spot_img
Monday, August 8, 2022
spot_img

အိမ်ကို မပြန်နိုင်ကြတော့တဲ့ စစ်ဘေးဒုက္ခသည်တွေ စောင်၊အနွေးထည်လိုအပ်နေကြရဆဲ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ဆောင်းရာသီရဲ့မနက်ခင်းမှာ မြူနှင်းကြားထဲ မိုးကာတဲစိမ်းတွေကို ဟိုတစ်စု၊ ဒီတစ်စု ဆောက်လုပ်ထားတာတဲ့ တဲအိမ်တွေကို တောထဲတွေမှာ မြင်တွေ့နေရပါတယ်။

တောင်ခြေရင်းမှာဆောက်လုပ်ထားတာကြောင့် အဲဒီတဲအိမ်တွေထဲမှာနေနေကြတဲ့ သူတွေက အအေးဒဏ်၊ မြူနှင်းတွေက ပိုပြီးခံနေရပါတယ်။

တဲအိမ်လေးတွေထဲမှာ ရှိနေကြတဲ့ စစ်ဘေးရှောင်သူတွေဟာ ကိုယ့်မြို့ကိုယ့်ရွာမှာ မိသားစု ခိုလှုံဖို့ အကောင်းဆုံး သူတို့မှာ အိုးအိမ်ကောင်းတွေ ပိုင်ဆိုင်ထားကြသူတွေပါ။

ဒါတွေကို စွန့်ခွာပြီး အခုလို တောထဲတောင်ထဲမှာ မိုးကာတဲကလေးတွေနဲ့ နေနေပြီး ချမ်းအေးလှတဲ့ ဆောင်းရာသီချိန်မှာ သူတို့တွေ အအေးဒဏ်ကို အံတုနေကြရပါတယ်။

သွပ်မိုး၊ ဝါးမိုး၊ ရွက်ဖျင်မိုးမဟုတ်တဲ့ မိုးကာတဲစိမ်းရဲ့ ခေါင်မိုးအောက်၊ အေးစက်နေတဲ့ အခင်းမှာ အိပ်စက်ရတဲ့သူအဖို့ကတော့ အအေးဒဏ်ကို တစိမ့်စိမ်းချမ်းတုန်နေအောင် ခံစားနေရပါတယ်။

မိုးကာအောက်မှာအိပ်ရတဲ့အတွက် ညအချိန်မှာ နှင်းရည်ကနေ ကျလာတဲ့ရေစက်ကြောင့် ပိုပြီးအေးလာတယ်လို့ ဆိုကြပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့မှာ မြို့ပြတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူတွေ သောင်းနဲ့ချီပြီး နေအိမ်စွန့်ခွာတိမ်းရှောင်လာခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

ဒီလို တောထဲမှာ ဆောင်းရာသီ ချမ်းစိမ့်နေတဲ့ ဒုက္ခတွေ ကြုံတွေ့နေရပေမယ့်လည်း အိမ်ပြန်ချင်ပေမယ့်လို့ အိမ်ပြန်လို့ မရသေးဘူးလို့ ဘက်တလင်ကျေးရွာနေ အသက် ၅၀ဝန်းကျင်အရွယ် ဒေါ်ကလျားယာက ပြောပါတယ်။

“အခက်ဆုံးပြောရမှာပေါ့နော ညအိပ်ခါနီးဆို စောင်ကလည်းအဆင်မပြေ အနွေးထည်လည်းအဆင်မပြေခါကျတော့လည်း။အရင်တုန်းက အဒေါ်က အိပ်ယာခင်းအထူအစုတ်တစ်ထည်ပါလာတယ် အခုအိပ်ယာခင်းလုပ်လို့မရတော့ဘူး ဘာဖြစ်လို့လဲဆို အပေါ်တအားအေးတော့ ခြုံရတယ်ပေါ့နော။ မိုးကာကထုတ်ပေးတာတော့ရှိပါတယ် အခုမိုးထားတာက ထုတ်ပေးတဲ့ဟာတွေ တစ်ထပ်ပဲရှိတဲ့ခါကျတော့ နှင်းရည်တွေ ကျတယ်ပေါ့နော။ ဒါပေမယ့် အဒေါ်က ဘားမှ မဖြည့်ဆည်းနိုင်ဘူးလေ ဘားမှမရှိဘူးကော အဲဒါ အနွေးထည်လည်းလိုတယ် စောင်လည်းလိုတယ်ပေါ့” လို့ ဒေါ်ကလျားယားက ပြောပါတယ်။

ဒေါ်ကလျားယာက အိမ်စွန့်ခွာတဲ့ချိန်ကစပြီး ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ဘေးရှောင်စခန်းတစ်နေရာမှာ နေထိုင်တာ ၈လခန့်ရှိပြီလို့ သူကဆိုပါတယ်။

ဆောင်းရာသီဝင်တာနဲ့ တဖြည်းဖြည်းအေးလာတဲ့အတွက် မိုးကာတဲစိမ်းအောက်မှာ အိပ်စက်ရတဲ့စစ်ရှောင်တွေအနေနဲ့ ပိုပြီးနွေးထွေးနိုင်ဖို့ စောင်၊ အနွေးထည်တွေ လိုအပ်တယ်လို့ ဆိုကြပါတယ်။

အရမ်းအေးလို့ ညတွေမှာ မီးတွေမွှေးပြီး မနက်အထိ မီးလှုံကြရင်း မီးပုံဘေးနားမှာပဲ နေထွက်တဲ့အထိ နေနေကြရတဲ့ညတွေလည်း မနည်းတော့ဘူးလို့ စစ်ရှောင်တစ်ဦးဖြစ်တဲ့ ဦးဒါဗျားနိုက ပြောပါတယ်။

“ကျနော်တို့ကထင်းတွေရှာထားတယ်လေ ရှာထားပြီးတော့မှ ညအချိန်ဆို မီးမွှေးပြီးဝိုင်းလှုံကြတယ် မနက်စောနိုးပြီဆိုရင် မွှေးပြီးတော့မှ ကလေးတွေကော လူကြီးတွေကော ဝိုင်းပြီးတော့မှ မီးလှုံကြတယ်။ ညအိပ်တဲ့ချိန် အေးတော့အေးတယ်ပေါ့ ဒါပေမယ့် ထလာတော့ ကလေးကနိုးလာဆို မီးမွှေးပေးတယ်လေ ထင်းရှိလို့တော်သေးတယ် ထင်းတုံးတွေထားပြီး မီးမွှေးပြီးတော့မှ ဝိုင်းလှုံကြတယ်”

ကျန်းမာရေးမကောင်းသူ၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေက ပိုပြီး အအေးဒဏ်ကို ခံစားနေရပါတယ်။

ဒီးမော့ဆိုမြို့ ဝမ့်လထွားကျေးရွာကနေ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ အသက် ၃၀ကျော်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်တဲ့ ဒေါ်ကတယ်လိနာက မိသားစု ၅ယောက်ရှိပြီး ကလေးအသုံးအဆောင်ပစ္စည်း၊ ဆေးဝါး မရှိသေးသလို ကျန်းမာရေးသိပ်မကောင်းတဲ့အတွက် စိုးရိမ်ပူပန်မှုဖြစ်မိတယ်လို့ ပြောပါတယ်။

“ နှင်းတွေကျလာပြီဆို တော်တော်လေးအေးလာပြီပေါ့ အိပ်ယာထိကျတယ်ပေါ့ ကျမစဉ်းစားတော့ မွေးဖွားတဲ့ချိန်ဆို ကလေးမွေးတဲ့ချိန်ဆို ခြေအိတ်လေး ဦးထုပ်လေးတော့လိုမှာပဲ စဉ်းစားတယ်။” လို့ ဒေါ်ကတယ်လိနာက ဆိုပါတယ်။

စစ်ရှောင်မိသားစုထဲမှာ လက်ရှိစစ်ကောင်စီတပ်သားတွေ တပ်စခန်းချထားတဲ့ကျေးရွာကရှိတဲ့အတွက် အိမ်မှာ ပစ္စည်းပြန်ယူတာ၊ စောင်၊ အနွေးထည်တွေ ပြန်မယူနိုင်ဘဲ အလှူရှင်ထောက်ပံ့ပေးတဲ့ စောင်၊ အနွေးထည်နဲ့သာ အသုံးပြုရတယ်လို့ ဆိုပါတယ်။ ညအိပ်တဲ့ချိန်မှာ ပူးကပ်ပြီးအိပ်တာ၊ စောင်မျှပြီးခြုံကြရပါတယ်။

“အဓိက ဘာလိုအပ်လဲဆိုရင် အနွေးထည်၊ ခြေအိတ်၊ ဦးထုပ်၊ စောင်အနွေး တအားအေးတဲ့ခါကျတော့ ကွေးလည်းမကွေးနိုင်ဘူး ခြေထောက်ဘယ်ဖက်ပဲဆန့်ဆန့်မနွေးဘူးလေ အိပ်လို့မရဘူး”လို့ ဒေါ်ကတယ်လိနာက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီးမော့ဆိုမြို့ပေါ်က ပြည်သူတချို့တွေကတော့ အိမ်မှာ ကျန်တဲ့ပစ္စည်းတွေကို ကိုယ်စီကိုယ်စီ လိုအပ်တဲ့အရာတွေ သယ်ယူနေကြချိန်မှာပဲ တိုက်ပွဲတွေပြန်ဖြစ်လို့ အပြေးအလွှား ပြန်ပြေးထွက်လာခဲ့ကြရပါတယ်။

တချို့ စစ်ဘေးဒုက္ခသည်တွေကတော့ အိမ်မှာ လိုအပ်တဲ့ပစ္စည်းပြန်သယ်ဖို့ ကားတွေ အချိန်တွေ မရတဲ့သူတွေအတွက်ကတော့ အခုလို ဆောင်းအအေးဒဏ်ကို ခံနိုင်ဖို့ အတွက် အလှူရှင်ထောက်ပံ့တဲ့ အနွေးထည်၊ စောင် မှီခိုအားထားနေကြရဆဲပါ။

Related Stories