ကန္တာရဝတီတိုင်း(မ်)
စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း မြန်မာပြည် ဒေသအသီးသီးက (၁၀)ဦးနဲ့အထက် ပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် (၂၁)ခု ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်ထဲ ကရင်နီပြည်မှာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ မူဆိုဖြစ်စဉ် (အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်မှု) အပါအဝင် တခြား ဒေသအသီးသီးက ဖြစ်စဉ်တွေ ပါဝင်နေတာပါ။
စစ်ကောင်စီကတော့ အခုလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေအပေါ် တာဝန်ခံရမှာ ဖြစ်တယ်လို့ NLD ရဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘိုဘိုဦးက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီ မင်းအောင်လှိုင်အနေနဲ့ စစ်ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့တယ်။ ဒါတွေအတွက်ကို သူဟာ တာဝန်ယူမှု တာဝန်ခံမှု အပြည့် ရှိရပါမယ်။ ဒီအချိန်မှာ ဥပဒေကြောင်းအရ သူရင်ကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ ဥပဒေ အရကော နိုင်ငံတကာဥပဒေအရကော သူဟာရင်ဆိုင်ရမှာပါ။”လို့ ဦးဘိုဘိုဦးက ပြောပါတယ်။
အဆိုပါ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၂၁ ခုထဲမှာ ထိခိုက်နစ်နာသူ စုစုပေါင်း လူဦးရေ (၅၆၂) ဦးရှိကြောင်း ထုတ်ပြန်ထားပြီး အသေးစိတ် အချက်အလက်ကို ထုတ်ပြန်နိုင်ဖို့ အခက်ခဲရှိတာကြောင့် လိုအပ်ချက်တွေ ရှိနေနိုင်သေးတယ်လို့ ဦးဘိုဘိုဦးက ဆက်ပြောပါတယ်။
“မျက်မြင်သက်သေများနဲ့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရတဲ့သူတွေကို တတ်နိုင်သလောက် ကျနော်တို့ တွေ့ဆုံ ပြီးအချက်အလက်များကို စုစည်းထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီဖက်က တင်ပြထားတဲ့ တချို့အချက်အလက်တွေမှာ လိုကောင်းလိုပါလိမ့်မယ်။ တချို့ဖြစ်ရပ်တွေ ပါချင်မှပါပါလိမ့်မယ်”လို့ ဦးဘိုဘိုဦးက ပြောပါတယ်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဥ်၂၁ခုထဲမှာမှ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ရခိုင်ပြည်နယ် နဲ့ ကရင်နီပြည် စတဲ့ ဒေသတွေ ပါရှိပြီး စစ်ကိုင်းတိုင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုက အများဆုံးဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး စစ်ရာဇဝတ် ကျူးလွန်မှုတွေ ရပ်တန့်ရေးနဲ့ ကျူးလွန်ခံရသူ မြန်မာပြည်သူများအတွက် တရား မျှတမှု အမြန်ဆုံးပြန်လည်ရရှိစေရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် ဒီထက် ပိုမိုထိရောက်စွာ ကူညီပံ့ပိုးပေးနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ထုတ်ပြန်ချက်မှာ မေတ္တာရပ်ခံထားတာလည်း ရှိပါတယ်။