spot_imgspot_imgspot_imgspot_img
Monday, November 11, 2024
spot_imgspot_imgspot_imgspot_img

အားနည်းချက်ပေါင်းများစွာနဲ့ ကယားပြည်နယ်ရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကြီး

Author

Date

Category

စိုင်းလင်းလင်းဦးရေးသားသည်

အုပ်ချုပ်ရေး(အစိုးရအဖွဲ့)၊ ဥပဒေပြုရေး(လွှတ်တော်များ)နဲ့ တရားစီရင်ရေး(တရားရုံးချုပ်) စတဲ့ မဏ္ဍိုင်ကြီး သုံးခုဟာ မဏ္ဍိုင်တစ်ခုတည်းက လုပ်ပိုင်ခွင့်အာဏာတွေ အလွန်အကျူး မယူနိုင်အောင် အချင်းချင်း ထိန်းညှိ ထိန်းကျောင်း(Check and Balance) လုပ်တယ်ဆိုတာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းက လက်ခံထားတဲ့ အရာဖြစ်ပါတယ်။ မဏ္ဍိုင်အသီးသီးဟာ မျှတတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပိုင်ဆိုင်ထားကြပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းနှင့် ပြည်နယ် (၁၄) ခုထဲမှာ ကယား(ကရင်နီ)ပြည်နယ်လွှတ်တော်ကနေ ဥပဒေပြုနိုင်မယ့် (၁၀) ဦးသာရှိတဲ့ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မပါ)ဟာ အခြားတိုင်းနှင့် ပြည်နယ်နဲ့ ယှဉ်ရင် အရေအတွက် အနည်းဆုံးပါပဲ။

ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် (၇)မြို့နယ်အတွက် ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄)ဦးရှိတဲ့အနက် အစိုးရအဖွဲ့မှာ ပါဝင်သွားတဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနဲ့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးတို့ကို နုတ်လိုက်တဲ့အတွက်ကြောင့် ပြည်နယ်လွှတ်တော်အပိုင်းမှာ (၁၀) ဦးပဲ ကျန်တော့တာ ဖြစ်ပါတယ်။

ကျန်ရှိတဲ့ ပြည်နယ်အမတ် (၁၀) ဦးမှာမှ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုတိယ ပြည်နယ်လွှတ်တော်ဥက္ကဌနဲ့ ဆုံးပါးသွားတဲ့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်က ဦးသိုးရယ်ကို နုတ်လိုက်ရင် (၇) ဦးပဲ ကျန်တော့ပြီး အဲဒီ ရ ဦးကပဲ တစ်ပြည်နယ်လုံးက မြို့နယ် (၇)မြို့နယ်ရဲ့ ပြည်သူတွေကို ကိုယ်စားပြုနေရတာပါ။ ပြည်နယ်အတွင်း လူဦးရေ (၃)သိန်းကျော်လောက်ကို ကိုယ်စားပြုနေတဲ့ အမတ် (၇) ဦးရှိနေတာဟာ အချိုးအရ ကွာခြားချက် သိပ်တော့ မများပေမယ့် အဆို၊ မေးခွန်းနဲ့ ဥပဒေကြမ်းတွေကို ဆွေးနွေး၊ တင်သွင်း၊ မေးမြန်းဖို့ကတော့ အလုပ်ကို ပိုက်စိပ်တိုက် လုပ်ရတော့မှာပါ။

ဒုလွှတ်တော်ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဖြစ်သွားတဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်အမတ် တစ်ယောက်ရဲ့ တာဝန် ဝတ္တရားအတိုင်းလုပ်ခွင့်ရှိပေမယ့်လည်း လက်ရှိထမ်းရွက်နေတဲ့ တာဝန်တွေကြောင့် အထက်ပါ အမတ် ရ ဦးလောက် အားစိုက်ထုတ်လို့မရတာပါပဲ။

“လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ လွှတ်တော်အမတ်တွေဆီကနေ ဘာအဆို၊ ဘာမေးခွန်းတွေမှ မရောက်လာလို့ လွှတ်တော်ခေါ်ဖို့ ခက်နေတယ်။” လို့ ကယားပြည်နယ် လွှတ်တော်ဥက္ကဌ ဦးလှထွေးက ကန္တာရဝတီတိုင်း(မ်)ကို မေလ (၃၀) ရက်နေ့မှာ ပြောခဲ့ဖူးပါတယ်။

လက်ရှိအချိန်အထိ (၇) ဦး ရှိနေတဲ့ ပြည်နယ်အမတ်အရေအတွက်ဟာ ပြည်နယ်လွတ်တော်အမတ် (၅) ဦးသာရှိခဲ့တဲ့ ယခင်ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းက ဦးရေထက်စာရင် များနေပေမယ့် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးရဲ့ အဆိုအရတော့ ဒါဟာ လွှတ်တော်အမတ်တွေ လွှတ်တော်နဲ့ ပတ်သက်ပြီး အလုပ်လုပ်တာ အားနည်းနေဆဲပဲဆိုတာကို ဖေါ်ညွှန်းနေပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီနိုင်ငံရေးရဲ့ ဒုတိယအကြိမ်မြောက် ကယား(ကရင်နီ)ပြည်နယ်လွှတ်တော်နဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်နယ်အစိုးရရဲ့ သက်တမ်း (၂) လလောက်ရှိနေပြီဆိုပေမယ့် ပြည်နယ်လွှတ်တော်မှာ ပုံမှန်အစည်းအဝေးကို နှစ်ကြိမ်သာ ကျင်းပနိုင်သေးတာပါ။ 
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပတဲ့ ဇွန်လတတိယအပတ်အထိ စုစုပေါင်း မေးခွန်း (၁၅)ခုသာ မေးမြန်းနိုင်ပါသေးတယ်။

ဒီကြားကာလမှာ ပြည်သူတွေကျယ်ကျယ်လောင်လောင် အော်နေတဲ့ မော်ချီးပညာရေးကိစ္စနဲ့ ရွှေ့ပြောင်းရေးကိစ္စတွေဟာ ဇွန်လ မရောက်ခင်ကတည်းက လွှတ်တော်မှာ မေးခွန်း (သို့) အဆိုတွေ တင်သွင်းပြီး ဆွေးနွေးသင့်တဲ့ အချိန်ကောင်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီလိုအချိန်မှာ လွှတ်တော်မခေါ်ယူနိုင်ခဲ့သလို ဒုတိယပုံမှန်အစည်းအဝေးမှာလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စွန်းတစ်စမှ လွှတ်တော်မှာ မကြားရတာတော့ အမှန်ပါ။

အဲဒီ အနေအထားရဲ့ အကျိုးဆက်တွေအနေနဲ့ ပြည်သူတွေကြားက ပြည်နယ်အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရအဖွဲ့နဲ့ ဥပဒေပြုရေးမဏ္ဍိုင်တဖြစ်လည်း လွှတ်တော်အပေါ် ဝေဖန်မှုတွေရှိလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်တဲ့ ပြည်နယ်အစိုးရအပေါ် ယုံကြည်ကိုးစားမှု လျော့နည်းလာတဲ့ အခြေအနေတစ်ရပ်ကို ဦးတည်လာတာကို တွေ့မြင်နေရပါတယ်။

“အချို့အပိုင်းတွေခါကျတော့ ကျွန်တော်တို့တွေ ဆွေးနွေးတော့မယ် တင်ပြတော့မယ်ဆိုရင် တိကျတဲ့ အချက်ကိုကျတော့ ကျွန်တော်တို့တွေ စုဆောင်းဖို့ကတော့ နည်းနည်းခက်တယ်။ အဲ့ဒီအပိုင်းတွေကို ကိုယ်စားလှယ်နဲ့သော်လည်းကောင်း၊ ပြည်သူလူထုနဲ့သော်လည်းကောင်း၊ တစ်ခြားအဖွဲ့အစည်းနဲ့သော်လည်းကောင်း ပေါင်းစပ်ပြီးတော့ အဓိကအချက် အမှန်အကန်ကို ရယူဖို့အတွက်ကို ပူးပေါင်းပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် ပြည်သူတွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒအမှန်ကို ဒါမျိုးလေးတွေတော့ ဖေါ်ဆောင်နိုင်မှာပါ။” လို့ ဖါးဆောင်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်ကနေ အရွေးချယ်ခံရတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက ဆိုပါတယ်။

လွှတ်တော်အမတ်တွေအနေနဲ့ မိမိတို့ကိုယ်စားပြုတင်ပြရမယ့် အကြောင်းအရာတွေကို တိကျခိုင်လုံဖို့ အရေးကြီးသလို အချက်အလက်တွေကို စုဆောင်းဖို့အတွက် အရင်းအမြစ်တွေရှိနေတဲ့ နေရာတွေကို ရှာဖွေတတ်ဖို့ လိုအပ်နေဆဲပါ။

ဒေသခံဖွံ့ဖြိုးရေးကွန်ရက် (Local Development Network )ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဦးလိရယ်အန်ဂျေလိုက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အချက်အလက်မှန်တွေ ရရှိဖို့အတွက် ဒေသခံလူထုတွေအပြင် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။

“ဒီဒေတာ (Data) အချက်အလက်တွေက လူထုဖက်ရော၊ လူမှုအဖွဲ့အစည်းဖြစ်တဲ့ CSO တွေ၊ CBOတွေ လုပ်ထားတဲ့ ဒေတာ (Data)တွေနဲ့ ရရှိဖို့ လိုတာပေါ့နော်။ အဲ့ဒါမှ စစ်မှန်တဲ့ အချက်အလက်တွေဖြစ်မယ်။ အမတ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးတော့ Workshop(အလုပ်ရုံဆွေးနွေးပွဲ) တွေလုပ်ဖို့လိုတယ်။”လို့ ဦးလိရယ်အန်ဂျေလိုက ဆိုပါတယ်။

မေးခွန်း စုစုပေါင်း (၉၈)ခု၊ အဆိုပေါင်း (၁၇)ခု၊ ပြည်နယ်အဆင့် ဥပဒေ(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နောက်ဆက်တဲ့ ဇယာ ၂ အောက်ပြုခွင့်ရဥပဒေ) (၉) ခုပြုခဲ့တဲ့ ပထမအကြိမ်လွှတ်တော်သက်တမ်းတုန်းက ပြည်နယ်လွှတ်တော်ရဲ့ အခန်းကဏ္ဍနဲ့ အမတ်တချို့ရဲ့ လုပ်ပိုင်ခွင့်ကို ပြည်နယ်အစိုးရက ထိန်းချုပ်လွမ်းမိုးတာမျိုး ရှိခဲ့တာကို ယခင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးအေးမောင်က ဖွင့်ဟဖူးပါတယ်။

ပြည်နယ်အစိုးရအတွက် အခက်တွေ့စေနိုင်မယ့် အချို့သော အဆို(သို့) မေးခွန်းတွေ မတင်သွင်း၊ မမေးမြန်းခင် တင်သွင်း မေးမြန်းခွင့်တွေကို ပိတ်ပင်တားဆီးတာဖြစ်ခဲ့တာပါလို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောခဲ့တာပါ။

အခုလွှတ်တော်သက်တမ်းမှာရော အရင်လို ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်နေကြပေမယ့် ဒီလိုအနေအထားမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်နယ်အဆင့်လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်ထားနေဆဲပါ။ ဒီအပေါ်မှာ ပြည်နယ်လွှတ်တော်အနေနဲ့ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲက လုပ်နိုင်တဲ့ အတိုင်းအတာကို ပါးပါးနပ်နပ်နဲ့သာ တည့်မတ်ထိန်းကျောင်းဖို့ လိုပါလိမ့်မယ်။

“ငါဒီမိုကရက်တစ် သမားတစ်ယောက်ဖြစ်နေပြီဆိုရင် Decision Maker (ဆုံးဖြတ်ချက်ချသူ) Policy Maker (မူဘောင်ရေးဆွဲသူ) တစ်ယောက်ဖြစ်နေပြီဆိုတဲ့ အတွေးအခေါ် သူတို့မှာ ရှိစေချင်တယ်။ ဒါမှသာ သူတို့ရဲ့ လုပ်ငန်းတွေကို မြန်မြန်အကောင်အထည် ဖော်နိုင်မှာပါ။ ဒီလိုမှမဟုတ်ရင် သူဟာသူ လွှတ်တော်ဥက္ကဌပဲဖြစ်နေပါစေ ဝန်ကြီးချုပ်ပဲဖြစ်နေပါစေ အကောင်အထည်ဖော်နိုင်မှာမဟုတ်ဘူး။” လို့ ကယားလူမျိုးစုပါတီ ဥက္ကဌ စိုင်းနိုင်နိုင်ထွေးက ဆိုပါတယ်။

“ဗဟိုချုပ်ကိုင်မှုသိပ်အားကြီးနေတဲ့ ဖွဲ့စည်းပုံ အောက်မှာ ပြည်နယ်ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ပြည်ထောင်စုက ချမှတ်ဖော်ဆောင်တဲ့အခါမှာ ပြည်နယ်နဲ့ လိုက်လျောညီထွေရှိတဲ့ လုပ်ငန်းတွေဖြစ်ဖို့ လိုအပ်နေဆဲပါ။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေ လွှတ်တော်အပိုင်းကနေ ချဉ်းကပ်ပြီး ပြည်နယ်ရဲ့ ရန်ပုံငွေခွဲဝေရယူဖို့ အခွင့်အရေး ပြည်နယ်လွှတ်တော်အနေနဲ့ ကောင်းကောင်းအသုံးချဖို့လိုတယ်”လို့ စိုင်းနိုင်နိုင်ထွေးက အကြံပြုထားပါတယ်။
ဇွန်လ ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံဖွံ့ဖြိုးရေးလူငယ်တွေရဲ့ တွေ့ဆုံပွဲမှာ လွှတ်တော်အမတ်တွေနဲ့ ဒေသခံတွေကြား ချိတ်ဆက်မှုတွေ များများလုပ်ဆောင်ဖို အတွက် ပိုပြီး အားစိုက်ထုတ်ကြဖို့ ကယားပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေးက တိုက်တွန်းသွားခဲ့ပါသေးတယ်။

ပြည်နယ်လွှတ်တော်ကို အထောက်အကူပေး အားဖြည့်ဖို့အတွက် လွှတ်တော်ကော်မတီအခွဲလေးတွေဖြစ်တဲ့ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးရေးဆိုင်ရာကော်မတီနဲ့ အစိုးရ၏ အာမခံချက်များ၊ ဂတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီစတဲ့ အဖွဲ့တွေကလည်း ရှိနေတာပါ။

ပြည်သူတွေအနေနဲ့ အထက်မှာဖော်ပြထားတဲ့ ကော်မတီတွေကို ချိတ်ဆက်ပြီး အခက်အခဲ ပြသနာတွေကို တင်ပြဆွေးနွေး၊ အကြံပြုလို့ရနိုင်ပါတယ်။

ပြည်သူတွေနဲ့ လွှတ်တော်အကြား ဆက်သွယ်မှု လမ်းကြောင်းပုံစံနဲ့ အပြန်အလှန်ချိတ်ဆက်မှုတွေ ဖော်ပြထားတဲ့ ပြည်နယ်လွှတ်တော်မိတ်ဆက်စာအုပ်ကို မကြာခင် ထုတ်ဝေသွားမယ်လို့ ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ MNTV သတင်းကနေတဆင့် သိရပါတယ်။

လွှတ်တော်ရဲ့ အလုပ်လုပ်ပုံကို ပြည်သူတွေ အရင်ကထက် ပိုမိုနားလညြ်ပီး အသုံးချတတ်ဖို့လိုသလို၊ အမတ်တွေအနေနဲ့ အရင်ကထက် ပိုအလုပ်လုပ်ရတော့မှာပါ။ ဒါမှသာ ပြည်သူတွေက လွှတ်တော်ကနေတဆင့် ဒီမိုကရေစီ အစိုးရတစ်ခုကို ပုံဖော်နိုင်ကြမှာပါ။

ကယား(ကရင်နီ)ပြည်နယ်သားတစ်ဦးဖြစ်တဲ့ ခွန်းငဲဘတ်တိုက “အရင်လွှတ်တော်အမတ်တွေက ပြည်သူတွေကနေတက်လာတဲ့ အသံကိုစောင့်ယူတယ်။ အခု အမတ်တွေက ပြည်သူတွေဆီကို ဆင်းယူဖို့ လုပ်ရတော့မယ့် အချိန် ဖြစ်ရတော့မယ်။” လို့ ဆိုလိုက်ပါတယ်။

ပုံစာ- ၂၀၁၆ ဇွန်လ တတိယအပတ်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပနေစဉ် (ဓါတ်ပုံ – ထျိုးမြာ)

spot_img
spot_img

Recent posts