spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အာဆီယံ သံတမန်ယာဉ်တန်း ပစ်ခတ်မှုကို ဌာနေပြည်သူ့စစ်(PNO) လုပ်ဆောင်တယ်လို့ PNFC ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မေလ(၇)ရက်နေ့ က စစ်ရှောင်တွေကို ကူညီဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် PNLOဆက်ဆံရေးရုံးကို သွားနေတဲ့ အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်ခံခဲ့ရပြီး အဲဒီပစ်ခတ်မှုကို ဌာနေပြည်သူ့စစ်(PNO) လုပ်ဆောင်တာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)က ဆိုပါတယ်။

“ ဌာနေပြည်သူ့စစ်တွေ PNOစိုးမိုးတဲ့နယ်မြေ ဖြစ်တယ်။ PNOကနေ နယ်မြေလုံခြုံရေး ယူရတဲ့ နယ်မြေဖြစ်တယ်။ PNOသည် စစ်ကောင်စီရဲ့ အမိန့်နဲ့ ညွှန်ကြားမှုအောက်မှာရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့်မို့ ဌာနေပြည်သူ့စစ်အဖွဲ့အစည်းကနေပြီးတော့ ဒါ ခြုံခိုတိုက်ခိုက်လုပ်ကြံတာဖြစ်တယ်လို့ ပြောရင်တော့ အဲဒီနယ်မြေမှာရှိတဲ့ PNOပဲဆိုတာဟာ ကျနော်တို့ ပြေးကြည့်စရာမလိုပဲနဲ့ တွေးကြည့်ရုံနဲ့ အဖြေက တန်းပေါ်ပါတယ်ခင်ဗျ။ “ လို့ PNFC အတွင်းရေးမှူး(၂) ခွန်ဝေထူး က ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားပါတယ်။

အဲဒီပစ်ခတ်ခံရတဲ့ နယ်မြေက ဒေသခံ ပြည်သူတွေရဲ့ မျက်မြင်တွေ့ရှိချက်အရ ဌာနေပြည်သူ့စစ်အဖွဲ့အစည်း ဖြစ်တယ်ဆိုတာကို ပြောဆိုကြတာရှိသလို ပစ်ခတ်မှု ဖြစ်တဲ့နေရာ အနီးဆုံးနေရာမှာလည်း PNOတပ်ရင်း၊ တပ်စခန်းတွေ ၊ လုံခြုံရေးဂိတ်တွေရှိပြီး မြေပြင်အနေအထားအရ အခြားတိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း အနေနဲ့ ပြောက်ကျားဝင်ရောက်ခြုံခိုတိုက်ခိုက်ဖို့ အခြေအနေ လုံးဝမရှိတဲ့ အနေအထားဖြစ်တယ်လို့ လည်း သူက ဆက်ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်မြောက်ဖက် နန်းဩရွာ အနီးမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး လူထိခိုက်မှု တစ်စုံတစ်ရာတော့ မရှိခဲ့ပါဘူး။ အင်ဒိုနီးရှားသံရုံးက အရာရှိ နှစ်ဦး၊ စင်ကာပူသံရုံးက အရာရှိနှစ်ဦး၊ အာဆီယံညှိနှိုင်းရေးစင်တာ (AHA)ရုံးက တာဝန်ရှိသူတွေ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တာဝန်ရှိသူတွေ လိုက်ပါလာတာဖြစ်ပြီး ပစ်ခတ်ခံရတဲ့အပေါ် အမေရိကန် ၊ အင်ဒိုနီးရှား၊ စင်္ကာပူ နိုင်ငံတွေက ရှုတ်ချကြောင်း ထုတ်ပြန်ကြတာရှိပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်ပြီး PNFC က မေလ ၁၁ ရက်နေ့မှာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်ထုတ်ထားသလို စစ်ကောင်စီက တိုင်းရင်းသားဒေသအတွက် လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီကို မပေးချင်တာ ဖြစ်တယ်လို့လည်း PNFC အတွင်းရေးမှူး(၂) ခွန်ဝေထူး က ဆက်လက် သုံးသပ်ပါတယ်။

“ ဒီလိုပစ်ခတ်လိုက်ခြင်းအားဖြင့် ကျနော်တို့တိုင်းရင်းသားဒေသမှာလိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီကို အကြီးအကျယ် အဟန့်အတားဖြစ်စေတယ်။ စစ်ကောင်စီနဲ့ အပေါင်းအပါတွေက လူသားချင်းစာနာထောက်ထားမှုအကူအညီပေးတာကို အသုံးချပြီး မတူညီတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုအချင်းချင်းကြားမှာ သပ်လျှိုသွေးခွဲမှုကို ရည်ရွယ်ချက်ချက်ရှိရှိ ဆောင်ရွက်တာဖြစ်တယ်။ အာဆီယံမျက်နှာစာမှာသော်လည်းကောင်း ကမ္ဘာ့နိုင်ငံရေးမျက်နှာစာမှာသော်လည်းကောင်း တော်လှန်ရေးအဖွဲ့အစည်းတွေကို ချောက်တွန်းပြီးတော့ သူက အမှတ်ဝင်ယူချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူသားချင်းစာနာထောက်ထားမှု အကူညီပေးရေးကိစ္စကို အသုံးချလိုက်တာဖြစ်ပါတယ်။ “

စစ်ကောင်စီဖက်ကတော့ ဒီပစ်ခတ်မှုကို အကြမ်းဖက်သမားတွေ ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လည်း လက်အောက်ခံ PDFတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့တာမဟုတ်သလို NUGကနေ စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်လျက်ရှိပြီး ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ရလဒ်တွေကို ထုတ်ပြန်သွားမယ်လို့ လည်း ဆိုပါတယ်။

အာဆီယံယာဉ်တန်း ပစ်ခတ်ခံရမှုက စစ်ရှောင်တွေ ကူညီပေးနိုင်ရေး အစီအစဉ်ကို ဖျက်လိုဖျက်စီးပြုလုပ်ခြင်းဖြစ်ပြီး မြေပြင်အခြေအနေမှန်ကို အာဆီယံနိုင်ငံတွေ သိရှိသွားမှာ စိုးရိမ်တဲ့အတွက် ဖုံးကွယ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) ကလည်း မှတ်ချက်ပြုထားပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကလည်း NCA စာချုပ်ပါ ပြဌာန်းချက်အရ ဒေသတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းစဉ်တွေကို နိုင်ငံတကာအလှူရှင်၊ ပြည်တွင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်နေခြင်းကို အဆိုပါပစ်ခတ်မှုကြောင့် ရပ်တန့်သွားမှာမဟုတ်ဘဲ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ မေလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

spot_img
spot_img

Recent posts