spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အာမခံချက်ရှိတဲ့ ပညာရေးဖန်တီးပေးရန် ကျောင်းသားသမဂ္ဂများတောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြည်သူ့အခြေပြု ပညာရေးကျောင်းတွေမှာ တက်ရောက်သင်ကြားနေကြတဲ့ ကရင်နီပြည်က ကျောင်းသူ၊ ကျောင်းသားများအတွက် အာမခံချက်ရှိတဲ့ပညာရေး ဖော်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ဒီးမော့ဆို အခြေခံပညာကျောင်းသားများသမဂ္ဂ ဥက္ကဌက ကိုခွန်း ကပြောပါတယ်။

“ဘယ်အစိုးရမှာဘဲ ကျောင်းတက်ရမယ်၊ ဘယ်အစိုးရမှာက ကျောင်းမတက်ရဘူးဆိုတာထက် ကျနော်တို့ ပြည့်သူ့အစိုးရဘက်မှာရော အာမခံချက်ရှိတဲ့ပညာရေးဖြစ်ဖြစ် ဖော်ဆောင်ပေးစေချင်တယ်ပေါ့နော်။ အခုမြေပြင်မှာဆိုရင်ရှိတယ် အခြေခံကျောင်းပြီးသွားတယ် သူ့မှာပညာဆက်လက်သင်ကြားခွင့် မရတဲ့သူတွေ ရှိတယ်။ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ဘဝဆုံးသွားတဲ့သူတွေရှိတယ် ဒီလူတွေကိုဆက်လက်ပြီး ပညာသင်ကြားဖို့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအနေနဲ့ ဒါကို ကျနော်တို့ကျောင်းသားတွေအတွက် အကောင် အထည်ဖော်စေချင်ပါတယ်”လို့ ဒီးမော့ဆိုအခြေခံပညာ ကျောင်းသားသမဂ္ဂ ဥကဋ္ဌ ကိုခွန်း ကဆိုသည်။

လက်ရှိကရင်နီပြည်မှာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေကြရတဲ့အတွက် ပညာသင်ကြားခွင့်မရတဲ့ ကျောင်းသူ၊ကျောင်းသားတွေရှိသလို၊ အဆင့်မြင့်ပညာနဲ့ သက်မွေးပညာတွေ ဆက်လက်ပညာသင်ကြားနိုင်ဖို့ ကျောင်းတွေမရှိတဲ့အတွက် အခွင့်အလမ်းဆုံးရှုံးနေကြသူတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

လက်ရှိ ကရင်နီပြည်ရဲ့ ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC နဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC အပြင်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကနေ ကရင်နီပြည်က ကျောင်းသားတွေဆက်လက် ပညာသင်ကြားနိုင်ဖို့အတွက် တက္ကသိုလ်နဲ့ ကောလိပ်တွေကို ဖွင့်လှစ်နိုင်တဲ့အခွင့်အရေးကို ဖန်တီးပေးဖို့ လိုတယ်လို့ ကိုခွန်း က ပြောပါတယ်။

“ သူတို့အတွက် spring university (နွေဦးတက္ကသိုလ်) ဖြစ်ဖြစ် အောင်အောင်မြင်မြင်နဲ့ဖွင့်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဖွင့်ခဲ့တာလည်းရှိတယ်၊ ဒါပေမဲ့နည်းစနစ် မကျခဲ့ဘူးပေါ့။ မြေပြင်မှာလည်း ဖွင့်စေချင်တယ်။ အတက်နိုင်ဆုံးကောလိပ်တွေ ပေါ်ပေါက်လာစေချင်တယ်။ ဒါမှဘဲကျောင်းသားတွေက ကျွန်တော်တို့ကို အယုံအကြည်ရှိစေမယ်။ ပြည်သူ့အခြေပြုကျောင်းတွေမှာဘဲ ဆက်တက်ချင်ကြမယ်။ စစ်ကောင်စီကျောင်းဘက်မှာ ပါမသွားဘူးပေါ့။ ဒါကြောင့် ကျွန်တော်တို့ သူတို့ကိုပညာရေးမှာ အာမခံချက်တစ်ခုခု ပေးနိုင်ဖို့လိုတယ်” လို့ ကိုခွန်း ကဆက်ပြောပါတယ်။

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးအောင်ဆန်းမြင့်ကတော့ အဆင့်မြင့် ပညာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ချိတ်ဆက်နေသလို၊ နိုင်ငံတကာ တက္ကသိုလ် တွေနဲ့လည်း ချိတ်ဆက်နေပေမယ့် အခက်အခဲတွေကတော့ ရှိနေဦးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

“ကျနော်တို့ အဓိက ကတော့ လက်ရှိတော်လှန်ရေးကာလမှာကတော့ ကျနော်တို့ အခက်အခဲတွေအများကြီး ကြုံရဦးမှာဖြစ်တယ်။ အဲ့တော့ ကျနော်တို့ ပြည်နယ်ကိုမပြောသေးဘူး၊ ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရကို တောင်မှ နိုင်ငံတကာကနေ အသိမှတ်ပြုတဲ့ တရားဝင်မှုရှိအောင် ကြိုးစားနေတဲ့ အချိန်ကာလမှာ ပညာရေး၊ ကျန်းမာရေးအတွက် အာမခံပေးနိုင်တဲ့ ကျနော်တို့လုပ်ငန်းဆောင်ရွက်မှုကိုတော့ ကျနော်တို့ တဖြည်းဖြည်းကြိုးစားဆောင်ရွက်နေတာရှိတယ်။” လို့ KSCC ရဲ့ ဥက္ကဌ ဖြစ်တဲ့ ဦးအောင်ဆန်းမြင့် ကပြောပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ကတော့ နွေဦးတက္ကသိုလ်တွေ ဖွင့်လှစ်ထားပေမယ့် အွန်လိုင်းမှာ တက်ရောက်သင်ကြားရမှာဖြစ်တဲ့အတွက် အင်တာနက်လိုင်း၊ ဖုန်းလိုင်းမရှိတော့တဲ့ ကရင်နီပြည်က ကျောင်းသူ၊ကျောင်းသားတွေအတွက်ကတော့ လက်လှမ်းမမီဘူးလို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

“နွေဦးတက္ကသိုလ် တို့လိုမျိုးကတော့ ကလေးတွေကို ထားချင်တာပဲလေ။ ဒါပေမယ့် လက်လှမ်းမမီဘူးကော” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ရှောင်ပြည်သူဦးရေအများဆုံးရှိနေတဲ့ ဒီးမော့ဆိုမြို့နယ်မှာ ပြည်သူ့အခြေပြုကျောင်း ၈၀ ကျော်ရှိပြီး၊ ကျောင်းသူ၊ကျောင်းသား ၁ သောင်းခန့်ရှိနေတယ်လို့ ကျောင်းသားသမဂ္ဂ အဖွဲ့တွေက ပြောပါတယ်။ ကျန်မြို့နယ်တွေမှာလည်း ကိုယ်ထူကိုယ်ထဖွင့်လှစ်နေတဲ့ စာသင်ကျောင်းတွေရှိသလို တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်းတွေလည်းရှိနေပါတယ်။

spot_img
spot_img

Recent posts