ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေ တခြားသူရဲ့တောင်ယာခင်းတွေထဲမှာ ဆန်စပါး၊ ကောက်ပဲသီးနှံတွေစိုက်စားဖို့ တိုက်ပွဲတွေ လက်နက်ကြီးတွေကြားက အသက်နဲ့ရင်းပြီး သွားရောက်လုပ်ကိုင်နေကြရပါတယ်။
စားနပ်ရိက္ခာတွေ မပြတ်လပ်သွားစေဖို့အတွက် ရောက်ရာ နေရာဒေသမှ ဆန်စပါး၊ ကောက်ပဲသီးနှံတွေ စိုက်ပျိုးလုပ်ကိုင်နေကြရတာဖြစ်ပါတယ်။
လာမည့်နှစ်မှာ စားဖို့ဆန်မရှိတော့မှာစိုးလို့ သေနတ်သံတွေကြားကနေ လယ်ပြန်လုပ်နေတယ်လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက တောင်သူ ဦးလေး တစ်ဦးက ပြောပါတယ်။
“စားဖို့မလောက်မှာစိုးလို့ အသက်စွန့်ပြီးကိုယ့်ဟာကို လယ်တွေပြန်လုပ်ရတယ်။ ပေါင်းပြန်လိုက်ရတယ်။ မျက်ပြန်ရှင်းရတယ်။ သေနတ်သံကြားတာနဲ့ ကိုယ်ကပြန်ပြေးနေရတယ်။ စားဖို့က နောက်တစ်နှစ်အတွက် ငတ်မှာစိုးလို့ ပြန်စဉ်းစားပြီးလုပ်နေရတယ်။ အဓိကဆန်ဆိုပြီး ကြိုးစားပြီးပြန်လုပ်ရတယ်။”
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်တွေက မကြာခဏဆိုသလို ကျေးရွာတွေ ၊ ဒုက္ခသည်စခန်းတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောက်နေရပေမယ့်လည်း စားဝတ်နေရေးအတွက် တောင်ယာကိုအရဲစွန့်ပြီး သွားလုပ်နေရတာပါ။
စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ယခင်က အလှူရှင်တွေလက်လှမ်းမှီသလောက် စားနပ်ရိက္ခာတချို့ လှူကြတာရှိခဲ့ပြီး အခုနောက်ပိုင်းမှာတော့ အလှူရှင်တွေမရှိတော့တဲ့အတွက် စားဖို့သောက်ဖို့ မပြတ်လပ်သွားရအောင် တခြားဒေသဘက်ရောက်နေပေမယ့်လည်း ကြိုးစားပြီး တောင်ယာလယ်ယာတွေ ကြိုးစားလုပ်ကိုင်နေကြတာလို့ဆိုပါတယ်။
တောင်ယာလယ်ယာတွေကို ဒေသခံတွေက စစ်ဘေးဒုက္ခသည်တွေကို အခကြေးငွေနဲ့ ငှားပြီးစိုက်ပျိုးကြတာရှိသလို တချို့ကလည်း အခမဲ့လုပ်စားခွင့်ပေးထားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလို မိမိတို့ စိုက်ပျိုးလုပ်ကိုင်နေကြတောင်ယာစိုက်ခင်းမဟုတ်ပဲ တခြားသူတွေရဲ့ တောင်ယာခင်းကို အငှားသွားလုပ်နေကြရတဲ့အတွက် စိုက်ပျိုးလုပ်ကိုင်တဲ့နေရာမှာ ကိုယ်စိုက်ပျိုးမည့်သီးနှံနဲ့မြေ အခြေအနေတွေကိုမသိတဲ့အတွက် အခက်အခဲတွေဖြစ်စေတာလည်းရှိတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
“ကွားခြားတယ်ဆိုတာက ကိုယ့်မြေနဲ့ကိုယ်ဆိုမြေကွက်က ဘာစိုက်ရင်ဘာဖြစ်တယ်ဆိုတာ တန်းသိတယ်လေး။ အခုက သူတို့ပေးတဲ့နေရာလေးကို ကိုယ်ကလုပ်ရတယ်ဆိုတော့ စပါးနဲ့ဖြစ်လား မြေပဲနဲ့ဖြစ်လား ပြောင်းဖူးနဲ့ဖြစ်လားဆိုတာမသိဘူး။ သုံးမျိုးထဲက အရေးကြီးဆုံးကစပါးပဲလေးနော် စပါးစိုက်ရရင် ဘယ်နှစ်အိတ်ပဲရရ ဦးစားပေးစိုက်လိုက်တယ်။ ကိုယ့်အကွက်နဲ့ကိုယ်ဆို ဘယ်အကွက်ဘာစိုက်လဲဆိုတာသိတယ်လေး။ အရင်းအနှီးဘယ်လောက်ထုတ်ထုတ် ထုတ်လို့လည်းရတယ်ပေါ့။ အရင်းအနှီးလည်းမရှိပါဘူး။အဓိက အရေးကြီးဆုံးစပါးတမျိုးဆိုတော့ စပါးကိုဦးစားပေးစိုက်လိုက်တယ်။”
အခု စစ်ဘေးဒုက္ခသည်စခန်းမှာကနေ တခြားသူတွေရဲ့ တောင်ယာမှာ လုပ်နေကြတယ်ဆိုပေမယ့် အသီးအပွင့်တွေ စားရဖို့လည်းမသေချာပေမယ့် အလုပ်မရှိတဲ့အတွက် ရှိတာလေးစိုက်ပျိုးလုပ်ကိုင်နေကြတာဖြစ်ပါတယ်။
အခုလို ဒေသခံတွေ အလုပ်လက်မဲ့ဖြစ်နေချိန် စားနပ်ရိက္ခာအတွက် နိုင်ငံတကာကိုရောက်နေတဲ့ ကရင်နီလူမျိုးတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ တခြားနယ်ခြားဖြတ်ကျော်တဲ့ နိုင်ငံတကာအဖွဲ့အစည်းနဲ့ လူမှုကူညီတဲ့အသင်းအဖွဲ့အစည်းတွေ အနည်းငယ်ကနေ ရရှိသလောက်တော့ အကူအညီပေးနေတယ်လို့ KSCC လူသားခြင်းစာနာထောက်ထားမှုကော်မီတီ ပြောခွင့်ရ ကိုဗညားက မေလ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ပြီးခဲ့တဲ့ မေလနဲ့ ဇွန်အတွင်းမှာတော့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ကနေပြီး လွိုင်ကော်မြို့ပေါ်ရပ်ကွက်နေ လူဦးရေ ၈၀၀၀၀ နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းရောက်နေတဲ့ စစ်ဘေးဒုက္ခသည် ၇၀၀၀ လောက်ကို အရေးပေါ် ဆန်၊ ဆီ၊ ပဲတွေထောက်ပံ့ပေးခဲ့တယ်လို့ ဆိုထားပါတယ်။
လွိုင်ကော်မြို့ နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၂၅၂၀၀ ဦးကိုလည်း အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့သွားတယ်လို့ ဇွန်လ ၁၀ ရက်နေ့မှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်းထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေက အမှန်တကယ်လိုအပ်နေတဲ့ တောထဲတောင်ထဲက စစ်ဘေးဒုက္ခသည်စခန်းတွေဘက်ကို အကူအညီမပေးနိုင်တဲ့အတွက် ၎င်းစစ်ဘေးဒုက္ခသည်တွေမှာ စားနပ်ရိက္ခာမပြတ်လပ်ဖို့အတွက် တောင်ယာစိုက်ခင်းတွေ ကြိုးစားလုပ်ကိုင်နေကြရတာဖြစ်ပါတယ်။
ကယား(ကရင်နီ)ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၂ သိန်းကျော်ရှိနေပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့ကွန်ယက်က ထုတ်ပြန်ထားပါတယ်။