spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အလှူရှင်ကိုသာ အဓိကမှီခိုနေရတဲ့ ဖယ်ခုံစစ်ရှောင်တွေဆီ ရိက္ခာသယ်ပို့ဖို့ ခက်ခဲလာ၊ စစ်ရှောင်တွေ ရိက္ခာပြတ်လပ်မှာကို စိုးရိမ်နေကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းမှာ စစ်ရှောင်နေကြရတဲ့ သူတွေဟာ အလှူရှင်ထောက်ပံ့မှုကိုသာ အဓိက မှီခိုနေကြရတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ရှောင်ကူညီသူ အလှူရှင်တွေဆီကနေ တစ်လတစ်ခါ ဆန်ရိက္ခာ ထောက်ပံ့မှုရပြီး လုံလောက်အောင် စားနေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေကို အလှူရှင်တွေကနေပြီး တစ်လတစ်ခါ၊ နှစ်လတစ်ခါ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားတွေကို ထောက်ပံ့ပေးနေတာဖြစ်ပြီး လက်ရှိမှာ ရိက္ခာသယ်ဖို့ လမ်းကြောင်းခက်ခဲတာတွေ ရှိလာတယ်လို့ ဖယ်ခုံမြို့နယ် စစ်ရှောင်အရေးကူညီလှုပ်ရှားနေသူ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

“သူတို့(အလှူရှင်) ကိုယ်တိုင်က ပြောလာတယ်လေ သယ်ယူတဲ့ လမ်းကြောင်းက အခက်အခဲရှိတယ်လို့ သူတို့(အလှူရှင်) က ပြောလာတော့ ဒီတစ်လတော့ မဝေသေးဘူး။ တခြား ရတဲ့ရွာတော့ရှိတယ်။ မရတဲ့ရွာ လည်းရှိတယ်။ လာဝေပေးတဲ့ အဖွဲ့အစည်းတွေက လမ်းကြောင်းက အခက်အခဲရှိတယ်တဲ့ အဲလိုပြောတယ်။” လို့ အဆိုပါ အမျိုးသားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပြပါတယ်။

စစ်ဘေးရှောင်လူထုတွေဟာ စစ်ရှောင်ကာလကြာလာနဲ့အမျှ ရိက္ခာ ပြတ်လပ်မှာကို စိုးရိမ်နေကြပါတယ်။ မိုးဗြဲ နဲ့ ဖယ်ခုံ အရှေ့ဖက်ကမ်းက လူထုတွေ အများစု စစ်ရှောင်နေကြတာဖြစ်ပြီး ၂ နှစ်နီးပါး စစ်ရှောင်နေကြရပြီ ဖြစ်ပါတယ်။

ဓတ်ပုံ – ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်လူထုများ ( ပုံဟောင်းအသုံးပြုခြင်း ဖြစ်သည်။)

၂၀၂၁ခုနှစ် မေလ (၂၃)ရက်နေ့ကတည်းကနေ လက်ရှိအချိန်ထိ ဖယ်ခုံအနောက်ဖက်ခြမ်း စစ်ရှောင်တစ်နေရာမှာ စစ်ရှောင်နေတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးကတော့ မသန်စွမ်းသားတစ်ယောက်အပါအဝင် မိသားစုဝင် ၈ ဦးရှိပြီး အလှူရှင်ကိုသာမှီခိုနေရတဲ့အတွက် ထောက်ပံ့မှုမရရင် အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။

“ဆန်က မရရင်တော့ ဘယ်လိုလုပ်မလဲဆို အဓိက ထောက်ပံ့ကြေးရမှပေါ့။ မရရင်တော့ ငတ်မှာပေါ့။ ဒီဖက်မှာလည်း စပါးစိုက်တာမရဘူးလေ။ ပိုးထိုး တယ်လေ။ ပြောင်းတို့ နည်းနည်းပါးပါးပဲရတယ်လေ။ ဒေသခံလည်း ဆန်ဝယ်စားတယ်။ လယ်မှ မရှိတာ။” လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖယ်ခုံအနောက်ဖက်ခြမ်းမှာဆိုရင် ဘောရန်ကျေးရွာ နဲ့ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ တောင်စလုံး၊ မြောက်စလုံးကျေးရွာက လူထုတွေ ထပ်မံစစ်ရှောင်လာတာတွေ ရှိနေပြီး ၂ လ နီးပါးရှိနေပြီ ဖြစ်ပါတယ်။

တောင်စလုံးရွာကနေ ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်တစ်နေရာကို ၂ လ စစ်ရှောင်လာပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးကတော့ လက်ရှိစာသင်ကျောင်းတစ်ခုမှာ နေထိုင်နေပြီး စစ်ရှောင်တွေ ဝိုင်းဝန်းချက်စားကြရတဲ့အတွက် ကုန်စိမ်းတွေ ပြတ်လပ်တာတွေရှိတယ်လို့ ဆိုပါတယ်။

“ ကျမတို့ အခုကတည်းက အရမ်းခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘာဝင်ငွေမှမရှိဘူး။ ဥပမာ – အခုဆို ဆီ၊ ဆား၊ ဆန်တို့ရှိသေးတဲ့အချိန်မှာ ဘာတွေ ခက်ခဲလဲဆိုရင် ဟင်းသီးဟင်းရွက် ကုန်စိမ်းတို့ဆို ဘယ်အဖွဲ့အစည်းမှ မထောက်ပံ့ပေးဘူးပေါ့။ ကူညီတဲ့အဖွဲ့ဆိုလည်း လကုန် ခါနီး အဲလိုသူတို့ ကူညီတယ်မလာ။ လဝက် လလယ် အဲလို သူတို့ ကူညီတယ်မလာ။ အဲလိုမျိုးဆို လကုန်ကျော်ပြီးဆိုတော့ နည်းနည်းပြတ်တယ်။ ဥပမာ – တစ်ရက်နေ့ ၊ နှစ်ရက်နေ့ ဆယ်ရက်နေ့အထိ အဲလိုမျိုးပေါ့။ ကိုယ့်ကိုယ် ပိုက်ဆံ တစ်ယောက် တစ်ထောင် ၊ နှစ်ထောင် စုပြီးတော့မှ ဝယ်စားကြတယ်။ အဲလိုမျိုးပေါ့။ ဆန်တော့ ရွာကနေ သယ်လာတဲ့ဆန် နည်းနည်းကျန်တယ်။ သူများလာလှူတဲ့ ဆန်နဲ့ ပေါင်းချက်ကြတယ်။ အဲလိုမျိုးပေါ့။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

စစ်ရှောင်တွေဟာ နီးစပ်ရာ ဆွေမျိုးတွေနေအိမ်မှာ တဲထိုးနေထိုင်ကြတာရှိသလို စစ်ရှောင်စခန်းပုံစံ နေထိုင်ကြတာလည်း ရှိပါတယ်။ လက်ရှိမှာ နွေရာသီဖြစ်တဲ့အတွက် ရေရှားပါးတဲ့ ပြဿနာလည်းကြုံနေရပြီး ရေဝယ် နေကြရတာတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။

မိုးကာတဲတွေနဲ့ နေထိုင်နေကြတဲ့ စစ်ရှောင်တွေဆိုရင်လည်း ကာလကြာလာတဲ့အမျှ မိုးကာတွေ လဲလှယ်ဖို့ လိုအပ်နေကြတာတွေလည်း ရှိနေပါတယ်။ လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းမှာဆိုရင် စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ရှောင်တွေ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

ဓတ်ပုံ – ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်လူထုများ ( ပုံဟောင်းအသုံးပြုခြင်း ဖြစ်သည်။)

စစ်ဘေးရှောင်လူထုတွေအများစုကတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြပြီး ဖယ်ခုံအနောက်ဖက်ခြမ်းမှာဆိုရင် ဧပြီလ ၄ ရက်နေ့အထိ စစ်ရှောင် တစ်သောင်းငါးရာခြောက်ဆယ်အထိ ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီလှုပ်ရှားသူဆီကနေ သိရှိရပါတယ်။

spot_img
spot_img

Recent posts