spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အိမ်မက်ထဲက နယ်စပ်မြို့လေးဆီကို လက်တွေ့ခရီးစဉ်တစ်ခေါက်

Author

Date

Category

မူအက်စတာ 

အေးချမ်းလှတဲ့မနက်ခင်းလေးမှာ ကောင်းကင်ယံတစ်ခွင်လုံး အုံ့မိုင်းနေပြီး မိုးစက်လေးတွေက နေအိမ်ရဲ့သွပ်မိုးအဖျားကကို တစ်စက်ပြီးတစ်စက် စည်းချက်ညီညီနဲ့ ခုန်ဆင်းနေပါတယ်။ ဒီလိုမနက်ခင်းလေး မျိုးတွေမှာ စောင်အောက်မှာဘဲကွေးလို့ကောင်းတဲ့အချိန်ပေါ့။ ဒါပေမယ့် စောင်အောက်မှာ ဆက်ပြီးကွေးနေချင်ပေမယ့် လက်ပတ်နာရီလေးကို တစ်ချက် ကြည့်လိုက်တယ် အချိန်က နံနက်(၀၆းဝ၀)၊ ဩ.. ကယားပြည်နယ်အရှေ့တောင်ဖက်စွန်း၊ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်မြို့လေးမယ်စဲ့ကို ခရီးသွားရမယ်လို့ အသိစိတ်ကဝင်လာတော့ ခရီးသွားဖို့ ပြင်ဆင်လိုက်ပါတယ်။

မိုးဖွဲလေးတွေက မြေပြင်တစ်ခွင်က ချိုင့်ခွက်လေးတွေမှာ နေရာယူကြပြီး အချို့ကတော့ သစ်ရွက်လေး တွေပေါ်ကတစ်ဆင့် မြေပြင်ပေါ်ကို ဆင်းသက်လာကြတယ်။ မြောက်ဖက်ကလေတွေလည်း အရပ်ရပ်က တိမ်စိုင်တွေကို အလျင်အမြန်ပင့်ဆောင်လာနေတာကိုလည်း တွေ့မြင်နေရတယ်။ ဒီရာသီအချိန်အခါမျိုးမှာ သစ်ပင်၊ ပန်းမာလ်တွေအကောင်းဆုံး ရှင်သန်ကြီးထွားဖို့အတွက် လုံလောက်တဲ့ ပြင်ဆင်ချိန်လည်းဖြစ်ပါတယ်။ အိမ်ဘေးပတ်လည်မှာတော့ အမေစိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ နှံစားပြောင်းတွေကလည်း ဝေဝေဆာဆာနဲ့ ရှင်သန်နေကြပါပြီ။ မိုးတွင်းတစ်ခုလုံးကို ဖူလှုံစေမယ့် ဟင်းစားရိက္ခာတွေကို အမေစိုက်ပျိုးထား ခဲ့တာပါဘဲ။

နံနက်(၀ရး၅၀)လောက်မှာ မယ်စဲ့ကိုသွားမယ့် ကားဆီကိုထွက်လာခဲ့ပါတယ်။ ကောင်းကင်ယံတစ်ခုလုံး အုံ့ဆိုင်းနေလေတော့ ဒီနေ့လမ်းခရီးသာယာပါ့မလားလို့ တွေးလိုက်မိတယ်။ ဒါပေမယ့် ခရီးစဉ်ကို စီစဉ်ထားပြီးမို့ အကောင်းဆုံးလုပ်ဆောင်ဖို့ဘဲ အားမွေးထားလိုက်တယ်။ မော်တော်ယာဉ်လိုင်းတွေရဲ့ အပြိုင်အဆိုင် အိမ်တိုင်ယာရောက် ကြိုပို့စနစ် ဝန်ဆောင်မှုကြောင့် ခရီးသွားပြည်သူတွေအတွက် ပိုမိုအဆင်ပြေလာတာ တွေ့ရသလို ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးလာတာကြောင့် ဖုန်းဖြင့်ကြိုတင်ချိတ်ဆက်မှုများနဲ့ ခရီးစဉ်အတွက် ပိုမို အဆင်ပြေလွယ်ကူသွားပါတယ်။ ယာဉ်လိုင်းတွေက အရင်လို တစ်ပတ်(၂)ခါ (တစ်ခါသွား အနည်းဆုံး(၂)ရက်) မကြာတော့သလို တစ်ရက်မှာ အနည်းဆုံး ယာဉ်လိုင်း (၃)ခုအထိ ပြေးဆွဲသွားလာနေတာကို တွေ့မြင်ရလို့ ဪ… အရင်က မယ်စဲ့ဆိုတဲ့နေရာက တော်တော်ပြောင်းလဲလာပြီဘဲလို့ မှတ်ချက်ချလိုက်မိတယ်။

မော်တော်ယာဉ်လေးဆိုက်ရောက်လာတော့ ဒီးမော့ဆိုမှ မယ်စဲ့ခရီးစဉ်ကို စတင်လိုက်ကြပါတယ်။ ခရီးသည်တစ်ဦးစီဟာ ခရီးစဉ်မတူညီကြသလို ခရီးသွားတဲ့ရည်ရွယ်ချက်၊ အလုပ်အကိုင်တွေလည်း ကွဲပြားကြ ပါတယ်။ ဒါပေမယ့် ကားတစ်စီးထဲမှာ အတူခရီးနှင်ကြခြင်းက ကျွန်မတို့ကို အတူပေါင်းစည်းထားပေးစေပါတယ်။ မြေပြန့်လွင်ပြင် လွိုင်ကော် – ဒီးမော့ဆိုမှစတင်ပြီး ကုန်းမြင့်ပိုင်း ဖရူဆိုကိုရောက်ရှိချိန်မှာတော့ မိုးဖွဲလေးက ကြိုဆိုနေပါတယ်။ လမ်းဘေးဝဲယာတစ်လျှောက်မှာတော့ တောင်ယာခင်းတွေနဲ့အတူ ယာသမားတွေ လုပ်ငန်းခွင်ဝင်ကြတာကိုလည်း မြင်တွေ့ရသလို လမ်းအကွေ့အကောက်တွေနဲ့ စိမ်းစိုနေတဲ့တောတောင်တွေ၊ မရိုးနိုင်တဲ့မြင်ကွင်းတွေကြောင့် စိတ်ကူးသမားတစ်ယောက်အတွက်တော့ ကဗျာတွေဖွဲ့လို့မဆုံးနိုင်တော့ဘူးပေါ့။

နယ်​စပ်​ဂိတ်​ အဝင်​အထွက်​မှတ်​တမ်​းလက်​မှတ်​ထိုးရသည်​့​ဂိတ်​ (ဓါတ်ပုံ – မူအက်စတာ)

ထားလဲကိုရောက်လာတဲ့အချိန်မှာတော့ မြေနိမ့်ပိုင်းကို တဖြည်းဖြည်းနဲ့ နိမ်းဆင်းသွားမှန်းသိရသလို ပူအိုက်လာတာကြောင့် အပြင်ခံအင်္ကျီကိုလည်း ချွတ်ထားလိုက်တယ်။ လမ်းဘေးတစ်လျှောက်မှာ မြန်မာ့အဖိုးတန် ကျွန်းပင်ငယ်လေးတွေက သဘာဝအတိုင်း ပေါက်ရောက်နေကြသလို ကျွန်းပင်အချို့၊ အင်ပင်နဲ့ သစ်မာပင်ပေါက်ရောက်တဲ့ တောတွေကို ကာကွယ်တောအဖြစ် ထိန်းသိမ်းကာကွယ်ထားတာ ကိုလည်း တွေ့မြင်ရပါတယ်။ ကျွန်မငယ်ငယ်တုန်းကကြားခဲ့ဖူးတဲ့ ကျွန်းပင်ကြီးတွေကိုမတွေ့ရသလို အရင် (၃)နှစ်ခန့်ကစပြီး သယ်ယူမှုတွေလျော့ကျလာတဲ့ သစ်လုံးတင်ကားကြီးတွေတင်တဲ့ သစ်လုံးကြီးလိုပုံစံမျိုး အပင်ကြီးတွေကိုလည်း မတွေ့ဘူး။ ဒီကျွန်းပင်ငယ်လေးတွေက လာမယ့်ဆယ်စုနှစ်ကာလအတွင်း ပြည်တွင်း သစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါ့မလားလို့ တွေးပူလိုက်မိပါတယ်။

ဘာကြောင့်ဆို သစ်တစ်ပင်ဟာ သက်တမ်းဆယ်ချီကြာမှ ခုတ်ယူသုံးစွဲလို့ရလို့ပါ။ 
ထားလဲကနေပြီး စုန်ဆင်းလိုက်ကြပြီး ခဏအကြာမှာတော့ လူဦးရေအတော်အသင့်များတဲ့ နန်းဖဲကို ရောက်ရှိလာခဲ့ကြပါတယ်။ နန်းဖဲမှာတော့ စားသောက်ဆိုင်ကြီး(၂)ဆိုင်ရှိပြီး အစုန်နဲ့အဆန် ယာဉ်လိုင်းများက စားသောက်ဖို့ ခေတ္တအနားယူကြတဲ့နေရာလေးပါ။ စားသောက်ဆိုင်ကြီးတွေက အတော်လေး အဆင့်မြင့်အနေ အထားနဲ့တည်ဆောက်ထားသလို အစားအသောက်တွေစုံလင်ပါတယ်။ လမ်းမပေါ်မှာတော့ အရွယ်စုံကျေးရွာ သူ/ရွာသားတွေက သပ်သပ်ရပ်ရပ်နဲ့ဝတ်စားဆင်ယင်ပြီး သွားနေတာကိုမေးကြည့်တော့ ဒီနေ့ဟာဥပုဒ်နေ့ ဖြစ်ကြောင်းနဲ့ ရွာသားတွေအားလုံးနီးပါး ဘုန်းကြီးကျောင်းတက်ပြီး ဥပုဒ်စောင့်ရင်း တရားနာကြဖို့သွားနေတာ လို့သိရပါတယ်။ အများအားဖြင့်ရှမ်းလူမျိုးများနေထိုင်ပြီး တိုင်းရင်းသားပေါင်းစုံအချို့လည်းနေထိုင်တာဖြစ် ပါတယ်။ ကားသမားက ကားဟွန်းကိုတီးပြီး ခရီးဆက်ကြဖို့အချက်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ နန်းဖဲကျေးရွာ အထွက်က တောင်ကုန်းပေါ်ကို မော်တော်ကားလေးက တော်တော်လေးရုန်းပြီးတက်ရတဲ့နောက်မှာတော့ အပူချိန်မြင့်တက်လာမှုနဲ့အတူ ဘောလခဲရဲ့အငွေ့အသက်ကို စတင်ခံစားရပါတော့တယ်။

ဘောလခဲရောက်ဖို့ အတော်နီးလာတာနဲ့ မြေပြန့်ပိုင်းကို တဖြည်းဖြည်းနဲ့ ကားလေးက လမ်းအကွေ့လေးအတိုင်း စုန်ဆင်းနေပါတယ်။ မြို့အဝင်နားမှာ ဒေါတချဆည်နဲ့ တပ်ရင်းတစ်ခုက ကြိုဆိုနေပါ တယ်။ အထပ်မြင့်ဝန်ထမ်းအိမ်ယာတွေ၊ ကုန်စုံဆိုင်ကြီးတွေ၊ စားသောက်ဆိုင်တွေနဲ့ ဌာနဆိုင်ရာရုံးတွေက အများအားဖြင့် လမ်းဘေးဝဲယာတွေမှာ နေရာယူထားကြပါတယ်။

လူဦးရေအတော်များတဲ့နေရာလို့ ယူဆလို့ ရတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ဘောလခဲမြို့အထွက်မှာတော့ ဖားဆောင်းနှင့် ရွာသစ်သို့သွားမယ့် လမ်းခွဲ လမ်းညွှန်မှတ်တိုင်တွေထားရှိတာတွေ့ရပြီး ရွာသစ်သွားမယ့်လမ်းရဲ့အစမှာ ပွန်ချောင်းပေါ်ကို ဖြတ်သန်း တည်ဆောက်ထားတဲ့ ကွန်ကရစ်တံတားကြီးကို တွေ့ရပါတယ်။ ပွန်ချောင်းဆိုတာ ဘောလခဲမြို့ခံတွေအတွက် နွေရာသီ အပန်းဖြေဖို့ရန် အေးချမ်းတဲ့ တစ်ခုတည်းသော အပူရှောင် နိဗ္ဗာန်တစ်နေရာဆိုရင်လည်း မမှားပါဘူး။ 

ဘောလခဲနဲ့ဖားဆောင်းအသွားလမ်းက ညီညာပြီးဖြောင်းတန်းနေတော့ ခဏတာ ငိုက်မျဉ်းသွားမိတယ်။ မျက်လုံးလေးကိုအသာလေးဖွင့်ကြည့်လိုက်တော့ လမ်းရဲ့ဘယ်ဖက်တစ်လျှောက်မှာ အားပြင်းတဲ့အရှိန်နဲ့ စီးဆင်း နေတဲ့ပွန်ချောင်းလေးကကြိုဆိုနေလေရဲ့၊ ကားလမ်းလေးကလည်း ပွန်ချောင်းအကွေ့အကောက်အတိုင်း ဖောက်လုပ်ထားတာကလည်း ခရီးသွားသူတွေအတွက် ရှုမငြီးးနိုင်တဲ့ မြင်ကွင်းအဖြစ်ကို အာရုံရောက်သွားစေပါတယ်။ လမ်းဘေးတစ်လျှောက် လုံးဝန်းနေတဲ့ သဲကျောက်တွေက အစီလိုက်ရှိနေခြင်းကို ကြည့်ခြင်းအားဖြင့် တစ်ချိန်က မြစ်ချောင်းပြောင်းလဲမှု၊ မြစ်ချောင်ရဲ့စီးဆင်းမှုကို ခန့်မှန်းတွက်ဆလိုက်မိတယ်။ ကျောက်လုံးလေးတွေက တကယ့် မြို့ကြီးပြကြီး ဟိုတယ်တွေ၊ အပန်းဖြေဥယျာဉ်တွေမှာ လူတည်ဆောက်ထားတဲ့ အလှဥယျာဉ်လေးတစ်ခုလိုပါပဲ။ အစီအရီနဲ့ တကယ်ကိုလှပါတယ်။

ထိုင်​းမှဝင်​လာသည်​့ ဆင်​ဘီယာကို တင်​​ဆောင်​လာသည်​့ စက်​တစ်​စီးအား မှတ်​တမ်​းတင်​​နေစဉ် (ဓါတ်ပုံ – မူအက်စတာ)

ဒီလိုနဲ့ အရမ်းကိုသာယာလှပတဲ့ မြင်ကွင်းတစ်နေရာကို တစ်ဖြည်းဖြည်းနဲ့ ရောက်ရှိလာခဲ့တယ်။ အဲ့ဒီနေရာကတော့ ပွန်ချောင်းနဲ့ထူးချောင်းတို့ဆုံစည်းပြီး သံလွင်မြစ်ထဲကို အတူစီးဆင်းသွားတဲ့နေရာလေးဘဲ ဖြစ်ပါတယ်။ ပွင့်လင်းရာသီတွေမှာ ပွန်ချောင်းရေဟာ နှောက်ကျိနေတတ်ပြီး ထူးချောင်းရေဟာ ကြည်လင်ပြီးစိမ်းစိုနေပါတယ်။ ဘာကြောင့်ဆို ပွန်ချောင်းဟာ ရှမ်းပြည်နယ်မှာမြစ်ဖျားခံပြီးတော့ ကယားပြည်နယ်မှာရှိတဲ့ ရှားတော၊ ဒေါတမကြီး၊ ဘောလခဲစတဲ့ဒေသတွေကို ဖြတ်သန်းလာခဲ့ရတာဖြစ်ပါတယ်။

အဲ့ကနေတစ်ဆင့် သံလွင်မြစ်နဲ့ ဆုံပြီး ကရင်ပြည်နယ်ကနေတစ်ဆင့် ပင်လယ်ထဲကို ပြန်စီးဝင်ခဲ့ကြပါတယ်။ ထူးချောင်းကတော့ ရှမ်းပြည်တောင်ပိုင်းကနေစပြီး ဖရူဆိုမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းကနေ နန်းဖဲဒေသကို ဖြတ်ပြီးတော့ ထူးချောင်းနဲ့ ဆုံပါတယ်။ ထူးချောင်းနဲ့ ပွန်ချောင်းတလျှောက် ချောင်းဘေးမြေတွေဟာ မြေဩဇာကောင်းလွန်းလို့ စိုက်ပျိုးရေးတွေ လုပ်ကိုင်ရတာ အရမ်းဖြစ်ထွန်းနေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေအပြင် အခြား ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းတွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေကြပါတယ်။ 

လွန်ခဲ့တဲ့ (၁၀)နှစ်ဝန်းကျင်က ဖားဆောင်းကွင်တွေမှာ သစ်ထုတ်လုပ်ရေးဧရိယာအတွင်းမှာရှိတဲ့ လမ်းဘေးဝဲယာတွေမှာ သစ်လုံးကြီးတွေအများကြီးကို စုပုံထားတာတွေကို တွေ့နေရပါသေးတယ်။ ဒါပေမယ့် ခုခရီးစဉ်မှာကျတော့ အရင်က မြင်ခဲ့ရတဲ့ သစ်ပုံကြီးတွေကို မတွေ့ရတော့ပဲ မြေပြင်တလင်းကြီးပဲ တွေ့နေရပါတော့တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အစိုးရရဲ့ သစ်ထုတ်လုပ်တာတွေ အမှန်တကယ် ရပ်တန့်နေပြီလား၊ ဒါမှမဟုတ် ခုတ်ဖို့သစ်တွေ မရှိတော့တာလား စဉ်းစားမိလိုက်ပါသေးတယ်။ အဲန်အယ်လ်ဒီအစိုးရတက်လာပြီး ကယားပြည်နယ်အစိုးရကနေပြီးတော့ “သစ်မခုတ်ရ” အမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒါတွေကိုပဲ တကယ်အကောင်အထည်ဖော်လိုက်ပြီလား၊ အစိုးရထုတ်ပြန်ချက်ရဲ့ သက်ရောက်မှုတွေကြောင့်လား တွေးနေမိပါတယ်။

ဒီလိုနဲ့ပဲ သံလွင်မြစ်ကို အမှီပြုနေတဲ့ ဖားဆောင်းမြို့လေးကို ရောက်ရှိလာပါတယ်။ တိုးတက်လာတဲ့ လူဦးရေအနေအထားအရ သံလွင် မြစ်ကမ်းဘေးတစ်လျှောက်မှာသာ နေထိုင်ကြတာဖြစ်ပြီး ဘောလခဲခရိုင် မှာတော့ ဖားဆောင်းမြို့ဟာ အစည်ကားဆုံးနဲ့ အချက်အချာကျရာနေရာဖြစ်ပါတယ်။ ဖားဆောင်းမှာ အနားယူ ချင်ရင်တော့ သံလွင်မြစ်ကမ်းဘေးက Master စားသောက်ဆိုင်ကြီးမှာ ခရီးတစ်ထောက် အနားယူရင်း နေ့လည်စာသုံးဆောင်လို့ ရပါတယ်။ 

ဖားဆောင်းမြို့အထွက်မှ (၂၆)မိုင်လောက်ထိ ခရီးဆန့်လိုက်ရင်တော့ဖြင့် တစ်ချိန်က မြန်မာ့သမိုင်းသာမက ကမ္ဘာ့သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ မော်ချီး ခဲမဖြူ၊ အဖြိုက်နက်သတ္တုတွင်းတွေ(ယခုတို်င် တူးဖော်နေဆဲ)ရှိနေပါတယ်။ ဒါပေမယ့် ကျွန်မတို့သွားမယ့်နေရာက ဒီဖားဆောင်းမြို့အထွက်က ဖားဆောင်းသံလွင်တံတားကို ဖြတ်ပြီးတော့ ထိုင်းနိုင်ငံနဲ့ထိစပ်တဲ့ မယ်စဲ့ကိုဘဲဖြစ်ပါတယ်။ ဖားဆောင်း(သံလွင်တံတား) မတည်ဆောက်ခင် က မယ်စဲ့သွားမယ့် ခရီးသည်၊ ကုန်စည်တွေဟာ ရေစီးအရမ်းသန်ပြီး ကျယ်ပြောလှတဲ့၊ အန္တရာယ်များလွန်းတဲ့ သံလွင်မြစ်ကို ဒေသခေါ်(ဇက်)နဲ့ ကူးရပါတယ်။ အခုတော့ ခမ်းနားလှတဲ့တံတားကြီးပေါ်က အန္တရာယ်ကင်းစွာနဲ့ ဖြတ်သန်းသွားနိုင်အောင်လို့ ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော်ကို ကျေးဇူးတင်ရင်းနဲ့ မယ်စဲ့ကို ခရီးဆက်ခဲ့ကြတယ်။

ဖားဆောင်းထိကို ရောက်တဲ့အချိန်မှာတော့ ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေ ကိုယ်လိုရာကိုဆင်းခဲ့ကြတာနဲ့ မယ်စဲထိကိုသွားဖို့ ကားသမားပါပါ သုံးယောက်လောက်ပဲ ကျန်ပါတယ်။ သံလွင်တံတားပေါ်မှာ ထိုင်စောင့်နေတဲ့ ခရီးသည်တွေအချို့နဲ့ တွေ့ရတယ်။ သို့ပေမယ့် ကားစီးဖို့တွန့်တိုနေရှာတယ်။ သူမရဲ့အပေါင်းအဖော်တွေက ကားနဲ့သွားရင် နာရီပိုင်းအတွင်းပဲ ရောက်တယ်ဆိုပြီး အတင်းခေါ်မှ သူမ စိတ်မပါစွာနဲ့ လိုက်ပါလာခဲ့ပါတယ်။ ဒေသခံတွေ အတော်များများက ခေတ်အဆက်ဆက် ခြေကျင်နဲ့ပဲ လျှောက်ပြီး မြို့ပေါ်တက် ကုန်ရောင်းကုန်ဝယ်တွေ လုပ်နေကြမို့ ကားစီးရမှာ တွန့်တိုနေကြတာပါ။ 

မယ်စဲ့ခရီးလမ်းတစ်လျှောက်မှာတော့ ကျေးရွာအတော်များများရှိလို့ လမ်းခရီးအတွက် စိတ်အေးရ တာပေါ့၊ မယ်စဲ့နဲ့ အနီးဆုံးဖြစ်တဲ့ ပန်တိန်းကျေးရွာမှာတော့ လူဦးရေအတော်အသင့် နေထိုင်တာကို တွေ့ရပါတယ်။ ပန်တိန်းကတစ်ဆင့် တောတောင်ကြားက လမ်းအကွေ့အကောက်အတိုင်း ခရီးနှင်ကြတဲ့ နောက်မှာတော့ မယ်စဲ့မြို့ကိုရောက်ရှိခဲ့တယ် အရင်ဆုံးမြင်နေရတာကတော့ ကုန်စည်စစ်ဆေးရေးစခန်းပါ။ သိပ်မလှမ်းတဲ့တောင်ထိပ်မှာတော့ နယ်စပ်ကုန်သွယ်ရေးရုံးကို တည်ဆောက်ထားပါတယ်။ ဒါက ကယားပြည်နယ်နဲ့ မယ်ဟောင်ဆောင်ခရိုင်အကြား ကုန်သွယ်ရေးအဆင်ပြေစေဖို့အတွက် ဆောင်ရွက်ပေး နေရတဲ့ ရုံးနေရာဖြစ်ပါတယ်။ 

မယ်စဲ့မြို့က အရမ်းကိုသေးငယ်တဲ့ နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပေမယ့် ကျေးရွာတွေက ခပ်စိပ်စိပ်တည်ရှိကြပါတယ်။ မယ်စဲ့မြို့အလယ်မှာတော့ သင့်ကိုရွေးချယ်စရာနှစ်ခုပေးပါလိမ့်မယ်၊ BP-13 ကိုသွားမှာလား BP-14 ကိုသွားမှာလားဆိုတဲ့ ရွေးချယ်မှုဘဲဖြစ်ပါတယ်။ BP-14 က မယ်စဲ့မြို့နဲ့ပိုပြီးနီးပါတယ်။ မယ်ဟောင်ဆောင်ခရိုင် ဆောင်ဟိန်ကျေးရွာနဲ့ နီးကပ်နေတဲ့ နယ်စပ်မှတ်တိုင်တည်ရှိပြီး ထိုင်းနိုင်ငံရဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ အစားအသောက်တွေကို အလွယ်တကူ ဝယ်ယူလို့ရနိုင်တဲ့နေရာဖြစ်ပါတယ်။ ကားကြုံလို့ (၁၄)ကျေးရွာ ကိုလိုက်သွားဖြစ်ခဲ့တယ် ကုန်စုံဆိုင်အသေးတစ်ဆိုင်ကိုရောက်တော့ သစ်သီးစုံ၊ အချိုရည်စုံ၊ စားသောက်ကုန် သာမက လက်မောင်းလောက်ရှိတဲ့ ငါးခူအကြီးတွေကို အရှင်လိုက် ထိုင်းနိုင်ငံကနေ တင်သွင်းကြတာလို့ ကားဒရိုင်ဘာကရှင်းပြလို့သိရပါတယ်။

အပူပိုင်းဒေသဖြစ်လို့လားမသိ မယ်စဲကိုရောက်တာနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသကို ရောက်လိုက်သလို ခံစားရပါတယ်။ အညာဒေသလို ထန်းပင်၊ ဇီးပင်၊ တမာပင်၊ မန်ကျည်းပင်တွေ ပေါက်ရောက်တဲ့ ဒေသတွေပေါ့။ ခရီးသွားလာသူတွေ လမ်းဘေးဝဲယာတွေမှာရှိတဲ့ ဈေးဆိုင်တွေမှာနားပြီးတော့ သစ်သီးဖျော်ရည်တွေ ဒေသထွက်သစ်သီးတွေ စားလို့ရပါတယ်။ များသောအားဖြင့်တော့ ထိုင်ဘက်ကနေဝင်လာတဲ့ သစ်သီး၊ သားငါး၊အဝတ်အထည်၊ လူသုံးကုန်တွေ အတော်များများကို ရောင်းချနေတာကို တွေ့ရပါတယ်။

ဒီလိုနဲ့ ကားဒရိုင်ဘာက မယ်စဲ့ကိုပြန်ပြီး အဲ့ကနေတစ်ဆင့် နမ့်မန်းရွာအထိသွားမှာဖြစ်ပြီး အဲ့ဒီမှာခရီးစဉ်ပြီးဆုံးမှာဖြစ်ပါတယ်။ မယ်စဲ့မြို့ပေါ်မှာ တည်းခိုခန်းတစ်နေရာရှိတယ်လို့ပြောပေမယ့် တည်းခိုခန်းပိုင်ရှင်က လွိုင်ကော်သွားနေလို့ တည်းခိုမယ့်နေရာ ရှာမရဖြစ်သွားတယ်။ ကံကောင်းချင်တော့ ကားဒရိုင်ဘာက နမ့်မန်း မှာတော့ တည်းခိုလို့ရတဲ့နေရာ တစ်နေရာရှိတယ်ပြောမှ ရင်ထဲကအပူလုံး ကျသွားတော့တယ်။ ဒီညတော့ နမ့်မန်းမှာဘဲအိပ်ဖို့ဆုံးဖြတ်လိုက်ပြီး နမ့်မန်းကိုခြေဆန့်ခဲ့တယ်။ မယ်စဲ့မှ-မယ်ဆည်နမ် အဲ့ကနေပြီး နမ့်မန်း ကျေးရွာကိုရောက်ခဲ့တယ်။ 

နောက်ဆုံးတော့ ကျွန်မတည်းခိုမယ့်အိမ်လေး(တည်းခိုခန်း)ကို ရောက်ခဲ့ပါတယ်။ အိမ်လေးက လုံးချင်းအိမ်ပုံစံဖြစ်နေပေမယ့် အထဲမှာ အခန်းလေးတွေကို ခွဲထားသေးတာကိုလည်း တွေ့ရပါတယ်။ အိမ်လေးက အဖိုးတန်သစ်သားတွေနဲ့ ဆောက်ထားတယ်၊ အခန်းကိုလည်း သစ်သားပျဉ်တွေနဲ့ လုပ်ထားတယ်၊ အိမ်တိုင်တွေကိုလည်း အဖိုးတန်တိုင်လုံးကြီးတွေနဲ့ ဆောက်ထားတယ်ဆိုတော့ ကျွန်မအရမ်းကို နှစ်သက်တဲ့ အိမ်ပုံစံလေးပဲ ဖြစ်ပါတယ်။ မြို့ကြီးတွေကလို ဟိုတယ်ကြီးတွေလို မဟုတ်ပေမယ့် တောစတိုင်လ်တည်းခိုခန်းလေးပေါ့။ ကျွန်မတို့လို ဆွေမရှိ မျိုးမရှိတစ်ညအိပ်၊ နှစ်ညအိပ်လို ဧည့်သည်တွေအတွက် အရမ်းကို အဆင်ပြေတဲ့ နေရာလေးပါ။ အိမ်ဘေးညာဘက်မှာတော့ လယ်ကွင်းတွေ ရှိပါတယ်။ မိုးရာသီ သီးနှံစိုက်ပျိုးချိန်ဆိုရင်တော့ အရမ်းကို သာယာတဲ့ နေရာလေးဖြစ်မှာပါ။ 

အိမ်အမိုးကိုလည်း အုတ်ချပ်တွေနဲ့မိုးထားလို့ အပူဒဏ်ကို အတော်လည်းလျှော့ပေးထားနိုင်တဲ့ အိမ်ကြီးဖြစ်တယ်။ လက်ရှိမှာတော့ ကုန်သွယ်ရေးလမ်းကြောင်းကြီး ပွင့်နေပြီတော့ဟုတ်တယ်၊ သို့ပေမယ့် ဟိုဘက်က ဝင်လာသူ၊ ဒီဘက်ကနေသွားပြီး ကုန်ရောင်းကုန်ဝယ်လုပ်နေသူတွေ အသွားအလာမစိပ်သေးတဲ့အတွက် ယာယီပုံစံလိုပဲ ဖွင့်ထားပြီး နောင်တစ်ချိန်ကျရင် တည်းခိုခန်းအဆင့်အထိ တိုးမြှင့်ဖွင့်လှစ်ဖို့ အစီအဉ်ရှိတယ်လို့ အိမ်ရှင်ဖြစ်သူကပြောမှ အကြောင်းစုံကိုသိရတော့တယ်။ ဘာဘဲဖြစ်ဖြစ် ကျွန်မအတွက် ကတော့ ဒီလိုကျွန်းသစ်အိမ်ကြီးထဲမှာနေရတာ ပိုပြီးအဆင်ပြေတယ်။ နေ့တစ်ဝက်လောက် ကားစီးလာရလို့ လူကလည်းနွမ်းနေပြီဆိုတော့ ကြမ်းပြင်ပေါ်က (၆)လက်မ မွေ့ယာပေါ်အားရပါးရ လဲချပြီးအနားယူလိုက်တယ်။

ဘေးအိမ်က ထိုင်းသီချင်းသံလေးကို နားမလည်ပေမယ့် နားဆင်ရင်းတစ်ရေးအိပ်ပျော်သွားတယ်….
ခရီးစဉ်က (၂/၃)ရက်တည်းမို့ အကုန်လုံး အလည်သွားချင်တဲ့လောဘစိတ်ကလည်းရှိနေသေးတော့ အကြာကြီးမအိပ်လိုက်ရပါဘူး….ညနေစောင်း (၃)နာရီရှိပါပြီ ဒီနေ့တော့ BP-13 ကို အရောက်သွားလိုက်မှ ဆိုတဲ့ဆုံးဖြတ်ချက်ကရှိနေတော့ မျက်နှာလေးထသစ်ပြီး BP-13 ကို သူငယ်ချင်းဆီမှာ ငှားထားတဲ့ Honda 110 လေးတစ်စီးနဲ့ ခရီးစတင်လိုက်ပါတယ်။ လမ်းခရီးတစ်လျှောက်မှာ စိမ်းစိုပြီးလှပနေတဲ့ လယ်ကွက်တွေနဲ့ နေရောင်အောက်က နေချင်စဖွယ်လယ်တဲလေး တွေကိုကြည့်ရင်း လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြတဲ့ တောင်သူလယ်သမားတွေရဲ့ အေးချမ်းတဲ့ဘဝလေးကို ခံစားမိခဲ့တယ်။ လမ်းမကြီးအတိုင်း ကုန်းတက်ကုန်ဆင်း တောင်တွေကို ၁၅မိနစ်ကျော်မောင်းသွားတော့ အဆောက်အဦလေးတွေနဲ့ ဈေးဆိုုင်လေးတွေ ဖွင့်လှစ်ထားတဲ့ KNPP ရဲ့ ကုန်သွယ်ရေးစခန်းကိုရောက်ပါတယ်။

အပြန်မှဝင်မယ်လို့ဆုံးဖြတ်လိုက်ပြီး လမ်းအတက်အဆင်း အကွေ့အကောက်အတိုင်း မော်တော်ဆိုင်ကယ်လေး ကို ပုံမှန်မောင်းသွားခဲ့တယ်…တစ်လမ်းလုံး လူသူမရှိသလောက် လမ်းက ကတ္တရာလမ်းမို့ အဆင်ပြေလှတယ်။ 

လမ်းဘေးတစ်လျှောက်မှာ သစ်တောတွေအုံ့ဆိုင်းပြီး ကျေးငှက်သွန်မြီသံတွေကိုလည်း ကြားနေရတယ်၊ ငှက်အော်သံကလွဲလို့ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေတယ်။ အဖိုးတန်သစ်ဖြစ်တဲ့ ကျွန်းပင်၊ ပျဉ်းကတိုး ထောက်ကြံ့ပင်တွေနဲ့ အခြားအပင်တွေအများကြီး လမ်းဘေးရဲ့ နေရာတိုင်းမှာ ပေါက်ရောက်နေပါတယ်။ လမ်းတစ်ဝက်လောက်အရောက်မှာ ကားလမ်းမဘေးက မြေသားလမ်းလေးကို သတိထားမိလိုက်တယ်၊ အဲ့ဒီလမ်းလေးအတိုင်းမောင်းသွားတော့ ဖြတ်လမ်းဖြစ်ပြီး…ပိုနီးပြီးတော့ အဆင်ပြေတာကိုတွေ့ရလို့ ဖြတ်လမ်း အတိုင်းဘဲ လိုက်သွားလိုက်တယ်… စမ်းချောင်းလေးကိုအခြေပြုပြီး ခရီးသွားကြတဲ့ ယခင်က လမ်းဟောင်း လေးဖြစ်မှန်းသိခဲ့တယ်…..BP-13 နဲ့နီးတဲ့နေရာရောက်တော့ ဆင်ထိန်းမပါတဲ့ ဆင်ကြီးနှစ်ကောင် တောလည် နေတာမြင်တော့ သစ်ဆွဲတဲ့ဆင်လား ခရီးသွားနေတဲ့ဆင်အုပ်များလား တောဆင်ရိုင်းလားလို့ စိုးရိမ်စိတ်လေး ဖြစ်သွားသေးတယ်…..(၃၅)ဒီဂရီ တောင်ကုန်းရှည်လေးရဲ့ အပေါ်ကိုရောက်တော့ ခြင်းလုံးခတ်နေကြတဲ့ လူတစ်စု ကိုမြင်လိုက်တယ်…အဲ့မှာ စိုးရိမ်ထိတ်လန့်စိတ်လေးတော့ နည်းနည်းလေးဖြစ်လိုက်မိတယ်။ သူတို့တွေ ငါ့ကိုဘာတွေ မေးမြန်းကြမလဲဆိုပြီးတော့ပေါ့။ 

စခန်းနားကို ရောက်တော့ တစ်ချို့ကစခန်းမှာထိုင်နေကြတယ်…မြန်မာနိုင်ငံအလံနဲ့ ထိုင်းနိုင်ငံအလံကို လွင့်ထူထားကြပြီး အလံတိုင်တစ်ခုစီရဲ့ အောက်မှာ မြန်မာဘာသာနဲ့ ထိုင်းဘာသာအသီးသီး ရေးထိုုးထားတာ ကိုတွေ့ရပါတယ်…..ဪ…BP-13 ရောက်ပြီဘဲကိုးဆိုပြီး ကြိတ်ပျော်မိပါတယ်…ဘာကြောင့်ဆို ဘီပီ ၁၃ကို ရောက်ချင်နေတာ အိမ်မက်တွေမက်ခဲ့တာ ကြာပြီလေ။ ခုတော့ အိမ်မက်တွေ ပြည့်ခဲ့ရပါပြီ။

ဆိုင်ကယ်သော့ပိတ်ပြီး ဆင်းမယ်ပြင်တော့ ဘယ်ကလာလဲ? ဘာကိစ္စလဲလို့ ဂိတ်ထဲကနေလှမ်းမေး တော့ အလည်လာခြင်းအကြောင်းကို ပြောလိုက်မှ အဆင်ပြေသွားတယ်။ ထိုင်းသွားမယ်ထင်လို့ပါတဲ့… အချိန်ရရင် သွားချင်တာပေါ့လေ၊ ထိုင်းစစ်သားနဲ့ မြန်မာစစ်သား ခြင်းလုံးအတူခတ်နေကြတာတဲ့ …မဆိုးပါဘူး သူ့စကားလည်းနားမလည် ကိုယ့်စကားလည်းနားမလည် သိတဲ့တစ်လုံးနှစ်လုံးလေးနဲ့ အော်ကြဟစ်ကြနဲ့ အတော်ကို အဆင်ပြေနေကြတာတွေ့ရပါတယ်….နယ်ခြားမှတ်တိုင်က တောင်ရဲ့အထိပ်ဆုံးမှာ သတ်မှတ်ထား ကြတာပါ …နှစ်နိုင်ငံနယ်နိမိတ်ကို အထင်းသားခန့်မှန်းမိလိုက်တယ် မြန်မာဖက်ခြမ်းက ကတ္တရာလမ်းကို နယ်ခြားအဆုံးထိခင်းထားပြီး ထိုင်းနိုင်ငံဖက်က ကျောက်ကြမ်းလမ်း အဟောင်းအဖြစ်နဲ့သာ မြင်နေရပါတယ် ဝါးခြမ်းပြားလေးတွေနဲ့ကာပြီး ကန့်သတ်ထားတော့ နှစ်နိုင်ငံနယ်နိမိတ်က ပိုမိုပေါ်လွင်စေတာပါ။ မြန်မာဘက်ကသာ ကတ္တရာလမ်းခင်းခြင်း( လက်ရှိမှာ အကျယ် ၁၈ ပေလောက်သာရှိနေပြီး နောက်ပိုင်းမှာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးလမ်းဖြစ်တဲ့အတွက်ကြောင့် ထပ်မံချဲ့ထွင်မှာ ဖြစ်ပါတယ်)တွေကို အပူတပြင်း လုပ်ဆောင်နေပေမယ့် တစ်ဖက်နိုင်ငံမှာတော့ မြေသားလမ်း၊ ကျောက်ခင်းလမ်းအကြမ်းသာ ရှိနေပါသေးတယ်။

“They are Myanmar””Visiting” “Loikaw” စသည်ဖြင့် မြန်မာစစ်သားတစ်ယောက်က ထိုင်းစစ်သားတစ်ယောက်ကို ပြောနေတာကြားလို့လှည့်ကြည့်လိုက်တယ်…. Sawadikhaလို့ ထိုင်းစစ်သားကနှုတ်ဆက်တော့ ပြန်ပြီးနှုတ်ဆက်လိုက်တယ်…. ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အင်္ဂလိပ်လို မိတ်ဆက်လိုက်တယ် မပြီးခင်မှာ N0 English လို့သူကပြောတော့ ဆက်ပြီးမပြောတတ်တော့ အပြုံးနဲ့ဘဲနေလိုက်တယ်…မထင်မှတ်ထားတဲ့ စကားသံ ကိုကြားလိုက်မိတော့ အံ့ဩမင်သက်မိသွားတယ်….ထိုင်းတပ်သားလေးက ကျွန်မကို ကရင်လိုစကားပြောလာ လို့ပါ….ကရင်လိုတတ်တယ်ဆိုရင်တော့ ကရင်လိုပြောကြမယ် ကျွန်တော်ကရင်စကား နည်းနည်းပါးပါးတော့ ပြောတတ်တယ်လို့သူပြောမှ ကိုကပိုပြီး ဆွံ့အသွားမိတယ်….ကိုယ်က ကရင်စကားကိုနည်းနည်းပါးပါးဘဲ နားလည်တာကိုး …ခံပေါ့……ဒါနဲ့ ကရင်လိုမရဘူး ကယားလိုဘဲတတ်တယ်လို့ ပြန်ဖြေတော့ သူက ဆက်ကစားအုံးမယ်လို့ပြောပြီး ခြင်းလုံးကွင်းဆီကို ပြေးသွားပါတယ်…..

အကျယ် ပေ(၅၀) အရှည်ပေ(၁၀၀)ခန့်ရှိတဲ့ ဒီနှစ်နိုင်ငံနယ်စပ် တောင်ထိပ်မှာ နှစ်နို်င်ငံစစ်သားတွေ အတူကစားနေ ကြတာကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်မိတယ်…. ညနေ(၄း၅၀)ရှိနေပါပြီ နမ့်မန်းကိုပြန်ဖို့ အတွေး ဝင်လာတော့ ဟိုနားဒီနား ဓာတ်ပုံတွေရိုက်ပြီး ဆိုင်ကယ်လေးကို ကတ္တရာကုန်းဆင်းလေးမှာ အသာလေးလိမ့် ဆင်းသွားလိုက်တယ်…..ပြန်ရင်းနဲ့ စဉ်းစားမတာလေးက ဒီနှစ်နိုင်ငံ ကုန်သွယ်ရေးတကယ်ကို အောင်မြင်သွားပြီဆိုရင်တော့ နောက်၅ နှစ်လောက်မှာဆိုရင် ဒီလိုမြင်ကွင်းတွေ တွေ့ရတော့မှာမဟုတ်ဘူး၊ ဒီတောတောင်တွေ ဒီလမ်းပိုင်းလေးတွေ၊ ဒီလိုတိတ်ဆိတ်တဲ့ လမ်းပိုင်းလေးတွေကို တွေ့ရတော့မှာ မဟုတ်ဘူးဆိုပြီး ရှုခင်းတွေကို တငေးတမောနဲ့ ရှုစားရင်း လာရာလမ်းကို ပြန်ခဲ့ပါတယ်။ အခြေအနေပေးခဲ့ရင် နောက်တစ်ခေါက်(ကုန်သွယ်ရေးအောင်မြင်သွားတဲ့အချိန်) တစ်ခေါက်ပြန်လာချင်ပါသေးတယ်။

 
 
 
spot_img
spot_img

Recent posts