spot_img
Tuesday, March 5, 2024
spot_imgspot_img

အိပ်မက်ထဲက “အိမ်”

Author

Date

Category

မူဖိလစ်စတာ/ ကန္တရ၀တီတိုင်း( မ် )

မတူညီတဲ့တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်ကြတဲ့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်နေရတဲ့ ကရင်နီလူထုရဲ့ တူညီတဲ့စိတ်ဆန္ဒတခုက အိမ်ပြန်ချင်စိတ်ပါပဲ။

ပွဲလမ်းသဘင်နဲ့စည်ကားခဲ့တဲ့ ကျေးရွာ၊ နွေးထွေးမှုနဲ့ပြည့်နေခဲ့တဲ့အိမ်၊ စား၀တ်နေရေးအတွက် ပူစရာမလိုခဲ့တဲ့ အတိတ်ကအရာတွေကို စစ်ရှောင်စခန်းက တဲအိမ်လေးမှာ ကရင်နီ စစ်ဘေးရှောင်လူထုတွေ တရက်မပျက်လွမ်းဆွတ်တမ်းတနေကြဆဲ။

“ရွာမှာပျော်တယ်။ ရွာတအားလွမ်းတယ်။ ရွာမှာအခုကျနော်မြင်တာကတော့ အရင်ကလိုမျိုး ပြောင်ပြောင်လက်လက်နဲ့ သန့်သန့်ရှင်းရှင်းနဲ့ပဲ။ အခုစိတ်ထဲမှာ အဲလိုမျိုးတွေးနေသေးတယ်” လို့ ဦးပလောင်ရီက ပြောပါတယ်။

ဒါကတော့ လွန်ခဲ့တဲ့ နှစ်နှစ်က သူနေထိုင်တဲ့ နေအိမ်၊ ရပ်ရွာကို နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းလေးကို ပြန်ပြောင်းတွေးဆနေတဲ့ ဦးပလောင်ရီရဲ့ စိတ်ကူးယဥ်မှုသက်သက်ပါ။ ဟိုတုန်းက သူ့ရဲ့ကျေးရွာလေးဟာ သန့်ရှင်းသပ်ရပ်ပြီး လူတွေနဲ့စည်ကားနေခဲ့တာပါ။ လက်ရှိမှာတော့ ခြုံနွယ်ပိတ်ပေါင်း ထူထပ်နေပြီး တောတောင်အလား ဖြစ်နေပါပြီ။

ဦးပလောင်ရီက ဒီးမော့ဆိုမြို့နယ်၊ ဒေါခလိုက်လင်း ကျေးရွာဇာတိဖြစ်ပြီး အသက် ၅၇ နှစ်ရှိနေပါပြီ။ စစ်ရှောင်ကာလ သုံးနှစ်နီးပါးအတွင်းမှာ အလီလီပြောင်းနေတဲ့ ရာသီတိုင်းမှာသူနေထိုင်ခဲ့တဲ့ အိမ်၊ရပ်ရွာရဲ့ အငွေ့အသက်တွေကိုရနေဆဲလို့ပြောပါတယ်။ ထိုအငွေ့အသက်တွေကပဲ သူ့ကို အိမ်လွမ်းစိတ် ပိုပြင်းပြစေတာပါ။

ခံစားကြည့်ရုံကလွဲပြီး လက်တွေ့မှာပြန်မရနိုင်တော့တဲ့ ၎င်းမြင်ကွင်းတွေကို ယနေ့ထိ သူမြင်ယောင်နေဆဲဖြစ်ပြီး ပြန်လိုချင်သေးတယ်လို့ ဦးပလောင်ရီကပြောပါတယ်။

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ဦးယိုစူကတော့ သွေး၊ ချွေးနဲ့ ရင်းပြီး ဆောက်တည်ခဲ့တဲ့ နေအိမ်ကိုအချိန်ပြည့် သတိရ လွမ်းဆွတ်နေရတယ်လို့ပြောပါတယ်။

“လွမ်းတယ်။ အရမ်းလွမ်းတယ်ပေါ့နော။ ကိုယ့်အိမ် ကိုယ့်ရွာ ကိုယ့်စည်းစိမ်ဆိုလို့ မလွမ်းစရာအကြောင်းမရှိဘူး” လို့ ဦးယိုစူက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းက မိုးကာတဲအိမ် စိမ်းစိမ်းလေးထဲ နေထိုင်ရတာက အုတ်နဲ့ အခိုင်အမာ ဆောက်ထားတဲ့ ဦးယိုစူ ရဲ့ နေရပ်က အိမ်နဲ့နှိုင်းစာရင် နေထိုင်ရတာနဲ့ ရေနဲ့ဆီလိုပဲ ကွာခြားတယ်လို့လည်း သူကပြောပါတယ်။

စစ်ရှောင်လူထုတိုင်းရဲ့ ရင်ထဲအမြဲကိန်းအောင်းနေတဲ့ အိမ်ပြန်ချင်စိတ် ပြေပျောက်အောင် ကိုယ်စီမတူညီတဲ့နည်းနဲ့ ဖြေဖျောက်ကြလေ့ရှိပါတယ်။ တောထဲသွား ထင်းရှာတာကလည်း အိမ်လွမ်းစိတ်ကိုဖြေဖျောက်တဲ့နည်းတခုပါပဲ။

ကရင်နီစစ်ဘေးဒုက္ခသည်တွေက သစ်ရိပ်၀ါးရိပ်အောက်က စစ်ဘေးရှောင်စခန်းထဲမှာ ဘ၀အတွက် အသစ်တဖန်ပြန်လည်ရုန်းကန်နေကြရပါတယ်။

ရုန်းကန်ရတာခြင်းတူပေမဲ့ နေရာဒေသခြင်းမတူတဲ့အခါ ကိုယ့်မြေ ကိုယ်ဌာနေကို သတိရမိတယ်လို့ ဦးသန်းစူက ရင်ဖွင့်ပါတယ်။

“ရွာမှာလုပ်တာပိုပျော်တယ်။ ကိုယ့်ရဲ့မွေးဌာနေပြောရမှာပေါ့။ ကိုယ့်ရဲ့ဒေသ ကိုယ့်ရဲ့ ခြံ။ ကိုယ့်ရဲ့လယ် ကိုယ်ပိုင်ဟာ ရှိလို့၊ အဲ့မျိုး ကိုယ်ပိုင်ဟာနဲ့ သူများနဲ့လုပ်ရင်ကွာတာပေါ့” လို့ ဦးသန်းစူက ပြောပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က တောင်ယာ၊လယ်ယာ လုပ်ငန်းနဲ့ အသက်မွေး၀မ်းကျောင်းပြုတဲ့ တောင်သူကြီးတွေ အများဆုံးနေထိုင်တဲ့ မြို့နယ်လေး တခုဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ရပ်ရွာနဲ့အတူ လယ်ယာလုပ်ငန်းကိုလည်း ချန်ထားပြီး ဝေးရာကို စစ်ဘေးရှောင်ကြရပါတော့တယ်။

ဦးပလောင်ရီကတော့ စစ်ဘေးရှောင်စခန်းမှာ အလုပ်အကိုင်မရှိပဲ နေရတာ စိတ်ဆင်းရဲနေရလို့ ရွာက အလုပ်အကိုင်ကို လွမ်းဆွတ်မိကြောင်းပြောပါတယ်။

” ရွာမှာနေရင်တော့ အခုတော့ လယ်တွေရှင်းပြီပေါ့။ ကျနော်တို့တွေ စပါးလုပ်တာအခုရိတ်သိမ်းတဲ့အချိန်။ စပါးလှန်းတဲ့အချိန်။ စပါးရောင်းတဲ့အချိန် ၀င်ငွေလည်းရတာပေါ့။အခုက ဒီမှာစစ်ရှောင်လာတာနဲ့ ဘာမှစားစရာမရှိ လုပ်စရာလည်းမရှိ။ အလုပ်တခုမှမရတော့ဘူး စိတ်ဆင်းရဲနေတယ်”လို့ ဦးပလောင်ရီက ပြောပါတယ်။

စစ်ဘေးရှောင်တိုင်းရဲ့ နှုတ်ဖျားက “အိမ်ပြန်ရပြီဆိုတာနဲ့အရင်ဆုံး သန့်ရှင်းရေးပြန်လုပ်မယ်” ဆိုတဲ့စကားကို ကြားရစမြဲပါ။ ဒါဟာအိမ်ပြန်လိုစိတ်ပြင်းပျနေတဲ့ လူထုတွေရဲ့ ဆန္ဒကို ထင်ဟပ်နေပါတယ်။

ကရင်နီစစ်ဘေးရှောင်လူထုကြားမှာ ဂယက်ထနေတဲ့ စနောက်စကားလေး တခွန်းရှိကြောင်းကိုလည်း ဦးပလောင်ရီက ပြုံးရယ်ရင်းပြောပြပါတယ်။
“ပြန်မယ်။ ပြန်ရပြီ ဘာညာပြောပြီးတော့ တကယ့် တကယ်တော့မရသေးဘူးအဲမျိုး” လို့ ဦးပလောင်ရီကပြောပါတယ်။
ဒီစကားဟာ အချင်းချင်း စနောက်တဲ့စကားဆိုပေမဲ့ ထိုစနောက်စကားကပဲ ရင်ထဲ အမြဲပူလောင်နေရတဲ့ စစ်ရှောင်တွေရဲ့စိတ်ကိုခနတာ ရွှင်လန်းစေခဲ့တာအမှန်ပါ။

အနှေးနဲ့အမြန် ကွာခြားတာကလွဲရင် တနေ့တချိန်ကျ အိမ်ကိုမုချပြန်ရမယ်လို့လည်း ဦးသန်းစူက အခိုင်အမာ ယုံကြည်နေပါတယ်။

“အိမ်မပြန်ရမှာကြောက်တာမျိုးတော့မရှိဘူး။ တချိန်တော့ ပြန်ရမယ်လို့ကျနော်တို့မျှော်လင့်ပါတယ်” လို့ ဦးသန်းစူက ပြောပါတယ်။

ဦးသန်းစူရဲ့ ယုံကြည်ချက်က သူ့ကို ခွန်အားဖြစ်စေပါတယ်။ မျှော်လင့်ချက်ထားပြီး အသက်ရှင်ရတာက မလွယ်လှပေမဲ့ စိတ်ပန်းလူပန်း နေထိုင်သွားမှာနဲ့နှိုင်းစာရင် ခံသာပါသေးတယ်။

နိုင်ငံရေး အခြေအနေ ငြိမ်သက်သွားလို့ အိမ်ပြန်ရတဲ့တနေ့ကျရင်လည်း စစ်ဘေးရှောင်စခန်းက အိမ်နီးနားချင်းတွေဆီ၊ သူငယ်ချင်းတွေဆီ အလည်သွားအုံးမယ်လို့ စစ်ရှောင်လူထုတွေက ပြောဆိုရင်ဖွင့်ကြပါတယ်။

spot_img
spot_img

Recent posts