spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အသက်ကိုမမှုဘဲ မိုင်းရှင်းပေးသူ

ကန္တာရဝတီတိုင်း(မ်)

အကာအကွယ်တစ်ခုမှမပါဘဲ ခြောက်လက်မလောက်ရှိတဲ့ ဓားမြောင် တစ်လက်နဲ့ မြေမြုပ်မိုင်း ကို ရှင်းနေတာက သည်းထိပ်ရင်ဖိုမြင်ကွင်းတစ်ခုလို့ပဲ ဆိုရမှာပါ။ သူကတော့ ရဲဘော်တစ်ဦးဖြစ်ပြီး KNDFဦးဆောင်ကော်မတီဝင်တစ်ဦးလည်း ဖြစ်တဲ့ ကိုသိုက်ပါ။

“ ဒီလိုမိုင်းရှင်းနေရတဲ့အချိန်မှာလည်း ကြောက်လား ကွဲသွားမှာကြောက်လား။ ကြောက်တာပေါ့ ။ သို့သော်လည်း ဒီဟာကြီးဆက်ရှိနေရင် ကျနော်တို့ မထိရင် ပြည်သူတစ်ယောက်ယောက် ထိတော့မှာပေါ့နော။ ပြည်သူလူထုတွေ အထိမနာစေချင်တဲ့အတွက်ကြောင့်မလို့ကျနော်တို့တွေ ဒီအလုပ်ကို လုပ်ရခြင်းလည်း ဖြစ်တယ်ပေါ့နော။ဆိုတော့ KNDFက သူ့ရဲ့မူဝါဒမှာ ပြောထားတဲ့အတိုင်း ပြည်သူ ကို ကာကွယ်ဖို့လို့ ပြောထားတဲ့ဟာရှိတယ်။ ဒါကြောင့်မလို့ ဒီစစ်ဖြစ်နေတဲ့ အချိန်မှ မဟုတ်ဘူး။ စစ်မဖြစ်တဲ့ အချိန်လည်း ပြည်သူကို ကာကွယ်ရတဲ့ ကိစ္စတွေ ကျနော်တို့ လုပ်ရတာဖြစ်တယ်ပေါ့နော။ဒါက ကျနော်တို့ရဲ့မူနဲ့ ကျနော်တို့ သွားနေတဲ့ လမ်းကြောင်းလည်း ဖြစ်တယ်ပေါ့နော။ “ လို့ ကိုသိုက်က ပြောပါတယ်။

KNDFမှာဆိုရင် မိုင်းရှာတဲ့စက်တွေလည်း မရှိသေးတဲ့အတွက် ရွှေရှာတဲ့စက်နဲ့ပဲ လိုက်စမ်းရတာဖြစ်ပါတယ်။ မိုင်းရှင်းလင်းရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေလည်း လုံလုံလောက်လောက်မရှိကြသေးပါဘူး။

“ ကျနော်တို့ မှာ မိုင်းရှာစက်တွေလိုမျိုး အနည်းဆုံးမိုင်းရှာစက်လောက်ရနိုင်ရင်ကို ကျနော်တို့ မဆိုးဘူးပေါ့နော။ တကယ့် real mine digitalဖြစ်ရမှာပေါ့နော။ ရွှေရှာတဲ့ ငွေရှာတဲ့ စက်တွေနဲ့ မဟုတ်ဘဲ တကယ့်မိုင်းရှာတဲ့ စက်လိုမျိုး နဲ့ ရှာနိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့နော။ တကယ်လို့ ပံ့ပိုးချင်တယ်ဆိုလို့ရှိရင်လည်း အဲ့လိုမျိုးဟာမျိုးတွေ ပံ့ပိုးဖို့လို တာပေါ့နော။ ကျနော်တို့ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်ကာကွယ်ဖို့ စည်းစိမ်ကာကွယ်ဖို့ ဆိုရင်လည်း ဒါတွေလည်း မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်တယ်ပေါ့။ “

တွေ့ရှိတဲ့ မိုင်းတွေကို KA၊ KNDF ကနေပြီး ရှင်းလင်းပေးတာတွေရှိပေမယ့် ကရင်နီပြည်နယ်မှာဆိုရင် သီးသန့်မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အနေနဲ့ မရှိသေးပါဘူး။ စစ်ကောင်စီတပ်စွဲခဲ့တဲ့ နေရာတွေ၊ အိမ်ဝင်ဝတွေ၊ တံခါးအဝအောက်တွေ၊ လူသွားလမ်းနေရာမျိုးတွေ စတဲ့နေရာတွေ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ ပြည်သူလူထုတွေအနေနဲ့ သေသေချာချာ သတိနဲ့သွားလာရမှာ ဖြစ်ပါတယ်။ ရပ်ကွက်ထဲ ကျေးရွာထဲ သွားလာရင်းတွေ့ရှိတဲ့ မိုင်းတွေကို သွားရှင်းပေးတာတွေရှိပေမယ့် KNDFအနေနဲ့ သီးသန့် တစ်စိုက်မတ်မတ် မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးနိုင်တာတွေတော့ မရှိသေးပါဘူး။

“ ကျနော်တို့က တော့ သေချာတယ်။ မိုင်းရှင်းလင်းဆိုတဲ့ ခေါင်းစဉ်တစ်ခုနဲ့ ကျနော်တို့ တစ်ရွာဝင်တစ်ရွာထွက် ဒါမျိုးတော့ မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် စစ်တလင်း ဖြစ်နေတဲ့အချိန် အနေအထားမှာ သူ့ဖက်က ကိုယ့်ကိုယ်ဘယ်အချိန်ပစ်မလဲ ကိုယ့်ဖက်က သူ့ကို ဘယ်အချိန်ပစ်မလဲ မသိနေတဲ့ အနေအထားမှာတော့ ကျနော်တို့ ကတော့ ဒီ ဒီးမော့ဆိုတစ်ကြောကတော့ မြင်တဲ့ နေရာလောက်ပဲ ကျနော်တို့ ရှင်းနိုင်သေးတယ်ပေါ့နော။ ကျန်တဲ့နေရာကတော့ မရှင်းနိုင်သေးဘူးပေါ့။ ဒါကတော့ ကျနော်တို့ လက်ရှိမှာ ကြုံနေရတဲ့ ဟာတစ်ခုဖြစ်တယ်ပေါ့နော။ “

မိုင်းတွေ့တာတွေ ရှိရင်လည်း သက်ဆိုင်ရာဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။ မိုင်းရှင်းတဲ့အလုပ်ဟာဆိုရင် တစ်ယောက်တည်း လုပ်ရတဲ့အလုပ် မဟုတ်ဘဲ အဖွဲ့လိုက်လုပ်ရတာဖြစ်ပါတယ်။ မိုင်းရှင်းတဲ့အချိန်ဘေးမှာ လုံခြုံရေးတွေချရသလို ထပ်ဆင့်မိုင်းတွေ ရှိနိုင်သေးလား စတာတွေကို အဖွဲ့လိုက် လုပ်ဆောင်ရတာဖြစ်ပါတယ်။

KNDFမှာဆိုရင် မိုင်းရှင်းလင်းရေးနဲ့ပတ်သက်ပြီး တိကျတဲ့ သင်တန်းပို့ချမှုတွေတော့ မသင်ယူကြရသေးပေမယ့် ကိုသိုက်ဟာဆိုရင် တွေ့ရှိတဲ့ မိုင်းတွေကို တတ်သိသလောက် အများအတွက် ကိုယ့်အသက်ကို မငဲ့ဘဲ လုပ်ပေးနေသူဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ တတ်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေဆီ မေးမြန်းပြီး တွေ့ရှိတဲ့ မိုင်းတွေကို ရှင်းလင်းပေးနေသူဖြစ်ပါတယ်။

“ နောက်တစ်ခုကတော့ ကျနော်တို့မှာက ဒီလုံခြုံရေး ကိရိယာတွေပေါ့နော ကျနော်တို့ လုံခြုံရေး suit(ဝတ်စုံ)တွေပဲ ဖြစ်ဖြစ်ပေါ့နော ဘေးအနီးအနားတွေမှာ လုံခြုံရေး အတွက်ရှိသင့်ရှိထိုက်တဲ့ ထားသင့်ထားထိုက်တဲ့ ပစ္စည်းတွေ ဆိုတဲ့ဟာ မျိုးက မရှိဘူး။ ဝယ်ဖို့လဲ မလွယ်ဘူးပေါ့နော။ ပိုက်ဆံရှိရင်တောင် ဝယ်ဖို့မလွယ်တဲ့ အခြေအနေတစ်ခုရှိနေတော့ ဒါမျိုးတွေက ကျနော်တို့မှာ အားနည်းတာ မှန်တယ်။ “ လို့ ကိုတိုက်က ပြောပါတယ်။

ကိုသိုက်ဟာဆိုရင် မိုင်းရှင်းလင်းတဲ့ တာဝန်ယူထားတဲ့ သူမဟုတ်ပေမယ့် မိုင်းတွေ့ရှိတဲ့နေရာတွေကို သွားရောက်ရှင်းလင်းပေးနေတာဖြစ်ပါတယ်။ ကရင်နီပြည်နယ်မှာဆိုရင် ပြည်သူလူထု ထိခိုက်မှုနည်းဖို့ မိုင်းရှင်းလင်းနိုင်တဲ့ အတတ်ပညာရှင်တွေ၊ အဖွဲ့တွေ ရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

spot_img
spot_img