spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အလှူရှင်မရောက်ရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်နေရာကို ကုန်ခြောက်များလှူဒါန်း

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက အလှူရှင်မရောက်ရှိတာ ၉လဝန်းကျင်ရှိနေတဲ့ စစ်ဘေးရှောင်စခန်းတစ်နေရာကို အလှူရှင်များကိုယ်စား ကမ်းလက်စစ်ရှောင်ကူညီရေးအသင်းက ကြက်ဥ၊ ဆီ၊ ဆား၊ ငါးခြောက်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး စတဲ့ ကုန်ခြောက်တွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ဆန်တွေပြတ်နေတာဟာလည်း တွေ့ရတယ် ကျမတို့မှာ ဆီမစားရတဲ့ရက်လည်းရှိတယ်။ လနဲ့ ချီလိုက်မစားရတော့ဘူး လှူမယ့်သူလည်း မရှိတော့။ လျှော့စားရတဲ့အချိန်လည်းရှိတယ် တခါတလေ တရက်စားဖို့မလောက်ရင် ကိုယ်က ကလေးတွေကိုပဲ ဦးစားပေးလိုက်တယ် လူကြီးတွေက ရှိရင်စား၊ မရှိရင်လည်း ဒီတိုင်းနေ အဲ့လိုပုံစံနဲ့သွားတာပေါ့။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဆန် နဲ့ ကုန်ခြောက်ပစ္စည်း မရရှိတာ ကြာမြှင့်ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းလည်း မြင့်တက်တာကြောင့် မဝယ်ယူနိုင်တဲ့ စစ်ရှောင်တွေ များပြားတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေဟာ တောင်ယာလုပ်ငန်းတွေမှာ နေ့စားအလုပ်လုပ်ပြီး ဝမ်းရေးဖြေရှင်းကြသူရှိသလို ဝင်ငွေရအလုပ်မရှိတဲ့စစ်ရှောင်အတွက်တော့ စားဝတ်နေရေး ပိုခက်ခဲတယ်လို့ ဆိုပါတယ်။ အလှူရှင်မရရှိတဲ့ ကာလအတွင်း စားနပ်ရိက္ခာခက်ခဲတဲ့ စစ်ရှောင်တွေဟာ ကျေးရွာခံတွေနား ချေးငှားယူရတယ်လို့ ဆိုပါတယ်။

“တခါတလေ ၁၀အိတ်၊ ၁၅အိတ် အဲ့လောက်ပဲရတော့ အိမ်တိုင်းတော့ မရနိုင်ဘူး။ တချို့က ပြီးခဲ့တဲ့နှစ် မိုးရာသီစိုက်ပျိုးချိန်တုန်းက လယ်ငှားပြီးလုပ်ထားတဲ့သူ တချို့ရှိတယ်။ အဲ့ဒီသူတွေက အဆင်ပြေတော့ သူတို့ကို မပေးဘူး လုံးဝ မရှာတတ်တဲ့သူ၊ အသိမိတ်ဆွေမရှိတဲ့သူကတော့ တစ်ယောက်တစ်ပြည်လား တစ်ပြည်ခွဲလား သုံးခါလောက်ပဲရှိသေးတယ်။ အချင်းချင်း ကူညီ၊ ရွာခံတစ်ယောက်နဲ့ စားနပ်ရိက္ခာပြတ်တယ်ဆိုပြီး ရွာခံက တစ်ခါတလေ ပို့ပေးတာရှိတယ်။ ဒါလည်း လူများတော့ ပြည်နဲနဲပဲ ပို့ပေးတယ်။”လို့ စစ်ရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စစ်ရှောင်ကူညီရေးအဖွဲ့တွေလည်း အလှူရှင်ရရှိမှု နည်းပါးလာလာကြောင့် စစ်ရှောင်စခန်းတွေမှာ ထောက်ပံ့ကူညီမှု နည်းပါးလာတယ်လို့ ကမ်းလက်စစ်ရှောင်ကူညီရေးအသင်းရဲ့ တာဝန်ခံက ပြောပါတယ်။

“ အခုနောက်ပိုင်း စစ်ရှောင်များလာတော့ ကျနော်တို့အတွက်လည်း အခက်အခဲ အများကြီးရှိတာပေါ့နော။ ကျနော်တို့အဖွဲ့က အဖွဲ့အစည်းအကြီးကြီးမဟုတ်တော့ ကိုယ်ထူကိုယ်ထ နိုင်သလောက်ပေါ့ အလှူရှင်ရှိမှ သွားလှူနိုင်တယ်ပေါ့နော။ ပုံမှန်အားဖြင့် ကျနော်တို့က အလှူရှင်ရှိတဲ့ အခါမျိုးမှာ ကုန်ခြောက်တွေပေးတာပေါ့။ ဆန်ကျတော့ ဝေးဝေးတခေါက်ပေးဖြစ်တယ်။” လို့ သူက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၆၈အိမ်၊ လူဦးရေ ၃၀၇ဦးရှိပြီး စားနပ်ရိက္ခာလိုအပ်ချက်အပြင် နွေရာသီ သောက်သုံးရေရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာခံစားရတဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အဖြစ်များနေပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူလည်း ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img