spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“အလှူရှင်တွေနဲ့ ဝမ်းစာရှင်းနေတဲ့ ကရင်နီစစ်ရှောင်တွေအတွက် ရေရှည်ရပ်တည်မှု လိုအပ်ချက်”

Author

Date

Category

မော်ဦးမြာ/ကန္တာရဝတီတိုင်း(မ်)

စစ်ဘေးကြောင့် တိမ်းရှောင်နေရတဲ့ ကရင်နီစစ်ဘေးရှောင်တွေဟာ အလှူရှင်တွေရဲ့ အကူအညီတွေနဲ့ ဝမ်းစာဖြေရှင်းလာတာ ၂၀၂၄ ခုနှစ် မေလနှောင်းပိုင်းဆို ၃ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ စစ်ဘေးတိမ်းရှောင်ရတဲ့ ကာလ ကြာမြင့်လာတာနဲ့အမျှ အလှူရှင်တွေ ထောက်ပံ့မှုအားလည်း နည်းပါးလာပါတယ်။ အလှူရှင်တွေကိုယ်တိုင်မှာလည်း တစ်နိုင်တစ်ပိုင် လှူဒါန်းနေကြတာကြောင့်ပါ။

အနည်းငယ်သော စစ်ဘေးရှောင်မိသားစုတွေဟာ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မိသားစုဝင်တွေ ရှိနေပေမယ့် အများစုကတော့ အလှူရှင်တွေကိုသာ မျှော်ကိုးနေကြတာပါ။ ပြည်ပနိုင်ငံကို ရောက်ရှိသွားသူတွေဟာလည်း မိသားစုတစ်ခုတည်းကို မဟုတ်ဘဲ နိုင်ရာဝန်ထမ်းပြီး လိုအပ်ချက်ရှိနေတဲ့ စစ်ဘေးရှောင်တွေအတွက် ကူညီဆောင်ရွက်နေကြပါတယ်။

ကရင်နီစစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အလှူရှင်တွေဟာလည်း ပုံစံမျိုးစုံ ရှိနေကြပါတယ်။ တသီးပုဂ္ဂလ ဖြစ်စေ၊ အစုအဖွဲ့ငယ်လေး ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဖြစ်စေ နိုင်ရာဝန်ကို ထမ်းပြီး ကူညီဆောင်ရွက်နေကြပါတယ်။ စစ်ဘေးရှောင်ကာလ ရှည်ကြာလာတာနဲ့အမျှ ပံ့ပိုးနိုင်မှု လျော့နည်းလာတာကြောင့် ယခင်ကထက် စစ်ဘေးရှောင်တွေကို ကူညီပံ့ပိုးနိုင်မှု လျော့ကျသွားတယ်လို့ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ပေးနေသူတွေက ပြောလာပါတယ်။

“အခုကာလက စစ်ရှောင်တွေက တပြည်နယ်လုံးလေ၊ ပြီးရင် အလှူရှင်တွေကလည်း သူတို့မှာလည်း သူတို့အခက်အခဲတွေ ရှိလာတော့ ကျနော်တို့လည်း ခက်ခဲလာတယ်။ ရှိတာလေး၊ တတ်နိုင်တာလေးနဲ့ ဝိုင်းဝန်းပြီးတော့ အမှန်တကယ်လိုအပ်တဲ့သူတွေကို ပေးတာလည်း အရင်ကထက် အဆပေါင်းများစွာ လျော့နည်းလာတယ်။ သူတို့အတွက် ရေရှည်ရပ်တည်လို့ရနိုင်မယ့် နည်းလမ်းရှိရင်တော့ အကောင်းဆုံးပါ။ အဓိကက စားနပ်ရိက္ခာလေးပေါ့။” လို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်တွင်းမှာရှိတဲ့ စစ်ရှောင်စခန်းက ပြည်သူတွေရဲ့ နေထိုင်မှုတချို့။

စစ်ဘေးရှောင်လူထုတွေကတော့ မိမိတို့ ရောက်ရှိတဲ့နေရာမှာ လူထုကနေလူထုကို အချင်းချင်း ပြန်လည်မျှဝေရင်း အခက်အခဲတွေကို ဖြေရှင်းကြရတာလည်း ရှိပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်တိမ်းရှောင်နေရတဲ့နေရာဒေသမှာ စိုက်ပျိုး၊ မွေးမြူ ရေး လုပ်ဆောင်လို့ရသမျှ ရတဲ့နည်းနဲ့ ဆောင်ရွက်နေကြသူတွေ ရှိသလို တချို့သော နေရာဒေသတွေမှာတော့ ဘာကိုမှ လုပ်ကိုင်ဆောင်ရွက်လို့မရတဲ့ အနေအထားမှာရှိနေပါတယ်။ ဒီလိုနေရာဒေသက စစ်ဘေးရှောင်တွေကတော့ အကူအညီကို ပိုပြီးမျှော်လင့်နေကြပါတယ်။  

တိုက်ပွဲကြောင့် ကရင်နီပြည်နဲ့ ကရင်နီ-ရှမ်းနယ်စပ် မှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ လူဦးရေ ၃ သိန်းကျော်အထိ ရှိလာတယ်လို့  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စာရင်းအရ သိရှိရပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာတော့ လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) က မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လူဦးရေ သုံးသိန်းကျော်ကျော်သာ ရှိတဲ့ ကရင်နီပြည်မှာ တစ်ပြည်နယ်လုံး စစ်ဘေးတိမ်းရှောင်နေရသလို နယ်စပ်ပြည်နယ်တွေဟာလည်း စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ပြည်နယ်တွင်းကို ကုန်သွယ်စီးဆင်းနိုင်မှုတွေ ပိတ်ဆို့သွားပါတယ်။

ကရင်နီပြည်ရဲ့ လတ်တလောအခြေအနေမှာတော့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်၊ ကရင် အသီးသီးဟာလည်း စစ်ရေးအခြေအနေတွေ ပိုမိုပြင်းထန်လာတာကြောင့် ကရင်နီပြည်အနေနဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးတွေကို ဖြေရှင်းနိုင်ဖို့ နယ်နိမိတ်ထိစပ်တဲ့ ထိုင်းနိုင်ငံကိုသာ မျှော်လင့်ဖို့ ဖြစ်လာပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က  လုံခြုံရေး၊ စီးပွားရေးနဲ့ ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပဏာမခြေလှမ်းတွေနဲ့ပတ်သက်ပြီး အမေရိကန်ကို ရောက်ရှိကာ ဘလင်ကင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး ထောက်ခံကူညီပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးချက်ကို အမေရိကန်က အသိအမှတ်ပြုထောက်ခံတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီကို မြန်မာ့ကြက်ခြေနီအသင်းနဲ့သာ ဆက်လက်ပူးပေါင်းလုပ်ဆောင်နေရင် အကူအညီတွေက အမှန်တကယ်လိုအပ်နေတဲ့ စစ်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ အရပ်သားတွေဆီကို မရောက်ရှိနိုင်တာကြောင့် အမှန်တကယ် အကူအညီလိုအပ်နေတဲ့ လူတစ်ဦးချင်းနဲ့ အဖွဲ့များထံ အကူအညီရောက်စေရေးအတွက် အမေရိကန်ကလည်း ထိုင်းအစိုးရနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။

“ထိုင်းနိုင်ငံသည် မြန်မာနှင့် နယ်နိမိတ် ၂,၄၀၀ ကီလိုမီတာထိစပ်နေပြီး ၁၉၈၀ ခုနှစ်များ အလယ်လောက် ကတည်းက ယာယီခိုလှုံရေးစခန်း ၉ ခုတွင် မြန်မာဒုက္ခသည် ၉၀,၀၀၀ ထက် မနည်းကို လက်ခံထားသည်။ တာ့ခ်နှင့် မဲဟောင်ဆောင်ပြည်နယ်များသည် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်းသို့ အဓိကဝင်ရောက်ခိုလှုံရာဖြစ်လာပြီး ထိုင်းအစိုးရကမူ ယာယီခိုလှုံရေးစခန်းများကို အကန့်အသတ်ဖြင့်သာ ထောက်ပံ့ပေးထားသည်။ ယခင်က ပုဂ္ဂလိက လှူဒါန်းမှုအထောက်အပံ့များ ရှိသော်လည်း ထိုင်းအစိုးရက ဒုက္ခသည်များ နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းခြင်းကို တားမြစ်ပြီး နေရပ်ပြန်ရန်သာ တွန်းအားပေးခဲ့သည်။” လို့ NP News ရဲ့ မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ ထိုင်းအစိုးရအဆိုပြုသည့် လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြန်လမ်း၏ အလားအလာ (ဘာသာပြန်ဆောင်းပါး) မှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံရှိ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၉.၇ သန်းဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေတယ်လို့ UNICF Myanmar က ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ၎င်းတို့ရဲ့ ဖေ့ဘုတ်လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာလည်း လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနကို စက်တင်ဘာလ ၇ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်ပြီး စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်တဲ့ အစီအစဉ်တွေလည်း ရှိနေပါတယ်။

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ လက်လှမ်းမီသမျှသော အခြေအနေအရ CTER ၊ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအသင်း ၊ ကညားမော်ဖောင်ဒေးရှင်း၊ ကယားလီဖုလူငယ်၊ KHAI၊ ပြည်ကံ့ကော်၊ ကမ်းလက်၊ Clean Yangon ၊ News Light in Karenni ၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကော်မတီ ၊ Karenni Hope ၊ DoveKK၊ Freelance Volunteer Myanmar ၊ အမျိုးသမီး အသင်းအဖွဲ့များ စတဲ့အဖွဲ့အစည်း အသီးသီးတွေအပြင် တခြားသော ကိုယ်ထူကိုယ်ထ ပရဟိတလုပ်ငန်းများ အနေနဲ့သော်လည်းကောင်း တသီးပုဂ္ဂလ အနေနဲ့သော်လည်းကောင်း စစ်ဘေးရှောင်တွေရဲ့ အရေးကိစ္စအဝဝကို နိုင်ရာကဏ္ဍကနေ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလတွေလည်း ရှိနေပါတယ်။

စစ်ဘေးရှောင်ကာလ ရှည်ကြာလာတာနဲ့အမျှ စုဆောင်းသိုလှောင်ထားတဲ့ မိသားစုပိုင် စားနပ်ရိက္ခာတွေ တဖြည်းဖြည်း ကုန်ဆုံးလာတာ၊ စားဝတ်နေရေး မပြေလည်ဖြစ်လာတာ၊ ရှာဖွေလုပ်ကိုင်စားသောက်ဖို့ လုပ်ငန်းတွေ မရှိတာတွေကြောင့် ကရင်နီလူထုတွေဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပိုမိုမျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်သူတွေကတော့ အလှူရှင်မရောက်တာ ၆ လကျော် ရှိနေပြီဖြစ်ပြီး စစ်ဘေးရှောင်လူထုတွေ သူတို့စုဆောင်းထားတဲ့ ရိက္ခာတွေနဲ့ စားဝတ်နေရေးကို ချွေတာဖြေရှင်းနေကြရပြီး စစ်ရှောင်စခန်းက တာဝန်ရှိသူတွေအနေနဲ့ အရေးပေါ် လိုအပ်တဲ့ မိသားစုတွေကို ယခင်က သိုလှောင်ထားတဲ့ စပါးတွေကို ကြိတ်ပြီး မျှဝေခြင်းဖြင့် ဖြေရှင်းနေတာကြောင့် စပါးတွေလည်း နည်းပါးလာပြီဖြစ်တယ်လို့ စစ်ရှောင်စခန်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“တခြားစားသောက်ကုန်တွေတော့ အရမ်းပြတ်လပ်နေကြတဲ့ အခြေအနေပေါ့။ အလှူရှင်ဖက်က မရတာတော့ နှစ်ဝက်ကျော်လောက် ရှိပြီ။ အဓိက ကတော့ ကုန်ခြောက်တို့၊ ကုန်ဈေးနူန်းတွေလည်း အရမ်းမြင့်တက်လာတာတွေကြောင့် စစ်ရှောင်တွေ ပိုခက်ခဲလာတွေရှိတယ်။ ကျမတို့ အနောက်ဖက်ခြမ်းက စစ်ရှောင်တွေက တောင်ယာတွေ ဘာတွေလည်း လုပ်စားလို့မရဘူးကော။ တခြားဝင်ငွေလည်းမရှိကြတဲ့လူတွေ များတယ်။” လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုရဲ့ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက သူတို့ရင်ဆိုင်နေရတဲ့ လက်ရှိအခြေအနေကို ပြောပြပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေဟာလည်း ထိုင်းနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ကူညီမှုတွေကို အကောင်အထည်ဖော်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ ပြောဆိုထားပါတယ်။

နယ်စပ်ဖြတ်ကျော်ကူညီမှုကသာ ကရင်နီလူထုဘဝရဲ့ လူသားချင်းစာနာထောက်ထားမှုကို ဖြေရှင်းနိုင်မဲ့ အကောင်းဆုံးသောနည်းလမ်းနဲ့ အဓိက ကျတဲ့ လမ်းကြောင်းဖြစ်တယ်လို့လည်း IEC ရဲ့ အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

“လက်ရှိကရင်နီပြည်နယ်ရဲ့ စစ်ဘေးရှောင်အရေးထွက်ပေါက်ကတော့ နောက်ဆုံးကတော့ ကျနော်တို့ နယ်စပ်ဖြတ်ကျော်တဲ့ အကူအညီဘဲပြောပြောပေါ့နော။ အဲ့ဒီကနေတဆင့် အကောင်းဆုံးရလဒ် လမ်းကြောင်းတစ်ခုဘဲ ဖြစ်သွားမှာပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိတဲ့အတိုင်းဘဲ ကျနော်တို့ရဲ့ ကရင်နီပြည်နယ်နဲ့ ထိစပ်နေတဲ့ ရှမ်းဖြစ်စေ၊ ကရင်ဖြစ်စေ အဲ့ဒီဘက်ခြမ်းမှာ ကျနော်တို့ ဝင်ပေါက်ထွက်ပေါက်တွေကတော့ အခုမှ မဟုတ်ဘူး အရင်ကတည်းက တော်တော်လေး ကြပ်တည်းမှုရှိတယ်။ အခုဆို ပိုဆိုးလာတယ်ပေါ့နော။ အဲ့ဒါကြောင့်မို့လို့ ဒီထိုင်းနိုင်ငံကနေ ဝင်ရောက်လာချေရှိတဲ့ အကူအညီက အက္ခရာအကျဆုံး ဖြစ်ပါလိမ့်မယ်။ ဒီဟာကတော့ ကျနော်တို့အတွက် တကယ်ကို အရေးကြီးတဲ့ အချက်အချာကျသော ကျနော်တို့ရဲ့ ထိုင်းနိုင်ငံကြီးဘဲ ဖြစ်တာပေါ့။” လို့ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ 

IEC အနေနဲ့ စတင်ဖွဲ့စည်းပြီးတဲ့အချိန်ကစပြီး ယနေ့အချိန်အထိ ကရင်နီပြည်က စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်ပြီး မည်သည့်အစိုးရတွေဆီကမှ တရားဝင် အကူအညီ မရရှိဖူးသေးဘူးလို့လည်း ဦးဗညားက ဆက်ပြောပါတယ်။

မယ်စဲ့မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတစ်နေရာမှာလည်း ရွာသစ်မြို့နဲ့ ဖားဆောင်းမြို့တွင်းက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာပြီး စားနပ်ရိက္ခာလိုအပ်ချက်ပိုရှိလာတယ်လို့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အဆင်ပြေအောင်တော့ ကူပေးရတယ်ဆရာမ ရှိတဲ့ဟာတွေနဲ့ပေါ့။ အလှူရှင်လဲနည်းသွားပြီ။ ဆီမရကြတာ တစ်လကျော်ပြီ လိုအပ်ချက် ရှိတယ်။” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ မယ်စဲ့မြို့နယ်အတွင်းကို တိမ်းရှောင်နေကြရသူတွေမှာတောင် ခက်ခဲတဲ့ စားနပ်ရိက္ခာလုံလောက်မှုပြသနာက ရှိနေဆဲ ဖြစ်ပါတယ်။

ကရင်နီပြည်တွင်းမှာရှိတဲ့ စစ်ရှောင်စခန်းက ပြည်သူတွေရဲ့ နေထိုင်မှုတချို့။

ထိုင်းနိုင်ငံဖက်ကလည်း အစိုးရ၊ လွှတ်တော်၊ စစ်တပ်ရဲ့ ကဏ္ဍအသီးသီးရဲ့ ဆုံးဖြတ်ချက်ကို ရယူဖို့ လိုအပ်တာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း နယ်စပ်ဖြတ်ကျော်ကူညီမှုတွေကို တရားဝင်လက်ခံရရှိနိုင်ဖို့ သက်ဆိုင်ရာအသီးသီးကို တရားဝင်တွေ့ဆုံညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေးကို အဖြေရှာဖို့ လိုအပ်တယ်လို့ ရှေ့ပြေးအသံအဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာ က သုံးသပ်ပြောဆိုထားပါတယ်။

“ကျမ မြင်တာက တရားဝင် ပူးပေါင်းဆောင်ရွက်ခွင့်ရဖို့အတွက်ကို တော်လှန်ရေးအင်အားစုတွေ ဖက်ကနေပြီးတော့မှ ထိုင်းလွတ်တော်၊ ထိုင်းအစိုးရ၊ ထိုင်းစစ်တပ်၊ ပြီးလို့ရှိရင် ထိုင်းရဲ့ စီးပွားရေးအဝန်းအဝိုင်း၊ စီးပွားရေးသမားတွေ ပြီးရင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အနီးစပ်ဆုံး အနီးကပ်ထိတွေ့ဆက်ဆံ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ရင်းနှီးမှုတွေတည်ဆောက်၊ အခြေအနေတွေကို နားလည်အောင် တင်ပြ ဖြစ်နိုင်ချေတွေကို အတူတူပူးပေါင်းဆွေးနွေးပြီးတော့မှ အဖြေရှာရင် ဖြေနိုင်ချေ ချက်ချင်း ကျမတို့ မရရင်တောင်မှ ရလာဖို့အတွက် ကျမတို့ လမ်းစတွေ ပွင့်လာမယ်။ အကုန်လုံးမရရင်တောင်မှ ကျမတို့ လိုချင်တဲ့ တချို့တဝက်တွေ ဖြစ်ချင်တဲ့ ဖြစ်စေချင်တဲ့ လမ်းကြောင်းတွေ ပေါ်လာမယ်ပေါ့နော ကျမတို့ဖက်က ပိုပြီးတော့မှ ထိတွေ့ဆက်ဆံမှုတွေ ရင်းနှီးမှုတွေ တည်ဆောက်ရမယ်။ အဖြေတူတူ ရှာဖို့ လုပ်ရမယ်လို့ မြင်ပါတယ်။” လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံလွှတ်တော်အတွင်းမှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတစ်ဦးအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကို စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ မြန်မာ့ကြက်ခြေနီအသင်းတွေဆီကို ဖြန့်ဝေဆောင်ရွက်တာ မမှန်ကန်တဲ့လမ်းကြောင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ တရားဝင် ပူးပေါင်းဆောင်ရွက်မှသာ အမှန်တကယ် လိုအပ်နေတဲ့ လူထုတွေဆီကို အကူအညီရောက်ရှိမှာ ဖြစ်ကြောင်းကို ဒေါ်ခင်ဥမ္မာက လွှတ်တော်အတွင်းမှာ ဆွေးနွေးတင်ပြခဲ့တာ ဖြစ်ပါတယ်။

တိမ်းရှောင်ကာလ ၃ နှစ်နီးပါးအထိ ရှည်ကြာလာပြီး နေရပ်ပြန်ဖို့ အလှမ်းဝေးနေသေးတဲ့ ကရင်နီက မြေစာပင်အရပ်သားတွေဟာ ရေရှည်ရပ်တည်နိုင်ဖို့ ရောက်တဲ့နေရာမှာ ရတဲ့အလုပ်ကို ရှာဖွေလုပ်ကိုင်နေကြသလို အလှူရှင်တွေကို ညိုးငယ်စွာ တောင်းဆိုကူညီခြင်းဟာလည်း နည်းလမ်းတစ်ခုဖြစ်ပေမယ့် သက်ဆိုင်ရာအသီးသီးက ရေရှည်ရပ်တည်နိုင်ဖို့  လုပ်ဆောင်ပေးနိုင်တဲ့ ဆောင်ရွက်ချက်တွေကိုလည်း အားကိုးတကြီး မျှော်လင့်နေကြပါတယ်။

spot_img
spot_img

Recent posts