အိမ်ပြန်ဖို့ အလှမ်းဝေးနေဆဲပါ

စိုင်းလင်းလင်းဦး

 

အကျအနဆောက်လုပ်ထားတဲ့ အိမ်ခြေ ၅ဝ ရှိရွာတစ်ရွာဟာ သုသာန်တစ်ခုအလား ငြိမ်သက်နေပါတယ်။ အံဩစရာကောင်းနိုင်ပေမယ့် ဒီနေရာဟာ လူနေထိုင်ဖို့အတွက်ပဲ ရည်ရွယ်ချက်ရှိရှိဆောက်လုပ်ခဲ့တာပါ။

ပျဉ်ကာ သွပ်မိုးနဲ့ အိမ်သာတွေပါဝင်တဲ့ အိမ်စုလေးဟာ စစ်ရှောင်ဒုက္ခသည်တွေအတွက် အစိုးရ ကေအဲန်ပီပီတို့ရဲ့ ပြည်ထောင်စုအဆင့်အပစ်ရပ်ဆိုင်ရာ သဘောတူညီချက်ပါ အချက်အရ စံပြကျေးရွာ နေရာတစ်ခုအဖြစ် အစိုးရက ဖေါ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ဒီနေရာကို အစောင့်သဘောအဖြစ်သာ အိမ်(၅၀)ထဲက ရွာအပြင်ဖက်လမ်းအနီးရှိ နေအိမ်တစ်အိမ်မှာ ဒေါ်စူးမယ်တို့မိသားစု နေထိုင်ပါတယ်။ “ကျမတို့ကတော့ ပျက်စီးတာတွေမရှိအောင် နေနေတဲ့သဘောပါပဲ။”ဟု အိမ်ရှင် ဒေါ်စူးမယ်က ပြောပါတယ်။

ဆောက်လုပ်ထားတာနှစ်နှစ်သာသာ ရှိသေးပေမယ့် သက်တမ်းနဲ့ မလိုက်ဖက်အောင် ခြုံနွယ်တွေနဲ့ ဖုံးလွမ်းနေပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ အထီးကျန်အိမ်ရာတည်ရှိရာဖက်ကို လက်ညိုးထိုးရင်း “လူတွေတစ်ယောက်မှတော့ မနေကြပါဘူး။”ဟု ဒေါ်စူးမယ်တစ်ယောက် ညီးတွားပါတယ်။

ဒေါ်စူးမယ်နဲ့ သူရဲ့ခင်ပွန်းတို့ နေထိုင်တဲ့အိမ်ဟာ ကယား(ကရင်နီ)ပြည်နယ်က ရှားတောမြို့နယ် နယ်နိမိတ်ထဲက BP 9 – 10 ကို ဆက်သွယ်ထားတဲ့ လမ်းဘေးနားက ဒေသအခေါ် “မယ်ယု”ဆိုတဲ့ နေရာပါ။

BP 9- 10 က ရှားတောမြို့အရှေ့ဘက် ထိုင်းနိုင်ငံနယ်နိမိတ်ကို ဆက်သွယ်ထားတဲ့ဒီလမ်းဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းက ၂၀၁၂ ခုနှစ် မတ်လပြီးနောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ အစိုးရတပ်တွေအကြား အပစ်ရပ်စဲကြောင်း လက်မှတ်ထိုးအပြီး တဖြည်းဖြည်းစည်ကားလာခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

လမ်းကို အသုံးပြုသူတွေ အများစုကတော့ ထိုင်နယ်စပ် ဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့သူတွေပါ။

စံပြအိမ်ရာတွေကို စစ်ရှောင်ဒုက္ခသည်တွေအတွက် စံပြနေရာအဖြစ် နေထိုင်ဖို့ အစိုးရနဲ့ ကေအဲန်ပီပီတို့ရဲ့ သဘောတူညီချက်အရ အစိုးရက ဆောက်လုပ်ပေးခဲ့ပေမယ့် လက်ရှိငြိမ်းချမ်းရေနဲ့ နိုင်ငံရေးဖြစ်စဉ်တွေက အိမ်ရာဆောက်လုပ်ထားတဲ့နေရာမှာ နေထိုင်ဖို့အပါအဝင် ဒုက္ခသည်တွေအတွက် နေရပ်ပြန်လာဖို့ အဟန့်အတာဖြစ်နေဆဲဖြစ်တဲ့အတွက် ယခုအချိန်အထိ ခြောက်ကပ်နေတာဖြစ်ပါတယ်။

ကရင်နီဒုက္ခသည် အမှတ် ၁ စခန်း လူနေရပ်ကွက်တစ်ခုကို တွေ့ရစဉ်-ဓါတ်ပုံ/စို်င်းလင်းလင်းဦး

အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ၁၉၉၆ ဝန်းကျင် တိုက်ပွဲအကြား ကယား(ကရင်နီ)ပြည်နယ်အတွင်းက ပြည်သူတွေက မြေစာပင်ကဲ့သို့ အသက်ရှင်သန်ရေးအတွက် မြန်မာ-ထိုင်းနယ်စပ်မှာ စစ်ဘေးရှောင်ဒုက္ခသည်အဖြစ်နဲ့ ရောက်ရှိကုန်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ နေရပ်ပြန်ဖို့ ကြိုးစားသူတွေနဲ့ လမ်းသစ်ရှာဖွေဖို့ ရုန်းထွက်နေရင်း ဒုက္ခသည်နဲ့ ရွေ့ပြောင်းအခြေချသူတွေဟာ ပြည်တွင်းကို ဝင်ထွက်လေ့လာရင်း အိမ်ပြန်ရေးရည်မှန်းချက်ကို စမ်သပ်တူးဆွနေကြပါပြီ။

၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၁၆အတွင်း ၂၁ ရာစု ပင်လုံညီလာခံကနေအစပြု ထွက်ပေါ်လာတဲ့ နိုင်ငံရေး ပြုပြင်ပြောင်လဲရေးက ဒုက္ခသည်တွေအတွက် နေရပ်ပြန်လာရေး မျှော်လင့်ချက်ရောင်ခြည်သမ်းလာပြီလို့ အားလုံးက ယူဆနေကြပါတယ်။

(ထိုင်း မြန်မာနယ်စပ်ရှိ အမှတ် ၁ ကရင်နီ ဒုက္ခသည်စခန်းရှိ ကလေးငယ်များကို တွေ့ရစဉ်-ဓါတ်ပုံ/စိုင်းလင်းလင်းဦး)

ဒီလူတွေအထဲက ဒေါ်ကူးမြာဟာ တစ်ဦးအပါအဝင်ပါ။ တလောက ပြည်တွင်းကို ဝင်ပြီး ဇာတိမြေမှာ အခြေချဖို့ သူ ကြိုးစားကြည့်ပါသေးတယ်။ အဆင့်သင့်မရှိသေးတဲ့ အလုပ်အကိုင်နဲ့ ဝမ်းစားအခက်အခဲက ဒေါ်ကူးမြာကို နှစ်လလောက်သာ နေထိုင်ဖို့ရာ ကြံ့ကြံ့ခံခဲ့ပါတယ်။

“ကျမ ပြီးခဲ့တဲ့ရက်တုန်းက အိမ်ပြန်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ပေါ့။ ဒါပေမယ့် အလုပ်ကလည်း ရှားတယ် ဘာလုပ်ရမှန်းမသိဘူး။ သူများတွေအကြားမှာ မျက်နှာငယ်ရတယ်။ ဒါနဲ့ နေထိုင်စားသောက်ဖို့အဆင်မပြေတာနဲ့ ပြန်လာရတာပဲ။”ဟု ကလေးတစ်ဦးရဲ့ မိခင်က ဖေဖေါ်ဝါရီလအတွင်း ကန္တာရဝတီတိုင်း(မ်)မှ ဒုက္ခသည်စခန်း (၁)ကို သွားရောက်စဉ် ရှင်းပြခဲ့ပါတယ်။

အခုတော့ သူရဲ့နေရာဟောင် ဒုက္ခသည်စခန်း (၁-နန်းဆွယ်)ကို ပြန်လာခဲ့ပါပြီ။ အနည်းငယ်သော စားသုံးကုန်ပစ္စည်းအနည်းငယ်နဲ့ အိမ်ရှေ့မျက်နှာစာမှာ ဆိုင်ဖွင့်ရင်း အရင်းအနှီးစုဆောင်းကာ အိမ်ပြန်ဖို့ နေ့ရက်တွေကို စောင့်ဆိုင်းနေဆဲပါ။

မယ်ဟောင်ဆောင်ခရိုင်အတွင်းက ကရင်နီဒုက္ခသည်စခန်းနှစ်ခုမှာ နေထိုင်တဲ့ ဒုက္ခသည်ဦးရေဟာ ၁၂၀၀ဝ ကျော်အထိ ရှိနေတုန်းပဲလို့ ကမာ္ဘ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ ၂၀၁၆ မတ်လအတွင်း ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒုက္ခသည်စခန်းပင်မကော်မတီရဲ့ စာရင်းကတော့ ၁၅၀၀ဝ ရှိတယ်လို့ ဆိုထားပါတယ်။

UNHCR ၏ဝက်ဆိုက်တွင် တင်ပြထားသည့်အချက်အလက်အရ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်တွေနှင့် နယ်စပ် ဒုက္ခသည်စခန်းတွင် ရောက်ရှိနေကြသည့်ဒုက္ခသည်တွေစာရင်းထဲမှာ နေရပ်ကို ပြန်လာနေထိုင်ကြသူတွေလည်း တချို့ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ မတည်ငြိမ်သေးတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်က စစ်ဘေးရှောင်ဒုက္ခသည်တွေကို နေရပ်ပြန်လာဖို့ အခက်အခဲဖြစ်စေတယ်လို့ ကရင်နီပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ခူညေးရယ်က ပြောပါတယ်။ ဒါ့အပြင် ပြန်လည်အခြေချဖို့ ကြိုတင်ပြင်ဆင်ထားခြင်း အဆင့်သင့်မဖြစ်သေးတာကြောင့် “အဓိကကတော့ တိကျတဲ့ နိုင်ငံရေးအခြေအနေတစ်ရပ် မရရှိသေးတဲ့အတွက် ဘယ်သူ့မှ ပြန်လာမနေရဲပါဘူး။”ဟု ဒုဝန်ကြီးက ပြောပါတယ်။

နေရပ်ပြန်လာရာမှာ အဓိကကျတဲ့ နေရာပြန်လည်ချထားရေး၊ မြေမြှပ်မိုင်းအန္တရာယ်၊ လူမှုဘဝဖူလုံရေးအတွက် အာမခံချက်မရှိသေးအနေအထားက ဒုက္ခသည်တွေကို စိန်ခေါ်မှုတွေဖြစ်နေပါတယ်။

UNHCR ရဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားဒုက္ခသည်များ ဆန္ဒအလျောက်နေရပ်ပြန်ခြင်းဆိုင်ရာ ဗျူဟာမြောက်လမ်းပြမြေပုံမှာ နေရပ်ပြန်ချင်သူတွေအတွက် စနစ်တကျဖြစ်အောင် လျှောက်ပတ်သင့်တော်သော အခင်းအကျင်းကို ဖန်တီးပေးဖို့ လိုအပ်တယ်လို့ လမ်းပြမြေပုံက ဆိုထားပါတယ်။

ဆန္ဒအလျောက်နေရပ်ပြန်ရေး စီမံချက်မှာ နိုင်ငံတကာစံနှုန်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဘောင်များနှင့် ထောက်ပံ့ကူညီပေးဖို့ မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံအစိုးရတို့အကြား ၂၀၁၆ ခုနှစ်ကတည်းက အပြန်အလှန်သဘောတူညီထားကြတာပါ။

၂၀၁၃ ခုနှစ်ကတည်းက စစ်တမ်းကောက်ယူခဲ့တဲ့ စာရင်းအရ ၂၀၀ဝ ကျော်အထိ ဒုက္ခသည်နဲ့ စစ်ရှောင်သူတွေ နေရပ်ပြန်လာခဲ့တယ်လို့ UNHCR က ဖေါ်ပြထားပါတယ်။

ကယားပြည်နယ်အတွင်းရှိ ရ မြို့နယ်က ကျေးရွာ ၄၅ ရွာမှာ ဒီစစ်တမ်းကို ကောက်ယူခဲ့ပါတယ်။ ကောက်ယူတဲ့ကိန်းဂဏန်းအရ ဒါဟာ စခန်းမှာရှိတဲ့ ဒုက္ခသည်အရေအတွက်ရဲ့ ၈ ဦးမှာ ၁ ဦးနှုန်းဟာ မိမိဆန္ဒအလျောက် နေရပ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုက္ခသည်စခန်းပင်မကော်မတီရဲ့ စာရင်းမှာတော့ နေရပ်ပြန်သူမရှိသေးဘူးလို့ ဆိုထားပါတယ်။
Returnees in assessed villages by Township (UNHCR)

ကရင်နီဒုက္ခသည် စခန်းအတွင်းက လူဦးရေ ထက်ဝန်ခန့်လောက်ပဲ ကုလသမဂ္ဂရဲ့ ဒုက္ခသည်အဖြစ် တရားဝင်မှတ်ပုံတင်ထားကြပါတယ်။ ဒီကြားမှာ ဒုက္ခသည်စခန်းတွင်းမှာ ပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းအတွက် ကြိုတင်ပြင်ဆင်နေကြတာကိုလည်း ကန္တာရဝတီတိုင်း(မ်)က တွေ့ခဲ့ရပါတယ်။

ဒီကြားထဲ စခန်းအတွင်းက မှတ်ပုံတင်ထားခြင်းမရှိသေးတဲ့ ဒုက္ခသည်ထက်ဝတ်ကတော့ လမ်းခုလတ်မှာ ဲ မူလနေရပ် ပြန်လာနိုင်ဖို့ပဲ မျှော်လင့်နေကြတာကို သိခဲ့ရပါတယ်။ လက်ရှိ သင်ယူနေတဲ့ ပညာရပ်ဆိုင်ရာ သတ်မှတ်ချက်တွေကို နေရပ်ပြန်လာရင်လည်း မြန်မာအစိုးရက အသိအမှတ်ပြုပါ့မလားဆိုတာ စိုးရိမ်နေကြဆဲပါ။
ဒုက္ခသည်တွေရဲ့ အိမ်ပြန်ခရီးအတွက်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အများဆုံးသက်ရောက်နေတဲ့အတွက် ငြိမ်းချမ်းဖြစ်စဉ်တိုးတက်ပြောင်းမှုအပေါ်မှာပဲ မူတည်နေတယ်လို့ ပြည်နယ်အစိုးရဘက်က တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့ပါတယ်။

ပြည်နယ်ရဲ့ အဓိက တိုင်းရင်းသားလက်နက်ကိုင်ဖြစ်တဲ့ ကေအဲန်ပီပီအနေနဲ့ကေတော့ NCA ထိုးပြီးမှသာ ဒုက္ခသည်တွေရဲ့ နေရပ်ပြန်လာနိုင်ရေးအတွက် နောက်ဆက်တွဲ လုပ်ဆောင်ရမယ့် မူဘောင်တွေအတိုင်း တဖြည်းဖြည်းချင်း တည်ဆောက်သွားမယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ခူညေးရယ်က ဆိုထားပါတယ်။

အစိုးရရဲ့ NCA ထိုးပြီးတဲ့ တိုင်းရင်းသားဒေသတွေဘက်မှလည်း အာမခံချက်မရှိ စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာဟာလည်း နေရပ်ပြန်ဖို့ကြိုးစားသူတွေကို ခြိမ်းခြောက်နေတယ်လို့ ကရင်နီဒုက္ခသည်အရေးမှာ ထဲထဲဝင်ဝင်လေ့လာရေးသားနေတဲ့ ကန္တာရဝတီတိုင်း(မ်)ရဲ့ အကြီးတန်းသတင်းထောက် စူးမယ်က သုံးသပ်ပါတယ်။

“တကယ်တမ်း ဒုက္ခသည်တွေအတွက်က တတိုင်းတပြည်လုံးက ငြိမ်းချမ်းရေးရမှပဲ ဘယ်နေရာမှ သေနတ်သံ မပေါက်ဖို့ပဲ အရေးကြီးတယ်။”ဟု စူးမယ်က ဆိုပါတယ်။

စစ်ဘေးရှောင်နဲ့ ဒုက္ခသည်တွေရဲ့ အနာဂတ်အိမ်ပြန်ရေး မျှော်လင့်ချက်ဟာ အစိုရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ရဲ့ လက်ထဲမှာပဲ ပုံအပ်ထားရနေဆဲမှာ သူတို့ရဲ့ နေရပ်ပြန်ရေး အကောင်အထည်ပေါ်လာဖို့ အိပ်မက်တွေ ဆက်မက်နေဆဲပါ။

Comments

comments

Next Post

ကယားဒေးကွင်းအနီးမှာ စေတီဘာကြောင့်တည်

Fri Apr 28 , 2017
ကန္တာရဝတီတိုင်း(မ်)   ပြည်နယ်အစိုးရဦးဆောင်ပြီး ကယားပြည်နယ်နေ့ပွဲတော်ကျင်းပသည့် ပွဲတော်ကွင်းအနီးတွင် တည်ဆောက်မည့် စေတီအပေါ် လူမှုကွန်ယက်ရှိ ကယား(ကရင်နီ) လူမှုအသိုင်းအဝန်းများက ကန့်ကွက်ဆွေးနွေးလျက်ရှိသည်ကို တွေ့မြင်နေရသည်။ ထို့အပြင် အများပိုင်မြေနေရာ၌ အသုံးပြုခြင်းကိုလည်း လက်မခံနိုင်ဟု  ဒေသခံလူငယ်အများစုက ဝေဖန်နေကြသည်။ ၎င်းဝေဖန်လျက်ရှိသူလူငယ်များထဲမှ ကရင်နီပြည်  တောင်သူလယ်သမား သမ္မဂမှ ကိုအန်ထော်နီတူရယ်က “ဖြစ်နိုင်ရင်တော့ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောယှတ်ပြီးတော့ ပဋိပက္ခကို ဖြစ်စေမယ့် အလုပ်ကို ဘယ်တော့မှ မလုပ်ပါနဲ့လို့တော့ ပြောချင်တယ်။”ဟု ပြောသည်။ လက်ရှိတည်နေရာအား  ပြည်နယ်၏ ပြည်နယ်လူထုနေရာ public area သာ ဖြစ်စေလိုကြောင်းနှင့် ပြည်နယ်၏ အထင်ကရနေရာဟူသည် ဘာသာရေး တစ်ခုခု၏ လက္ခဏာ ကိုသာ အထူးဖော်ပြရာ မဟုတ်ကြောင်း   ကယားတေးသံရှင်အဆိုတော် […]