spot_img
Sunday, January 29, 2023
spot_img

အသက် ၂၃ နှစ်အရွယ် အာဂ မိခင် မော်ရှားမြာ

spot_imgspot_imgspot_imgspot_img

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ မော်ရှားမြာဟာ လက်ရှိမှာတော့ ကရင်နီပြည်နယ်ရဲ့ စစ်ဘေးဒဏ်ကြောင့် တောတွင်းတနေရာမှာ သွားရောက်တိမ်းရှောင်နေရပြီး ၈ လသားအရွယ် သားတစ်ဦးကို စစ်ဘေးရှောင်နေစဉ် ခက်ထန်ကြမ်းတမ်းစွာ မွေးဖွားခဲ့ရပါတယ်။

၈ လသားအရွယ် သားလေးဟာ သူမရဲ့ သားဦး ဖြစ်ပါတယ်။

“ကလေးက ရိုးရိုးမွေးတာလည်း မဟုတ်ဘူး။ သွားခွဲမွေးရတယ်။ သွားရတဲ့ လမ်းခရီးကလည်း အရမ်းဝေးတယ်။ လမ်းပေါ်မှာလည်း သွားပြီးခံနေသေးတယ်။ အဆင်မပြေဘူး။ ငွေကြေးလည်း မရှိဘူး။ လမ်းပေါ်မှာ မျက်ရည်နဲ့ပဲ ဖြတ်သန်းရတယ်။ အိမ်မှာလည်း အဆင်မပြေဘူး။ ဒီမှာ
(စစ်ရှောင်စခန်း) လည်း အဆင်မပြေဘူး။ တခေတ်ပြီးတခေတ်ပြီး ပင်ပန်းဆင်းရဲရတယ်။ ငွေကြေးလည်း မရှိဘူး။ ကလေးမွေးတော့ သွားခွဲမွေးတာလည်း လမ်းခရီးမှာ အဆင်မပြေဘူး။ လမ်းပေါ်မှာ ပင်ပင်ပန်းပန်းနဲ့ ခံနေခဲ့ရတယ်။”

လွန်ခဲ့တဲ့ ၈ လ အကြာက မော်ရှားမြာရဲ့ စစ်ဘေးဒဏ်ကြားက သူမ သားလေးကို ခက်ခဲစွာ မွေးဖွားခဲ့ရပုံကို ပြန်ပြောင်းပြောပြတာပါ။ သူမအတွက် ဘယ်လောက်ထိ ခက်ထန်ခဲ့တဲ့ လေးမွေးဖွားခြင်းလဲဆိုတာ သူမရဲ့ အချိန်တွေကို ပြန်ပြောင်းပြောပြတဲ့အခါ မျက်ဝန်းတစ်စုံထဲက နာကျင်ရတဲ့ မျက်ရည်တွေ ပါးပြင်ထက်မှာ စီးကျလာရင်း သူမ ကြုံခဲ့ရတဲ့ အခက်အခဲကို ထပ်မံ ပြောမထွက်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ၈ လ သားအရွယ်အထိ ကျန်းမာစွာရှိနေပေးတဲ့ သူမ သားလေးကတော့ သူမအတွက် အဲ့ဒီအခက်အခဲတွေကို မေ့ပစ်စေနိုင်တဲ့ တစ်ခုတည်းသော ခွန်အားလေး ဖြစ်နေတာပါ။

သူမ ကလေးမွေးဖွားဖို့ စစ်ရှောင်စခန်းကနေ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက ဆေးရုံတစ်ရုံကို သွားရောက်ခဲ့ရပြီး လမ်းခရီးမှာ ဗိုက်နာနာနဲ့ ညအိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအခြေအနေကြောင့် ရှေ့ဆက်သွားလို့ မရတာကြောင့် လမ်းခရီးမှာ ကားပေါ်မှာသာ ည အိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ ကျမ ဆေးရုံရောက်လို့ ခွဲမွေးပြီးတော့ ညဆို လေယာဉ်(စကစလေယာဉ်) ပျံနေတယ်။ Drone တွေလည်း လွတ်တယ်လို့ ကြားတယ်။ ညဆို ဆေးဆရာမတွေကအစ အကုန်လုံး လုံခြုံတယ်ထင်တဲ့ နေရာတွေကို ပုန်းခိုကြတယ်။ ကျမက မနက်ပိုင်းက ခွဲမွေးတယ်။ နေ့လည်ပိုင်းလောက်တော့ လေယာဉ် သွားတယ်။ အခန်းထဲမနေနဲ့ဆိုပြီး ပြောကြတယ်။ အဲ့မှာ အကုန်လုံးက ပြေးကုန်ကြတယ်။ ကျမတစ်ယောက်တည်းပဲ ဆေးရုံခန်းထဲမှာ ကျန်တယ်။ တကယ်လို့သာ လေယာဉ်ကနေ တကယ်ကြဲချတယ်ဆိုရင် ကျမတော့ သေပြီးနေလောက်ပြီ။” လို့ မော်ရှားမြာက သူမ သားဦးလေးကို အောင်မြင်စွာ ခွဲမွေးခဲ့ပြီး ထပ်မံရင်ဆိုင်ရတဲ့ စိုးရိမ်ထိတ်လန့်မှုကို ပြန်ပြောင်းပြောပြနေတာပါ။

မော်ရှားမြာဟာ ခက်ထန်ကြမ်းတမ်းတဲ့ နေ့ရက်တွေကို ကလေးမွေးဖွားချိန်မှ ကြုံနေရတာ မဟုတ်ပဲ သူမ လူ့လောကထဲ စတင်ရောက်ရှိလာလို့ ၃ လသားအရွယ်ကစပြီး ကြမ်းတမ်းတဲ့ လောကဓံတရားကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတာပါ။ ၃ လသားအရွယ်မှာ ဖခင်ဖြစ်သူဟာ သူမနဲ့ မိခင်ကို အပြီးတိုင်စွန့်ခွာသွားခဲ့ပြီး သူမ ၁၃ နှစ်အရွယ်မှာတော့ မိခင်ဖြစ်သူပါ သူမအနားက အပြီးတိုင် ထွက်ခွာသွားခဲ့ပါတယ်။ အဒေါ်ဖြစ်သူတွေနဲ့ နေထိုင်ရင်း ကြီးပြင်းလာခဲ့သူပါ။

အသက် ၁၆ နှစ်အရွယ်ရောက်ချိန်မှာ သူမဟာ မိသားစုရဲ့ အဆင်မပြေမှုတွေကြောင့် မြို့ပြကြီးမှာ အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်ခဲ့ရပြီး အိမ်ရှင်တွေရဲ့ အကြမ်းဖက်မှုကိုလည်း ခံခဲ့ရသူပါ။ ၂ နှစ်ခွဲအကြာ အိမ်ဖော်အဖြစ် လုပ်ကိုင်ရင်း အကြမ်းဖက်မှုဒဏ်ကို မခံနိုင်တော့တာကြောင့် သူမဇာတိရွာကို ဆက်သွယ်အကူအညီရယူခဲ့ပြီး ပြန်လာခဲ့တယ်လို့ သိရပါတယ်။ ၂ နှစ်ခွဲအကြာ ညှင်းပန်းနှိပ်စက်ခံခဲ့ရပေမယ့် ထိုက်တန်တဲ့ လုပ်အားခတွေကိုလည်း မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

သူမတို့ မိသားစုဟာ တောင်ယာလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုနေကြရတာပါ။ သူမ နေထိုင်တဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက ဇာတိရွာမှာ ယခင် ဦးသိန်းစိန် စစ်အစိုးရ လက်ထက်ကတည်းက စစ်တပ်က တောင်ယာမြေ သိမ်းဆည်းမှုပြုလုပ်ခဲ့စဉ် သူမတို့ ကျေးရွာရှိ တောင်ယာမြေ တော်တော်များများ ပါသွားခဲ့ရပါတယ်။ အဲ့ဒီအထဲမှာ သူမတို့ မိသားစုပိုင် တောင်ယာမြေလည်း ပါဝင်ပါတယ်။ အရပ်သားအစိုးရလို့ နာမည်ကျော်ခဲ့တဲ့ NLD အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာတော့ မော်ရှားမြာတို့ ဇာတိရွာက ရွာလုံးကျွတ်နီးပါး တောင်ယာမြေ သိမ်းဆည်းခံရမှု ပြသနာကြောင့် စစ်တပ်ရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရရင်း တရားရုံးကို အပတ်စဉ် သွားရောက်တရားရင်ဆိုင်ခဲ့ကြရပါတယ်။ တရားစွဲဆိုခဲ့ရတဲ့အထဲ သူမရဲ့ အဒေါ်ဖြစ်သူလည်း ပါဝင်ခဲ့တာပါ။

သူမဟာ ခက်ထန်ကြမ်းတမ်းတဲ့ ဘဝ ကန္တာရခရီးကို ယခုလက်ရှိ အသက်အရွယ်အထိ ရင်ဆိုင်ဖြတ်သန်းနေရပြီး ရှင်သန်လာခဲ့ပေမယ့် အမျိုးသမီးတွေရဲ့ အားကျအတုယူဖွယ်ကောင်းအောင် တုနှိုင်းဖွယ်မရှိ သန်မာနေခဲ့တဲ့ အာဂ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်ရဲ့ တောတွင်းတနေရာထဲက တောင်စောင်းလေးပေါ်မှာ တည်ရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်နေရာက ၆ ပေ ပတ်လည်ရှိတဲ့ အစိမ်းရောင်မိုးကာအောက် အင်ရွက်တွေနဲ့ ကာရံထားတဲ့ နံရံထဲမှာ တဲအိမ်လေးမှာ အသက် ၅၀ အရွယ် မွေးစားအမေ(အဒေါ်ဖြစ်သူ)၊ ၈ လသားအရွယ် သားလေး၊ အမျိုးသား ဖြစ်သူ တို့နဲ့ နေထိုင်နေတာပါ။

စစ်ဘေးရှောင်လာတာ တစ်နှစ်ခွဲနီးပါး ကြာလာပြီဖြစ်တဲ့အတွက် သူမတို့ တဲအိမ်လေးဟာ မိုးရွာရင် မိုးယိုပြီး၊ နေပူရင်တော့ နေထိုးလျှက် အခုလို ဆောင်းတွင်းဆိုရင်တော့ အေးလှတဲ့ မြူနှင်းတွေက သူမတို့တဲအိမ်လေးထဲ တစ်ရာသီတစ်မျိုး မရိုးရအောင် ကြုံတွေ့နေရတာပါ။ နံရံအဖြစ် အသုံးပြုထားတဲ့ အင်ရွက်တွေကို လဲလှယ်တာ သုံးကြိမ်ရှိသွားပြီလို့ ဆိုပေမယ့် အခုလက်ရှိကတော့ အရွက်တွေဆွေးပြီး လက်နဲ့ထိလိုက်ရင် ကြွေကျသွားလောက်တဲ့အထိ ဖြစ်နေတာကို မျက်မြင်ခဲ့ရပါတယ်။

မော်ရှားမြာဟာ ခန္ဓာကိုယ် အားနည်းတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် အစာအိမ်ယောင်ရမ်းတဲံ ဝေဒနာကို ခံစားနေရသူ သူမရဲ့ အမျိုးသား၊ ၈ လ သားအရွယ်သားဦးနဲ့ မိခင်ဖြစ်သူကို ရှာဖွေကျွေးမွေးနေနိုင်တဲ့ အာဂ အမျိုးသမီးတစ်ဦးပါ။ မိသားစုကို ချစ်တဲ့စိတ်ကြောင့် အခက်အခဲ၊ စိတ်ဓတ်ကျခြင်း စတာတွေကို မတွေးမိနိုင်တော့လောက်အောင် စားဝတ်နေရေးအတွက်သာ တွေးတောပြီး နေထိုင်နေရတာ ဖြစ်ပါတယ်။

“အလုပ်လုပ်တာ နှေးရင်လည်း နှေးသလောက်စားတယ်။ မြန်ရင်လည်း မြန်သလောက်စားရင်း နေခဲ့တာလေ။ အခုကတော့ ခက်ခဲပင်ပန်း ဆင်းရဲစွာ တောတောင်ထဲ သွားနေနေရတယ်။ ကျမတို့ ဘာစားရမလဲ။ ကျမတို့ကို သူများ ဆန်လာမလှူတာလည်း ကြာပြီ။ ကျမတို့ ဘာစားရမလဲ။”

ဒါကတော့ မော်ရှားမြာရဲ့ မိခင်ဖြစ်သူ မော်ဘူးမြာက သူမတို့ခိုလှုံတဲ့ စစ်ဘေးရှောင်စခန်းမှာ ကြုံတွေ့ရတဲ့ လက်ရှိအခြေအနေကို ပြောပြနေတာပါ။ သူမတို့ စစ်ရှောင်စခန်းဆီကို အလှူရှင်မရောက်တာ အတော်ကြာပြီ ဖြစ်တဲ့အတွက် ဆန်တွေ ဝယ်စားနေရတယ်လို့ ဆိုပါတယ်။ ဆန်ဝယ်စားနိုင်ဖို့အတွက် နေ့စားတောင်ယာအငှားလိုက်တာကို ပြုလုပ်ကြရတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်စခန်းအနီးနားက ကျေးရွာခံတွေဟာ နေ့စားတောင်ယာအငှားလိုက်တာတွေကို ရံဖန်ရံခါ ခေါ်မှသာ ရရှိလာတဲ့ လုပ်အားခနဲ့ ဆန်ဝယ်စားနိုင်တယ်လို့ ဆိုပါတယ်။

နေ့စားအငှားလိုက်တာကို မော်ရှားမြာက သွားရပြီး ၈ လသားအရွယ် သားလေးကိုတော့ မိခင်ဖြစ်သူနဲ့ အမျိုးသားဖြစ်သူက စခန်းမှာ နေရင်း ကြည့်ပေးရတယ်လို့ ဆိုပါတယ်။ အမျိုးသားဖြစ်သူဟာ အစာအိမ်ယောင်ရမ်းတဲ့ ဝေဒနာကို ခံစားရတာကြောင့် အလုပ်ကြမ်းတွေလည်း မလုပ်နိုင်ဘူးလို့ သိရပါတယ်။ မိခင်ဖြစ်သူကတော့ ခါးနာ၊ ဒူးနာတဲ့ ဝေဒနာကို ခံစားရပေမယ့် ငွေကြေး အင်မတန် လိုအပ်နေမှုကြောင့် ရံဖန်ရံခါလည်း နေ့စားအငှားလိုက်တာကို သွားရတယ်လို့ ဆိုပါတယ်။

“ကလေးလည်း ရှိလာပြီ။ ရအောင်တော့ ကျွေးမွေးနိုင်ရမယ်။ သူများနေထိုင်သလို နေထိုင်နိုင်စေရမယ်။ သူများကြီးပြင်းလာသလို ကြီးပြင်းလာနိုင်ရမယ်။ ပြုစုစောင့်ရှောက်နိုင်ရမယ်။ ခက်ခဲပင်ပန်းဆင်းရဲစွာ မွေးဖွားထားရတဲ့ သားလေး၊ တောတောင်ထဲမှာပဲ နေထိုင်ရတဲ့ သားလေး။ ကျမမှာ ဘာမှ မရှိပေမယ့် သူများတွေလို ဖြစ်လာပါစေ။ နေထိုင်နိုင်ပါစေလို့ အမြဲ တွေးတယ်။”

မော်ရှားမြာဟာ သူမရဲ့ သားဦးလေးကိုတော့ သူမတို့လို ပညာမသင်ရတာ၊ စာပေမတတ်ပဲ ကြမ်းတမ်းတဲ့ အလုပ်တွေလုပ်ရင်း အသက်မွေးဝမ်းကြောင်း ပြုရတာတွေကို မလုပ်စေချင်တဲ့အတွက် သူမရဲ့ ရှိတဲ့ ခွန်အားတွေနဲ့ သူမသားလေးအတွက် ရုန်းကန်သွားမယ်လို့ ဆိုပါတယ်။

မော်ရှားမြာလိုပဲ ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်နေရတဲ့ မိခင်တွေအားလုံးဟာ သား၊သမီးတွေအတွက်၊ မိသားစုတွေအတွက် ရှိတဲ့ ခွန်အားတွေကို အစွမ်းကုန် သုံးပြီး ရှင်သန်နေကြရတာပါ။

သားဦးလေးကို ပညာတတ်ဖြစ်စေချင်ပြီး မိမိလူမျိုး၊ မိမိအမျိုးသားကို ကာကွယ်ပေးတဲ့ အလုပ်ကို လုပ်ဆောင်နိုင်တဲ့ သူတစ်ဦးဖြစ်စေချင်တယ်လို့ ၈ လသားအရွယ် သားဦးလေးအပေါ် ထားတဲ့ မော်ရှားမြာရဲ့ အိမ်မက်တွေ ဖြစ်လာဖို့ သူမ နေ့စဉ်နဲ့အမျှ စစ်ဒဏ်၊ လောကဓံတွေကြား ဖြတ်သန်းနေရဦးမှာပါပဲ။

Related Stories