spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အာဏာသိမ်းကာလအတွင်း အကျဉ်းချခံမိသားစုဝင်တွေကို လက်လှမ်းမှီသလောက်သာထောက်ပံ့ပေးနိုင်

ထောက်ပံ့ကြေးငွေ သုံးသောင်းရရှိတဲ့ အကျဉ်းကျခံမိသားစုဝင်တစ်ဦး။

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး အကျဉ်းချခံနေရသူတွေရဲ့ မိသားစုဝင်တွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ကနေပြီး ထောက်ပံ့ပေးနေတာတွေရှိပေမယ့် အားလုံးကိုထောက်ပံ့ပေးနိုင်တာ မရှိသေးဘဲ လက်လှမ်းမှီသလောက်သာ ထောက်ပံ့ပေးနိုင်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ အားလုံးမရနိုင်ဘူး။ ဘာဖြစ်လို့လဲဆို တချို့ ဖမ်းဆီးခံစာရင်းက လက်လှမ်းမမှီဘူးလေ။ တချို့သူများ ပေးပို့လို့သိတယ်။ တချို့ တစ်ဆင့်ကနေ တစ်ဆင့် သိရတယ်။ တချို့ လိုင်းပေါ်ကနေ သိရတော့ မချိတ်ဆက်နိုင်ဘူး။ သဘော တချို့နေတာက ဒီစစ်ပွဲဖြစ်တဲ့နေရာတွေ ဒေါငံခါး ၊ မားနာပလော့၊ သေးဆူလဲတို့၊ ဒေါဥခူ၊ ခြောက်မိုင်တို့က လူတွေဆိုရင် ပေးလို့မရဘူး ဘယ်လိုပေးရမလဲ မသိဘူး။ အဆက်အသွယ်လည်း မရှိ ဘယ်လို ဆက်သွယ်ရမလဲ မသိ အဲ့လိုဖြစ်တော့ ကျနော်တို့ကတော့ ဒီအတိုင်း တခြားလိုအပ်တဲ့ဖက် အချိတ်အဆက်မိတဲ့ ဖက်ပဲ ကျနော်တို့ လိုက်ပေးတယ်ပေါ့။ အဲ့လိုတော့ လုပ်တယ်။ ဘာဖြစ်လို့လဲဆို သူတို့ အပြည့်အဝလည်း မပေးဘူးကော အဲ့လိုဖြစ်တယ်။လူစုံတက်စုံ မပေးနိုင်ဘူး ပြန်လှည့်ပေးရတယ်ပေါ့။ “ လို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ ပုဒ်မအမျိုးမျိုးနဲ့ စစ်ကောင်စီရဲ့ တရားစွဲဆိုခြင်းခံရပြီးနောက် လက်ရှိ အမှုရင်ဆိုင်ဆဲ (၁၁၆)ဦးနဲ့ အမိန့်ချပြီး (၁၄၁)ဦးရှိပြီး ဖမ်းဆီးခံရသူ (၂၆၀)ဝန်းကျင်ရှိတယ်လို့ PKPF တာဝန်ရှိသူတစ်ဦးထံကနေ သိရပါတယ်။

PKPFကနေတဆင့် AAPPနဲ့ ချိတ်ဆက်ပြီး ထောက်ပံ့ငွေပေးတာတွေရှိပေမယ့် အပြည့်အဝ ထောက်ပံ့နိုင်တာတွေ မရှိသေးတဲ့အတွက် အကုန်လုံးပေးနိုင်ခြင်းမရှိသေးဘူးလို့ သူကပြောပါတယ်။

AAPP ကနေပြီး ကရင်နီပြည်မှာရှိတဲ့ အကျဉ်းချခံသူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ပေးမှုမှာ ယခုနှစ်အတွင်း ၅ ကြိမ် ဝန်းကျင် ရှိပြီလို့ ဆိုပါတယ်။ သားဖြစ်သူ ထောင်ဒဏ် ၅နှစ်ချမှတ်ခံရတဲ့ မိခင်တစ်ဦးကတော့ ရရှိတဲ့ ထောက်ပံ့ကြေးကို သားဖြစ်သူနဲ့ ထောင်ဝင်စာတွေ့တဲ့အချိန် ပြန်အသုံးပြုတယ်လို့ ပြောပါတယ်။

“ အခုလို ထောက်ပံ့တော့ အများကျေးဇူးတင်တယ်ပေါ့။ လုံလောက်တာ မဟုတ်ရင်တောင် တစ်ဖက်တစ်လမ်း အဲ့လို ကူညီတော့ စိတ်ချမ်းသာတယ်ပေါ့။” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အခုလိုထောက်ပံ့မှုနှစ်ကြိမ်ရရှိပြီဖြစ်ပြီး တစ်ကြိမ်ကို သုံးသောင်းကျပ်ရရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း PKPF စာရင်းအရ ကရင်နီပြည် မှာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅(က) နဲ့ဖမ်းဆီးထောင်ချခံရတာ အများဆုံးဖြစ်ပြီး အားပေးကူညီမှုပုဒ်မ ၁၁၄ ၊ လက်နက်ဥပဒေပုဒ်မ ၁၉( စ )၊ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇( ၁ )၊ လူသတ်မှုပုဒ်မ ၃၀၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ ၅၂ စတဲ့အမှုတွေနဲ့ တရားစွဲဆိုခံခဲ့ရတယ်လို့ သိရပါတယ်။

spot_img
spot_img