စီးပွားရေး၊ စားဝတ်နေရေး ပိုမိုကျပ်တည်းလာတဲ့အတွက် ယခင်ကထက် အလှူငွေရရှိမှုဟာလည်း သိသိသာသာကျဆင်းလာတာဖြစ်တယ်လို့ ဆိုပါတယ်။

ယခင်က အဖွဲ့အစည်းတချို့ကနေ အထောက်အပံ့တစ်ကြိမ်၊ နှစ်ကြိမ် ရရှိသူတွေလည်းရှိသလို ဘာအထောက်အပံ့မှ မရရှိတဲ့ CDM ဝန်ထမ်းတွေလည်း ရှိနေပါတယ်။ အလှူရှင်တွေဆီကနေ အထောက်အပံ့တွေလည်း မရရှိသလို လစာဝင်ငွေလည်းမရှိတော့တဲ့အတွက် ရေရှည်စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ CDM ဝန်ထမ်းတွေက ပြောကြပါတယ်။

“CDM လုပ်လာကတည်းက စိန်ခေါ်မှုများစွာ ကြုံခဲ့ရတယ်။လုံခြုံရေးအရ ပထမဦးစားပေး လုံခြုံတဲ့နေရာမှာ သွားနေရတယ်။ စကစ (စစ်ကောင်စီ)လိုက်တာလည်း ခံရတယ်။အနောက်ဘက်ခြမ်း ( ဒီးမော့ဆို အနောက်ဘက်ခြမ်း ) ရောက်လာတော့ လုံခြုံမှုရှိလာပေမယ့် စားဝတ်နေရေးခက်ခဲရပြန်ရော။ နေစရာမရှိလို့ ဟိုဟိုဒီဒီလိုက်နေရင်းကနေ အစားအသောက်လည်း အလှူရှင်ပေးပို့လာတာပဲ။ မှီခိုနေရတာပေါ့လေ။ အခုဆိုရင် ပုံမှန် CDM လုပ်နေကြသူတွေဟာ ဝင်ငွေမရှိ၊ တခြားအလုပ်တွေလည်း မခန့်၊ ရုံးပိုင်ဆိုင်ရာခေါ်တာရှိရင်တောင် လုံခြုံရေးပိုင်း စိုးရိမ်ရလို့ မလျှောက်လိုက်ရတာတွေ အခက်အခဲအများကြီးရှိနေတယ်။” လို့ CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

CDM ပြုလုပ်ပြီးအစိုးရဝန်ထမ်းတွေကို စစ်ကောင်စီကနေ အလုပ်ထုတ်ပြီး တရားစွဲတာတွေ၊ ဖမ်းဆီးထောင်ချတာတွေရှိနေတဲ့အပြင် ပြင်ပနိုင်ငံသွားရောက် အလုပ်လုပ်ကိုင်ဖို့ ပိတ်ပင်ခံရသူတွေရှိနေတာကြောင့် ရေရှည်စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ဖို့ အလုပ်အကိုင် အခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ဝန်ထမ်းတစ်ဦးကတော့ CDM ပြုလုပ်တဲ့အတွက် ဝန်ထမ်းဥပဒေနဲ့ တရားစွဲဆိုခံရပြီး တိမ်းရှောင်နေရပါတယ်။ လက်ရှိစစ်ရှောင်စခန်းတစ်ခုမှာ စားဝတ်နေရေးအတွက် စျေးရောင်းပြီး စားဝတ်နေရေးကိုဖြေရှင်းနေပေမယ့် လက်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) တို့အနေနဲ့ ကဏ္ဍပေါင်းစုံက CDMဝန်ထမ်းတွေကို အကူအညီပေးဖို့ သူက တောင်းဆိုထားပါတယ်။

“၂ ဖက်စလုံးကိုတော့ အားမရတာအမှန်ပါပဲဗျ။ ထောက်ပံ့ကြေးဆိုတာထက် CDM ဝန်ထမ်းတွေအပေါ် ခေါ်ယူဆွေးနွေးပြီး အခက်ခဲတွေကို အကုန်မဟုတ်ရင်တောင် အနည်းငယ် ကူပေးမယ် နောက် CDM တွေကိုမမေ့ဖို့ရယ် CDM တွေအတွက်ရည်ရွယ်ပြီး တခုခုလုပ်ပေးတယ် ဒီလိုအစီအစဉ်တွေလုပ်ပေးရင်တောင် CDM တွေကဝမ်းသာကြမှာပါဗျ။ ဖိတ်ခေါ်ချင်တာပေါ့ဗျာ အခုဆို တွေ့နေရတာက ကျောင်းတွေပြန်တက်ကြတယ် ရုံးတွေပြန်တက်ကြတယ်မြင်ရတာတွေက တောထဲရောက်နေတဲ့ လူငယ်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်။” လို့ သူက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်တဲ့ အကြမ်းမဖက် အာဏာရှင်ဖီဆန်တဲ့ လူထုလှုပ်ရှားမှုသပိတ် ( CDM ) ကို ဌာနဆိုင်ရာ အသီးသီးက အစိုးရဝန်ထမ်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ Job For Kayah ( JFK ) ရရှိထားတဲ့အချက်အလက်အရ ကရင်နီပြည်တွင်းမှာ လက်ရှိအချိန်အထိ CDM ကိုပြုလုပ်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်း ၆ထောင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts