spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အာဏာသိမ်းကာလအတွင်း အသက်(၁၈)နှစ်အောက်ကလေး သေဆုံးသူ အနည်းဆုံး (၅၀)ဦးဝန်းကျင်ရှိနေ

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းကာလအတွင်း ၂၀၂၃ခုနှစ် ၊ စက်တင်ဘာလအထိ အရပ်သားပြည်သူ‌သေဆုံးသူ (၄၅၀)ကျော်ရှိနေပြီး အဲ့ဒီထဲမှာ အသက်(၁၈) နှစ်အောက် ကလေး အယောက်(၅၀)ဝန်းကျင်ပါဝင်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ( IEC) အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

“ ၁၈ နှစ်အောက် စာရင်းက ကျနော်တို့ အကြောင်းအရင်းအမျိုးမျိုးကြောင့် သေဆုံးတာက (၅၀) ဝန်းကျင်ရှိတယ်လို့ ကျနော်တို့ ကနဦး ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီဟာက ၁၀၀ ရာခိုင်နှုန်းပေါ့နော ကွက်တိ ပြန်ပြီးမဆန်းစစ်နိုင်သေးဘူး။ စစ်ကောင်စီရဲ့လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်မှုကြောင့် သေဆုံးတာက အများဆုံးဖြစ်ပါတယ်။ ဖမ်းဆီးသတ်ဖြတ်တဲ့ထဲမှာတော့ မူဆိုဖြစ်စဥ်မှာ ကျနော်တို့မှန်းတာတော့ အသက်အငယ်ပိုင်းပေါ့နော နှစ်သားအရွယ် ကလေးပါနိုင်တယ်ဆိုပြီးတော့မှ ကျနော်တို့အဲ့လောက်ပဲမှန်းခြေရှိတယ်။ “ လို့ ဦးဗညားက ဆိုပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းတွေကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးရတာ အများဆုံးဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးတာကတော့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ဒါ့အပြင် လေကြောင်းဗုံးကြဲခံရမှုကြောင့် သေဆုံးတာ၊‌ မြေမြှုပ်မိုင်းကြောင့် သေဆုံးတာတွေလည်း ရှိပါတယ်။

ကရင်နီပြည်မှာတော့ ဖရူဆိုမြို့နယ် မိုဆို အစုလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်၊ လွိုင်ကော်မြို့ ရေယိုကျေးရွာမှာ စစ်ကောင်စီကနေ အရပ်သားတွေကို သတ်ပြီး အိမ်သာကျင်းထဲ ပစ်ထည့်ခံရတဲ့ ဖြစ်စဉ် တွေမှာဆိုရင် ၁၈နှစ်အောက် ကလေးငယ်တွေ ပါဝင်တာတွေ ရှိနေပါတယ်။

IECအနေနဲ့ အခုလို စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူတွေကို နိုင်ငံတကာအထိ ဥပဒေကြောင်းအရ အရေးယူနိုင်အောင် နဲ့ ထိခိုက်နစ်နာသူတွေကို ကုစားမှုတွေ လုပ်ဆောင်ဖို့ ရှိတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“ ကျူးလွန်တဲ့သူတွေကို အထူးသဖြင့် မြန်မာ့တပ်မတော်ပဲပြောပြော တပ်ဖွဲ့ဝင်တွေ တပ်တွေရဲ့ ကျူးလွန်မှုကို အရေးယူမှု မပြုနိုင်ခဲ့ဘူးပေါ့နော။ အဲ့ဒီအတွက်ကြောင့်မလို့ ဆက်လက်ပြီးတော့မှ လူ့အခွင့်အရေးချိုးဖောက်ဖို့အတွက် အားပေးရာရောက်သွားခဲ့တယ်လို့ ပြောလို့ရတယ်။ ဒီနောက်ပိုင်းမှာက ဒီလုပ်ရပ်တွေ အားလုံးရပ်တန့်သွားနိုင်အောင် ကျူးလွန်သူအားလုံးကို အငယ်ဆုံးကနေ အကြီးဆုံးထိပေါ့နော ဥပဒေကြောင်းအရ ဥပဒေနဲ့အညီပေါ့နော နိုင်ငံတကာဥပဒေနဲ့လည်းဖြစ်နိုင်တယ် မြန်မာနိုင်ငံဥပဒေနဲ့လည်းဖြစ်နိုင်တယ် မဟုတ်လည်း ဒေသန္တရတခုချင်းစီရဲ့ ကျနော်တို့ခေါ်တာက ဒေသန္တရဥပဒေအရနဲ့လည်း ဥပဒေရဲ့ တရားမျှတမှု ကို ခံစားရမှာဖြစ်ပါတယ်။ “ လို့ ဆိုပါတယ်။

IEC ဖော်ပြထားတဲ့အချက်အလက်အရ အာဏာသိမ်းကာလ နှစ်နှစ် ကျော်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ၄၅၀ကျော်ဟာ စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရမှုကို လက်လှမ်းမှီတဲ့ အရေအတွက်သာဖြစ်ပြီး သေဆုံးသူတွေက ဒီထက်ပို များနိုင်တယ်လို့ ဆိုပါတယ်။

တိုးတက်သောကရင်နီပြည်သူ့ အင်အားစု (PKPF)ရဲ့၂၀၂၃ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူနဲ့ စစ်ရှောင်ရင်းသေဆုံးသူ (၅၂၂) ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ အာဏာသိမ်းကာလအတွင်း မြန်မာတစ်နိုင်ငံလုံး အတိုင်းတာအရ သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူပေါင်း (၄၁၀၀)ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စက်တင်ဘာလ ၂၂ရက်နေ့မှာ ဖော်ပြထားပါတယ်။

spot_img
spot_img