spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အလှူရှင်မရှိတော့တဲ့ ပင်လောင်းမြို့နယ်အတွင်းက ကရင်နီစစ်ရှောင် ၂ထောင်ကျော် စားနပ်ရိက္ခာပိုမို ခက်ခဲလာ

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရောက်ရှိခိုလှုံနေတဲ့ ကရင်နီစစ်ရှောင် ၂ ထောင်ကျော်ဟာ အလှူရှင်မရှိတော့တာကြောင့် စားနပ်ရိက္ခာပိုမို ခက်ခဲလာနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

အဲ့ဒီ စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက်နေ့ကစပြီး ဖယ်ခုံ-ပင်လောင်းနယ်စပ်က ကျေးရွာတွေမှာ စစ်ရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်ရှောင်ကာလ ၂လကျော် ကြာရှိနေပြီဖြစ်ပြီး စားဝတ်နေရေးအတွက် အခက်အခဲပိုကြုံလာတယ်လို့ ဆိုပါတယ်။

ကျေးရွာဒေသခံတွေ လုပ်ကိုင်နေကြတဲ့ ခြံလုပ်ငန်းတွေ ရှိတဲ့အချိန်မှာ နေ့စားအလုပ်လုပ်နေကြပြီး တစ်ရက်လုပ်အားခ တစ်သောင်းရရှိတဲ့ဝင်ငွေနဲ့ စားဝတ်နေရေး ဖြေရှင်းခဲ့ကြပေမယ့် လက်ရှိမှာလည်း အလုပ်မရှိတော့တဲ့အပြင် အလှူရှင်တွေလည်း မရှိတော့တာကြောင့် ပိုမိုခက်ခဲလာနေတာဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“နေ့စားနဲ့ပဲ စားဝတ်နေရေးအတွက် ဖြေရှင်းနေရတယ်။ တစ်နေ့ကို ၁ သောင်းရတယ်။ ဒါပေမယ့် ခြံလိုက်နဲ့ပဲ ခုက အလုပ်မရှိဘူးကော။ အဆင်မပြေကြတော့ဘူး“လို့ သူက ပြောပါတယ်။

နေရာထိုင်ခင်းအတွက် ကျေးရွာဒေသခံတွေ စီစဉ်ထားပေးတဲ့နေရာတွေမှာ မိုးကာ တဲထိုးနေထိုင်ကြတယ်လို့ သိရပါတယ်။ စစ်ရှောင်ဦးရေ ၂ထောင်ကျော်ဟာ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်းက ဒေသခံတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

“သူတို့ဆီမှာတော့ စားနပ်ရိက္ခာတို့ မိုးကာတို့ ဆေးဝါးတို့ ခက်ခဲတယ်။ အလှူရှင်တွေကတော့ မရှိတော့ဘူး ပြတ်နေပြီ အရင်ကတော့ ရှိတယ်။ အခုမရှိတော့ဘူး။” လို့ ကရင်နီစစ်ရှောင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အသုံးအဆောင်ပစ္စည်းတွေကို ကူညီလှူဒါန်းသူတွေ မရှိတော့သလို ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ရှောင်ဦးရေ ထပ်တိုးလာတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။ ပင်လောင်းမြို့နယ်အတွင်းမှာ ကရင်နီစစ်ရှောင် ၂သောင်းကျော်ရှိနေပြီး နေရာအနှံ့အပြားမှာ ပြန့်ကြဲနေထိုင်ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအာဏာမသိမ်းယူခင် မြန်မာနိုင်ငံမှာ အရေးပေါ်လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူ ဦးရေ တစ်သန်းသာရှိခဲ့ပြီး ၃နှစ်အတွင်း ၁၈.၆သန်းရှိနေတာကြောင့် နှိုင်းယှဉ်ပါက နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံရှိနေပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ အကူအညီလိုအပ်သူ ၁၈.၆သန်း အတွက် အဟန့်အတားမရှိတဲ့ လူသားချင်းစာနာမှု အကူညီပေးရေးလမ်းကြောင်းတွေ လိုအပ်နေတယ်လို့လည်း ပြောထားပါတယ်။

spot_img
spot_img