spot_imgspot_imgspot_imgspot_img
Tuesday, May 28, 2024
spot_imgspot_imgspot_imgspot_img

အိပ်မက်တွေစွန့်လွှတ်ပြီး မိသားစုအတွက် ပြည်ပထွက် အလုပ်လုပ်ကြတဲ့ လူငယ်တွေ

ကန္တာရဝတီတိုင်း(မ်)

“နိုင်ငံခြားကို ရောက်တော့ ဒီလိုမျိုး လစာတွေရတယ်။ တော်တော်လေးအဆင်ပြေမှာပဲ လို့ထင်ထားတာ။ ဒါပေမယ့် ရောက်သွားတော့ အလုပ်အကိုင်တွေက တကယ်အဆင်မပြေဘူးပေါ့နော။ အဲဒီမှာ တစ်ခါ ပြန်ပြီးတော့ စိတ်ဓာတ်ကျတာမျိုးဖြစ်ခဲ့တယ်။” လို့ သူ့ရဲ့ လက်ရှိဘဝအခြေအနေနဲ့ ပတ်သက်ပြီး ညည်းငြူပြောဆိုလာသူကတော့ မော်စေးမြာပဲဖြစ်ပါတယ်။

အသက် ၂၀ ကျော်အရွယ် မော်စေးမြာကတော့ မိသားစုစားဝတ်နေရေးအတွက် နေရပ်ကိုစွန့်ခွာပြီး မလေးရှားနိုင်ငံကို ရောက်ရှိနေတာ တစ်နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေထဲမှာ မော်စေးမြာရဲ့ မွေးရပ်မြေဖြစ်တဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့လည်း ပါဝင်နေပါတယ်။

ယခင်က ပြည်ပမှာသွားပြီး အလုပ်လုပ်ကိုင်ဖို့အတွက် စိတ်ကူးနဲ့တောင် မယဥ်ခဲ့ဖူးတဲ့ သူ့ကို အလုပ်သွားလုပ်ဖို့ ရွေးချယ်စေတဲ့တွန်းအားကတော့ တိုက်ပွဲတွေကိုရှောင်တိမ်းရင်း မိသားစုစားဝတ်နေရေးကျပ်တည်းမှု ဒဏ်တွေကနေ သက်သာရာရဖို့ မျှော်လင့်ချက်တစ်ခုပါပဲ။

အဝေးသင်တက္ကသိုလ် ပထမနှစ် တက်ရောက်နေပြီး အာဏာသိမ်းပြီးနောက် ကျောင်းဆက်မတက်တော့ပဲ မိဘတွေရဲ့ တောင်ယာလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ခဲ့ပါတယ်။

စင်္ကာပူနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ ခူးငဲ။

ဒေသအစုံသွားပြီး သတင်းအချက်အလက်တွေကို ရေးသားတင်ပြတဲ့ သတင်းထောက်ဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့အိပ်မက်လည်း အာဏာသိမ်းမှုနဲ့အတူ ပျောက်ဆုံးသွားခဲ့ပါတယ်။

မော်စေးမြာနေရပ်မှာ ရှိနေခဲ့တုန်းက တိုက်ပွဲတွေကြားမှာ ဝမ်းရေးအတွက် စိုက်ပျိုးလုပ်ငန်းတွေလုပ်နေရတဲ့ မော်စေးမြာနဲ့ သူ့မိသားစုအတွက်တော့ လက်နက်သံတွေဟာ စိတ်ခြောက်ခြားနေခဲ့ရပါတယ်။

ဒါကြောင့် မလုံခြုံတဲ့အခြေအနေမှာ မိသားစုရဲ့ စား၀တ်နေရေး ရပ်တည်ရေးအတွက် ပြည်ကို ထွက်ဖို့ သူရွေးချယ်လိုက်တာဖြစ်တယ်။

မော်စေးမြာလိုပဲ ကွဲပြားတဲ့ရည်ရွယ်ချက်တွေနဲ့ ပြည်ပကို ရောက်ရှိနေတဲ့ မြန်မာပြည်က လူငယ်တွေ အများအပြားရှိနေပါတယ်။

သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပုံမှန်လုပ်ခလစာရပြီး ငွေရေးကြေးရေး ပိုမိုချောင်လည်လာဖို့နဲ့ စစ်ပွဲဒဏ်ခံနေရတဲ့ ပြည်တွင်းမှာကျန်ရှိနေတဲ့ မိသားစုတွေအတွက် တစ်ထောင့်တစ်နေရာကနေ ထောက်ပံ့ပေးဖို့ပါပဲ။

ဒါပေမယ့် ကုန်ကျစရိတ်များပြားလှတဲ့ ပြည်ပသွားတဲ့ခရီးမှာ ထင်သလို မလွယ်ကူဘဲ အကြွေးနွံထဲ နစ်နေသူတွေရှိနေသလို မှောင်ခိုနည်းနဲ့ ရောက်သွားပြီး မရေရာလှတဲ့ အလုပ်တွေနဲ့ ရှင်သန်ဖို့အတွက်နဲ့
ကြိုးစားနေရသူတွေလည်း ရှိနေပါတယ်။

ကမ္ဘာ့ဘဏ်က ဇွန်လ ၂၇ ရက်နေ့ ၂၀၂၃ ခုနှစ်မှာ ဖော်ပြထားတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးလေ့‌လာစောင့်ကြည့်ရေး အစီခံစာအရ အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တဟုန်ထိုးကျဆင်းနေပြီး အလုပ်အကိုင်မရှိမှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုက မြန်မာနိုင်ငံရှိ မိသားစု ၁၀ သန်းကျော်ထဲက ၅ သန်းကျော်ရဲ့ ဘဝဟာ ဆိုးဝါးစွာ ထိခိုက်နေပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာအရ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်ဝင်ရောက်မယ့် အလုပ်လုပ်ကိုင်နိုင်တဲ့ အရွယ်ရောက် အလုပ်သမားပေါင်း ၉ သန်းရှိပေမယ့်လည်း အလုပ်အကိုင်သစ် ၂ သန်းကျော်သာ ရှိနေပါတယ်။

ကျန်ရှိနေတဲ့ ၆ သန်းဟာ အလုပ်လက်မဲ့တွေ၊ ကျောင်းမတက်ရောက်နိုင်ခဲ့သူတွေ နဲ့ အသက်မွေးဝမ်းကျောင်းအတွက် အတတ်ပညာ မတတ်မြောက်ခဲ့ရသူတွေ ဖြစ်နေပါတယ်။

၂၀၂၂ နှစ်ကုန်ပိုင်းကစပြီး မြန်မာနိုင်ငံက မိသားစု ထက်ဝက်လောက်ဟာ အရင်နှစ်တွေကထက် ဝင်ငွေတွေ ကျဆင်းနေတယ်လို့လည်း ကမ္ဘာဘဏ်က ဖော်ပြခဲ့ပါတယ်။

အလုပ်လက်မဲ့နှုန်း၊ အလုပ်ချိန်နည်းပါးလာမှု၊ ကျပန်းအလုပ်တွေကိုသာ မှီခိုရတာ များလာတာကြောင့်လို့ ထောက်ပြထားပါတယ်။ ဒါကြောင့် ဒီလို မသေချာမရေရာမှာတွေက လူငယ်တွေကို ပြည်ပကို ထွက်ခွာဖို့ ပိုပြီးတွန်းအားဖြစ်လာစေပါတယ်။

ဝင်ငွေပိုမိုရရှိတဲ့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး အိပ်မက်ကိုပြန်အကောင်အထည်ဖော်ဖို့ ရည်မှန်းထားပေမယ့် အာဏာသိမ်းမှုရဲ့ အကျိုးဆက်အနေနဲ့ အိပ်မက်တွေ ပျက်ဆီးသွားခဲ့ရတယ်လို့ ဆိုလာသူကတော့ စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ မော်စိုးမြာပဲဖြစ်ပါတယ်။

“ဒီဘက်နိုင်ငံကို ရောက်လာတော့ ကိုယ်က မြန်မာနိုင်ငံက လာတယ်ဆိုတော့ သူများအထင်သေးတယ်လေ။ ကိုယ်ကိုတိုင်ကလည်း အင်္ဂလိပ်စာ အရမ်းကြီးမကျွမ်းတော့ သူတို့လည်း တော်တော်အထင်သေးတယ်။ ဒါပေမယ့် အကောင်းဆုံးတော့ ကြိုးစားပြီးတော့လုပ်ကိုင်ရတာပေါ့နော။ “ လို့ သူကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုကို ပြောပြလာပါတယ်။

မလေးရှားနိုင်ငံက စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး။

မော်စိုးမြာဟာ ယခင်က ကလေးငယ်တွေအတွက် မူကြို‌ကျောင်းဖွင့်ပေးပြီး ငွေးကြေးမတတ်နိုင်တဲ့ ကလေးတွေကို သင်ကြားပေးဖို့ အိပ်မက်ခဲ့သူပါ။ လက်ရှိမှာတော့ သူမအိပ်မက်ကို အကောင်အထည် ဖော်ဖို့ထက် မိသားစုစားဝတ်နေရေး ချောင်လည်လာဖို့က သူ့အတွက် ပိုအရေးကြီးလာနေပါတယ်။

နိုင်ငံရေးအခြေအနေကောင်းလို့ မြန်မာပြည်ပြန်ခဲ့ရင်တောင် မိသားစုနဲ့အတူ တစ်ပိုင်တစ်နိုင်စီးပွားရေးကိုပဲ ဆက်လက်လုပ်ဆောင်ဖို့က သူ့ရဲ့ နောက်ထပ်အိပ်မက်ဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ပေမယ့် အခြေခံအလုပ်တွေဖြစ်တဲ့ အိမ်အကူ၊ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရတာ ၊ စက်ရုံတွေမှာ အလုပ်လုပ်ရတာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ အဓိကလုပ်ကိုင်ရပြီး အလုပ်ခွင်မှာလည်း အမှားအယွင်းတွေကို အတတ်နိုင်ဆုံး ရှောင်ရှားရပြီး အလုပ်ရှင်က မကြိုက်တာနဲ့ မွေးရပ်မြေကို ချက်ချင်းပြန်ပို့ခံရနိုင်တယ်လို့ ဆိုကြပါတယ်။

လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေအရလည်း အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်စျေးနှုန်းမြင့်တက်မှုတွေကြောင့် လူတစ်ယောက်အလုပ်လုပ်ပြီး မိသားစုကိုထောက်ပံ့ဖို့မဖြစ်နိုင်တော့သလို မိသားစုဝင်တိုင်း အလုပ်လုပ်ရင်တောင် စားဝတ်နေရေးချောင်လည်ဖို့ ခက်ခဲနေပါသေးတယ်။

ဒီအချက်တွေက လူငယ်တွေကို မိသားစုအထောက်အပံ့တွေနဲ့ ပညာဆက်သင်ပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ တွန့်ဆုတ်သွားစေပြီး၊ နိုင်ငံရပ်ခြားမှာ ဝင်ငွေပိုကောင်းတဲ့ အခြေခံအလုပ်တွေကိုပဲ လုပ်ကိုင်ဖို့ ရွေးချယ်လာစေပါတယ်။

“ဘာလို့ နိုင်ငံခြားကို သွားဖို့ ရွေးချယ်ရတာလဲဆိုတော့ မြန်မာနိုင်ငံမှာ လစာက မကောင်းဘူးလေ။ မကောင်းဘူးဆိုတာက ကုန်စျေးနှုန်းက တအားတက်နေတော့ လစာ မကောင်းတော့ဘူးပေါ့နော။ ကုန်စျေးနှုန်းတွေနဲ့ ဝယ်စားဝယ်သောက်ရတာနဲ့ မလောက်တော့ဘူးပေါ့။ မလောက်မငှ မဖြစ်နေတယ် အဲဒါကြောင့်မလို့ နိုင်ငံခြားကို ထွက်ဖို့ ရွေးလိုက်တာပါ။” လို့ နိုင်ငံခြားကို သွားဖို့ ပြင်ဆင်နေတဲ့ ခူးငဲ က ဆိုပါတယ်။

မိသားစုဝင် ၉ ယောက်ရှိတဲ့ ခူးငဲတို့ မိသားစုဟာ လက်ရှိမှာ ကရင်နီပြည် ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်တစ်ခုမှာ နေထိုင်ပါတယ်။ အာဏာမသိမ်းခင်က နေ့စားဝန်ထမ်းလုပ်ကိုင်ခဲ့ပြီး သူ့ရဲ့မိဘတွေကတော့ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတာပါ။

အရင်က မိသားစုစားဝတ်နေရေးအတွက် လောက်ငှနေခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာ ခူးငဲအလုပ်ကနေ ရပ်နားခဲ့ပါတယ်။ တဖက်မှာလည်း သူ့ဇာတိမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး မိသားစုဝင်တွေလည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသလို တောင်ယာလုပ်ငန်းကိုလည်း လုပ်ကိုင်ဖို့ အလှမ်းဝေးသွားခဲ့ပါတယ်။

ခူးငဲတို့မိသားစုဟာ စစ်ရှောင်စခန်းမှာ ဝင်ငွေရအလုပ်အကိုင်မရှိ နေထိုင်ရင်း မြင့်မားလာတဲ့ ကုန်စျေးနှုန်းတွေကြား စားဝတ်နေရေးကျပ်တည်းမှုက ပိုမိုဆိုးဝါးလာခဲ့တာပါ။
ဝင်ငွေရအလုပ်အကိုင်ရှိပြီး မိသားစုကိုထောက်ပံ့နိုင်ဖို့က သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်လာပါတယ်။

မြန်မာနိုင်ငံထက် လုပ်ခလစာပိုမြင့်တဲ့ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုးရီးယား၊ ထိုင်း၊ တရုတ်၊ အိုမာ၊ ဒူဘိုင်း စတဲ့ ပြည်ပနိုင်ငံတွေကို သွားရောက်မှုနှုန်းများလာနေပါတယ်။

လွိုင်ကော်မြို့ပေါ်က လူငယ် ထက်၀က်ကျော်ကျော်ဟာ ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်နေတယ်လို့ လွိုင်ကော်မြို့ခံတွေက ခန့်မှန်းပြောကြပါတယ်။ အိမ်တိုင်းလိုလိုမှာ မိသားစုအတွက် အနည်းဆုံးတစ်ယောက်လောက် ပြည်ပထွက် အလုပ်လုပ်ကိုင်နေကြသူတွေရှိတယ်လို့ဆိုတယ်။

ပြည်ပထွက်ဖို့ သင်တန်းတက်ပြီး ပြင်ဆင်နေတဲ့သူတွေဟာ နိုင်ငံခြားကို ကူညီပို့ဆောင်ပေးတဲ့ အေးဂျင့်တွေအိမ်မှာ ပြည့်နှက်နေပြီး နေ့စဥ်နီးပါး နိုင်ငံခြားကို ပို့ဆောင်နေတယ်လို့ ကိုယ်တိုင်သွားနေထိုင်ခဲ့ဖူးတဲ့ မော်စိုးမြာက သူမြင်တွေ့ခဲ့ရတာကို ပြောပြခဲ့ပါတယ်။

တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်ဖို့ ကိုယ့်ရဲ့ သားသမီးတွေကို တွန်းအားမပေးချင်ပေမယ့် လက်ရှိအခြေအနေက တွန်းပို့နေတာဖြစ်တယ်လို့ ဆိုလာသူကတော့ ဒေါ်ဆာဘီး ဖြစ်ပါတယ်။ စင်ကာပူမှာရောက်ရှိနေတဲ့ သမီးဖြစ်သူရဲ့ ထောက်ပံ့မှုနဲ့ စားဝတ်နေရေးချောင်လည်ဖို့ ရုန်းကန်နေရသူပါ။

“သူများနိုင်ငံမှာ သွားတယ်ဆိုတော့ သူတို့ကို မတွေ့ရ မမြင်ရဘူး။ သူတို့ကို သူများတွေ ဘယ်လိုခိုင်းမလဲ။ ဘယ်လိုလုပ်မလဲ။ မိဘတစ်ယောက်အနေနဲ့ အမြဲတမ်းစိတ်ပူပန်ပေးနေရတယ်။ အဲဒါကြောင့်မလို့ တစ်ခါမှ စိတ်ချမ်းသာမှုဆိုတာ မအေ(မိခင်)တစ်ယောက်အနေနဲ့ မရခဲ့ပါဘူး။ အဓိက ငွေရေးကြေးရေး မဟုတ်ပါဘူး။ သူတို့ဘဝလုံခြုံရင်ပြီးရောဆိုပြီးတော့ ပို့လိုက်တာပါ။ “ လို့ ဒေါ်ဆာဘီးက ပြောပါတယ်။

မလေးရှားနိုင်ငံထဲက အားလပ်ရက်မှာ မော်စေးမြာ ရောက်ရှိလည်ပတ်ခဲ့တဲ့ နေရာတစ်ခု။

နိုင်ငံခြားသွားဖို့ တိုက်တွန်းတာထက် မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းတွေကို ပြီးမြောက်အောင်တက်ဖို့နဲ့ ပြည်တွင်းမှာတင် အလုပ်လုပ်ဖို့ မိဘတွေက ပိုမိုတိုက်တွန်းအားပေးလာခဲ့ပါတယ်။

အာဏာသိမ်းမှုနောက်ဆက်တွဲကြားက မိသားစု စားဝတ်နေရေးဟာ မိဘတွေကို ချောင်ပိတ်သွားစေခဲ့တာပါ။

လက်ရှိအချိန်အထိ စစ်ကောင်စီနဲ့ ကရင်နီဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နေ့စဥ်နီးပါး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ပဋိပက္ခဒေသထဲမှာ ရိက္ခာလမ်းကြောင်းပါ သယ်ယူပို့ဆောင်ဖို့ ခက်ခဲနေတဲ့အတွက် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ဒေသခံတွေ ခါးစည်းခံနေရကြပါတယ်။

တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတဲ့ ကရင်နီပြည်မှာလည်း စစ်ဇုန်တွေ ကျယ်ပြန့်လာနေပါတယ်။ မြေမြုပ်မိုင်း၊ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုဒဏ်တွေအပြင် စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခေါ်ဆောင်ခံရတာတွေက ဒေသခံတွေ ပုံမှန် စိုက်ပျိုးလုပ်ကိုင်ဖို့အတွက် စိတ်ခြောက်ခြားစရာအချက်တွေဖြစ်နေပါတယ်။

ကုန်စျေးနှုန်းတွေဟာလည်း လွိုင်ကော်မှာရှိတဲ့ ကုန်စျေးနှုန်းတွေထက် ပဋိပက္ခဒေသအားလုံး စျေးနှုန်းတွေ ဆက်တိုက် ပိုမိုမြင့်တက်လာနေပါတယ်။

ရှမ်းပြည် တောင်ပိုင်းမှာ စစ်ရှောင်နေတဲ့ ကရင်နီစစ်ရှောင်။

စစ်ကောင်စီကတော့ ပြည်ပရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ သူတွေလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းနဲ့ ပြည်တွင်းကို လွဲပေးဖို့ အမိန့်ထုတ်လိုက်ပြီး ပြည်ပထွက်ဖို့ စီစဉ်နေသူတွေကိုလည်း ကတိစာချုပ်ထိုးခိုင်းပြီး မလိုက်နာပါက ပြည်ပထွက်ခွင့်သုံးနှစ် ကန့်သတ်ခံရတဲ့ ပြစ်ဒဏ်ကို ခံယူရမှာပါ။

ဒါ့အပြင် ပြည်ပရောက်နေသူရဲ့ ဝင်ငွေထဲက ၁၀ ရာခိုင်နှုန်းကိုလည်း အောက်တိုဘာလကစပြီး ဝင်ငွေခွန်ကောက်မယ်လို့ စစ်ကောင်စီက ထပ်မံကြေညာလိုက်ပါတယ်။

အဲဒီလို ကန့်သတ်ချက် ယခင်ကရှိခဲ့ပေမယ့် ၂ဝ၁၂ ခုနစ်ကစပြီး ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးထားတာဖြစ်ပြီး အခုပြန်လည်ကောက်ခံတော့မှာဖြစ်ပါတယ်။

ပြည်တွင်းမှာ လုပ်ခလစာနဲ့ ကုန်စျေးနှုန်း မညီမျှမှုတွေဟာ လူငယ်တွေကို နိုင်ငံရပ်ခြားမှာ တွန်းပို့သွားစေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

ဒီလိုဖြစ်ရပ်ဟာ နိုင်ငံတွင်းမှာ လူငယ်အရင်းအမြစ်ကို ဆုံးရှုံးသွားစေနိုင်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ( IEC) အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

မြန်မာနိုင်ငံကနေ စင်္ကာပူနိုင်ငံကို ဆောက်လုပ်ရေးလုပ်ငန်းသွားရောက်လုပ်ကိုင်နေသူ။

“ဒါက ရှင်းရှင်းပြောရမယ်ဆိုရင် လက်ရှိဖြစ်ထွန်းနေတဲ့ နိုင်ငံရေးအခြေအနေမကဘူး။ နိုင်ငံရဲ့ တကယ့်အရင်းအမြစ်တွေက တခြားနိုင်ငံကိုရောက်သွားတယ်။ သို့တည်းမဟုတ်။ ရှင်းရှင်းပြောရရင်တော့ နိုင်ငံရဲ့ အရင်းအမြစ်တွေ ပျက်သုန်းသွားတဲ့ အခြေအနေမျိုးရောက်သွားတယ်။ လူသားအရင်းအမြစ် ပျက်သုန်းသွားတဲ့ အခြေအနေတစ်ခုရောက်သွားနိုင်တယ်။”

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အခြေခံကုန်စျေးနှုန်းတွေနဲ့ လုပ်ခလစာတွေဟာ လူငယ်တွေကို ရှင်သန်ရပ်တည်ဖို့အတွက် ပြည်ပ နိုင်ငံတွေကသာ ‌မျှော်လင့်ချက်အသစ်တစ်ခု ကောက်ရိုးတစ်မျှင်ဖြစ်လာခဲ့ပါတယ်။

လွိုင်ကော်မြို့ပေါ်ကလွဲပြီး တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာတော့ လူငယ်တွေကို ဝင်ငွေလစာအတွက် တိုင်းတစ်ပါးမှာ အလုပ်လုပ်ဖို့ အတွေးကနေ ရုန်းထွက်ဖို့ ခက်နေအုံးမှာပါ။

မော်စေးမြာကတော့ နိုင်ငံရေးအခြေအနေ ပြန်ကောင်းရင်တောင် သူ့အိပ်မက်ကို အကောင်အထည်ပြန် မဖော်နိုင်တော့ပါဘူး။

မြန်မာပြည်မှာ ပြန်လည်နေထိုင်မယ့်အစား တိုင်းတစ်ပါးမှာပဲ အခြေချပြီး မိသားစုကို ထောက်ပံ့မှုမျိုး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ကျမဒီမှာပဲ ဆက်နေပြီး မိဘညီအကိုမောင်နှမတွေကို ထောက်ပံ့တာမျိုးပဲ ဆက်လုပ်ဆောင်သွားမယ်။”

spot_img
spot_img