spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အသားဓာတ်ရဖို့ ချောင်းငါးရှာစားကြသူတွေ

Author

Date

Category

မော်ဦးမြာ/ ကန္တာရဝတီတိုင်း(မ်)

ဝါးရုံတွေအောက်မှာ မလုံ့တလုံ့ အမိုး၊ အကာတွေနဲ့ တဲအိမ်ငယ်လေးတွေဆောက်ထားပြီး အမှတ် ၉ ဆိုတဲ့ နာမည်လေး ပေးထားတဲ့ စစ်ဘေးရှောင်စခန်းတခု။ အဲ့ဒီနေရာမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ အလွန်ချောင်ကျတဲ့ တောတောင်ထဲမှာ ခိုလှုံနေထိုင်ကြရတာကြောင့် အသားဟင်း မဆိုထားနှင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်ဆိုတာကို မေ့တေ့တေ့။ ခြံထွက်ဟင်းသီးဟင်းရွက်ဆိုတာကိုလည်း မမြင်ဖူးတာ ခြောက်လကျော် ရှိသွားလေပြီ။

ကံကောင်းထောက်မစွာ ချောင်းငယ်လေးတွေရှိနေတာကြောင့် ငါး၊ ဖား၊ ကဏန်းကောင်တွေကို ရှာဖွေစားသောက်ပြီး၊ အထူးသဖြင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဦးစားပေးနေကြရပါတယ်။

ငါးရှာထွက်ရင်း တဲအိမ်လေးထဲ ပြန်ရောက်လာတဲ့ အသက် ၃၅ နှစ်အရွယ်အမျိုးသားတဦးက “မဝယ်စားဘူး။ အမဲသားတို့ ဝက်သားတို့ တခါမှ မစားရတော့ဘူး။ ကြာနေပြီ။ ငါး၊ ကဏန်းကောင်၊ လင်းနို့ဘဲ စားရတယ်။ အသီးတွေနဲ့ လင်းနို့ထောင်ထားတယ်။ ညနေ တညလုံး စောင့်ထားတာ တကောင်၊ နှစ်ကောင်ဘဲ ရတယ်။” လို့ သူ့မိသားစုအတွက် အသားဓာတ်ရဖို့ နေ့တိုင်း ဟင်းရှာထွက်တဲ့အကြောင်းကို ပြောပြနေတာပါ။

အဆိုပါအမျိုးသား နဲ့ သက်တူရွယ်တူ အသက် ၃၅ နှစ်အရွယ် နောက်ထပ်စစ်ရှောင်အမျိုးသမီးတဦးကလည်း နောက်လွယ်လေးတလုံးကို လွယ်၊ ဇာခြင်ထောင်ကို ဝါးချောင်းတွေနဲ့ တြိဂံပုံစံ ပြုလုပ်ထားတဲ့ ပိုက်တခုကို ထမ်းပြီး စစ်ရှောင်စခန်းရဲ့ အဝင်လမ်းကနေ လမ်းလျှောက်ဝင်လာတာကိုတွေ့ရပါတယ်။


သူမဝတ်ထားတဲ့ အဝတ်အစားတွေက စိုရွဲနေသလို၊ ခြေဖနောင့်မှာလည်း ရေစိုတာကြာလို့ ဖြူဖတ်ဖတ်ဖြစ်နေပါတယ်။ သူမတဲအိမ်လေးရှိရာကို ဖြည်းဖြည်းခြင်း လမ်းလျှောက်လာနေတာကို မြင်ပြီး စကားစမြည်ပြောပြီးမေးမြန်းကြည့်တော့ ရေချောင်းထဲ ငါးရှာထွက်ပြီး ပြန်လာတာဖြစ်တယ်လို့ သိရပါတယ်။

သူမနောက်လွယ်ထဲမှာတော့ မိသားစုနည်းတဲ့သူအဖို့ တနပ်စာ လုံလောက်နိုင်တဲ့ ငါးသလဲထိုး၊ ဖားနဲ့ ကဏန်းကောင်တွေ ပါလာပါတယ်။ ဒီ တနပ်စာဟင်းစားလေးရဖို့ မနက်ခင်း ၇ နာရီကတည်းက တဲအိမ်ကနေ စတင်ထွက်ခွာသွားရတယ်လို့ ဆိုပါတယ်။ သူမ ပြန်လာတဲ့အချိန်မှာတော့ နေ့ခင်း ၂ နာရီထိုးအချိန်မှာပါ။ ဒီလိုနေ့တပိုင်းစာလောက် သွားကြပေမဲ့ ကံကောင်းတဲ့နေ့တွေမှဘဲ အခုလို ရရှိလာတယ်လို့ အဆိုပါ အမျိုးသမီးက ပြောပြပါတယ်။

အထက်ပါအမျိုးသမီးနဲ့ အမျိုးသားဟာ ဇနီးမောင်နှံတွေဖြစ်ကြပြီး၊ သမီးနှစ်ယောက်နဲ့အတူ ဖားဆောင်းမြို့နယ်ထဲက ကျေးရွာတရွာကနေ စစ်ဘေးရှောင်စခန်း အမှတ် ၉ ဆိုတဲ့ နေရာမှာ လာရောက်ခိုလှုံနေကြပါတယ်။ အဲ့ဒီဇနီးမောင်နှံမှာ သမီးသုံးယောက်ရှိပေမဲ့ လက်ရှိမှာတော့ အသက် ၁၅ နှစ်အရွယ် သမီးအကြီးနဲ့ ၉ နှစ်အရွယ် အငယ်ဆုံးလေးသာ ကျန်ရှိနေတာပါ။ အသက် ၁၁ နှစ်အရွယ် အလတ်ဖြစ်သူ သမီးလေးကတော့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ သူတို့နေထိုင်တဲ့ ကျေးရွာအတွင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဗုံးဆံထိမှန်ပြီး ပွဲချင်းပြီးသေဆုံးကာ သမီးဖြစ်သူကိုဆုံးရှုံးခဲ့ရပါတယ်။

“ကျ‌နော့် သမီးကို အဲ့ရွာမှာဘဲ မြေချလိုက်တယ်။ မြေချပြီးမှဘဲ စစ်ဘေးရှောင်လာရတယ်။ မြေချတာ နေ့လည် တနာရီအချိန်မှာ ချတယ်ပေါ့။” လို့ သူတို့ဇနီးမောင်နှံရဲ့ သမီးလေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး လေယာဉ်ထပ်မံလာရောက်ကြဲချမှာကို ကြောက်နေရတာကြောင့် ဖြစ်သလိုသာ မြေချခဲ့ရပုံကို ပြန်ပြောင်းပြောပြနေတာပါ။

“အားကိုးရတယ် တယောက် ၁၂နှစ်ရှိပြီ။ သေတုန်းက ၈ လပိုင်းသေတယ် ၁၂ နှစ်ပြည့်ပြီ သူမွေးတဲ့ အချိန်က ၈ လပိုင်း ၁၇ ရက် ၂၀၁၁။ ၁၂ နှစ်ပြည့်ခါနီးပြီ။ တောင်ယာထဲသွားတယ်ဆို သူလိုက်တယ်။ အမြဲတမ်းလည်း ခေါ်သွားတယ်။ ငှက်လိုက်ရင်ခေါ်သွား အဲ့မျိုးပေါ့။ သွားလည်ဆို မခေါ်သွားဘူး။ နှမ်းလုပ်တဲ့ ချိန်ဆို နှမ်းခုတ်လို့ရတယ်။ ယောကျာ်းတယောက်မှလည်း မရှိဘူး။ သေသွားတဲ့ တယောက်က တောင်ယာသွားလည်းရတယ်။ အိမ်မှာနေလည်းရတယ်။”

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ သူတို့ သမီးလေးရဲ့ မိသားစုအတွက် အားကိုးအားထားရပုံကို ပြောပြနေကြပါတယ်။ နူတ်ခမ်းလေးက ကျန်ရှိတဲ့ သမီးလေးနှစ်ယောက်အတွက် ပြုံးနေကြပေမဲ့ မျက်ဝန်းလေးထဲမှာတော့ ဝမ်းနည်းမှုတွေ၊ ပူဆွေးမှုတွေ အပြည့်ပါဘဲ။

လက်ရှိမှာတော့ အဆိုပါ ဇနီးမောင်နှံဟာ ကျန်ရှိခဲ့တဲ့ သမီးလေးနှစ်ယောက်အတွက် ကြိုးစားရုန်းကန်နေကြပြီး၊ သမီးကြီးဖြစ်သူဟာ ကျန်းမာရေးချူချာတာကြောင့် အသားဓာတ်စားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ နေ့တိုင်းနီးပါး ဟင်းရှာထွက်ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဇနီးမောင်နှံလိုဘဲ စစ်ဘေးရှောင်စခန်း အမှတ် ၉ မှာ ခိုလှုံနေတဲ့ မိသားစုတွေဟာလည်း ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အသားဓာတ်ရဖို့ကို နေ့ရော ညပါ ဟင်းရှာထွက်ကြတယ်လို့ သိရပါတယ်။ နေ့ခင်းဖက်မှာ ချောင်းထဲက ငါး၊ ကဏန်း၊ ဖားလေးတွေ ရှာထွက်ကြပြီး၊ ညဖက်မှာ လင်းနို့ရဖို့ ရှာထွက်ကြတယ်လို့ ဆိုပါတယ်။

“ဒီမှာနေဆို ရက်တိုင်းရှာတယ်။ လင်းနို့ထောင်တာ၊ ငါးသွားလုပ်တာ အဲ့မျိုး။ မရှာစားရင် မရဘူးကော မစားရတော့ဘူး။” လင်းနို့ရှာထွက်တဲ့ အမျိုးသားတဦးက ပြောပါတယ်။

“ကျနော်တို့ ရလာရင် မစားရဲဘူး။ ကလေးတွေအတွက်နဲ့ သက်ကြီးတွေရှိဆို ဥပမာ မိဘတွေအတွက် အဲ့မျိုးပေါ့။ အဲ့လိုတွေ ဦးစားပေးထားထားပေးတယ်။ နည်းနည်းများများရတဲ့အခါဆို အခြောက်လုပ်ပေးလိုက်တယ်။ နည်းနည်းဘဲ ရရင် သူတို့ကို ချက်စားပေးလိုက် အဲ့မျိုးပေါ့။” လို့ အသက် ၄၀ အရွယ်အမျိုးသားတဦးက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းအမှတ် ၉ ဟာ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပြီး ချောင်ကျတဲ့ တောတောင်ထဲမှာ လူဦးရေ ၃၇၀ ဝန်းကျင်က လာရောက်ခိုလှုံနေထိုင်ကြတဲ့ နေရာဖြစ်ပါတယ်။ ဖားဆောင်းမြို့နယ်အတွင်းနဲ့ မယ်စဲ့မြို့နယ်စခန်းသိမ်းတိုက်ပွဲတွေ စတင်ခဲ့တဲ့မေလအတွင်းမှာပဲ လာရောက်ခိုလှုံနေထိုင်ကြတာ ဖြစ်ပါတယ်။

စာရေးသူကနေ စခန်းတာဝန်ရှိသူတဦးအပါအဝင် အမျိုးသမီးတွေ၊ ကလေးငယ်တွေကို “အသားဟင်းတွေ စားရလား” လို့ မေးကြည့်ရာမှာ အားလုံးက “စတင်တိမ်းရှောင်လာတဲ့ နေ့ကတည်းက အခုချိန်အထိ အသား၊ ငါးတွေ မဝယ်စားနိုင်ဘူး” လို့ တုံ့ပြန်ဖြေကြားခဲ့ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် အပါအဝင် ဝင်ငွေရှားပါးမှုပြဿနာကြောင့် အာဟာရရှိတဲ့ အစားအသောက်တွေ၊ လူတဦးအတွက် လိုအပ်တဲ့ အသားဓာတ်တွေကို ဝယ်မစားနိုင်ကြပါဘူး။ ကံကောင်းထောက်မစွာ အလှူရှင်တွေ ကျွေးတဲ့အချိန်ရှိခဲ့ရင် တနပ်စာတော့ စားရရုံလေး ရှိကြတာပါ။

ခပ်နွမ်းနွမ်းဖြစ်နေပြီဖြစ်တဲ့ ခေါင်းပေါင်းလေးကို စောင်းစောင်းလေးပေါင်းပြီး ထမင်းစားပန်းကန်ကိုင်ကာ တဲအိမ်လေးထဲထိုင်ရင်း နေ့လည်ခင်းထမင်းစားချိန်ဖြစ်တာကြောင့် ထမင်းပန်းကန်ထဲ ထမင်းအနည်းငယ်နဲ့ ဆားလေးနယ်ပြီး ရေလုံပြုတ်ထားတဲ့ ငှက်ပျောအူလေးနဲ့ စားနေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတဦးကို “အဖွား ဘာဟင်းစားလဲ” လို့ မေးကြည့်ရာမှာ ငှက်ပျောအူလေးကို လက်ညိုးလေးနဲ့ ထိုးပြပြီး “ဒါ အဖွားတို့အတွက် အကောင်းဆုံးဟင်းဘဲ” လို့ ပြုံးရယ်ပြီး ပြန်ပြောခဲ့ပါတယ်။

အလှူရှင်တွေကနေ ပံ့ပိုးပေးတဲ့ ပဲနီလေးတွေကတော့ စစ်ဘေးရှောင်တွေအတွက် အဓိက ဟင်းဖြစ်နေပြီး၊ဉ နေ့တိုင်းစားသုံးနေရတာကြောင့် ဗိုက်လေထိုးပြီး ညဖက်အိပ်မရတာတွေ ဖြစ်ပေမဲ့ ဒါတွေစားနေရသေးတာက အကောင်းဆုံးသော အခြေအနေဖြစ်တယ်လို့ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြသူတွေက ပြောပါတယ်။

spot_img
spot_img

Recent posts