spot_imgspot_imgspot_imgspot_img
Friday, May 24, 2024
spot_imgspot_imgspot_imgspot_img

အိမ်ပြန်ချိန်ကို မျှော်နေကြသူများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တောအုပ်တွေ ထူထပ်နေတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ ဒေါ်အောဇလာတယောက် တဲအိမ်လေးရှေ့မှာ တံမြက်စည်းလှည်းနေပါတယ်။ အသက် ၆၇အရွယ် ရှိနေပြီဖြစ်ပေမည့် မနက်ခင်း အိပ်ရာထပြီးတာနဲ့ ထမင်းချက်၊ ပန်းကန်ဆေး၊ အိမ်သန့်ရှင်းရေး စတဲ့ အိမ်မှုကိစ္စတွေကို တယောက်တည်း လုပ်နေရတာပါ။

ဒေါ်အောဇလာ ဟာ ဒီးမော့ဆိုဒေသခံတစ်ဦးဖြစ်ပြီး၊ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်ကို စွန့်ခွာပြီး၊ လက်ရှိစစ်ရှောင်စခန်းမှာ စစ်ရှောင်နေတာ နှစ် နှစ်ကျော်လာခဲ့ပါပြီ။

လက်ရှိမှာ သားတယောက်၊ မြေးတယောက်နဲ့အတူ နေထိုင်ကြပါတယ်။ သားဖြစ်သူကတော့ တောင်ယာအလုပ်သွားပြီး၊ မြေးဖြစ်သူကတော့ ကျောင်းသွားနေရတာကြောင့် နေ့ခင်းဘက်ဆိုရင် စစ်ရှောင်တဲအိမ်လေးထဲမှာ ဒေါ်အောဇလာ တယောက်တည်းပါ။

သက်ကြီးပိုင်းရောက်သွားပြီးဖြစ်တဲ့ ဒေါ်အောဇလာမှာတော့ အပန်းကြီးတဲ့အလုပ်တွေဆိုရင် ဘာမှမလုပ်နိုင်ပေမည့် နေ့စဉ်အိမ်အလုပ်တွေကိုတော့ နိုင်သလောက် လုပ်နေသူပါ။

“ဘာမှ မလုပ်နိုင်ဘူး။ ဒီတိုင်းဘဲ သူများရဲ့ထောက်ပံ့ကြေးကိုဘဲ စားနေရတယ်။ ထမင်းဟင်းတော့ ကိုယ်တိုင်ချက်တယ်။ အနီးနားဆို သန့်ရှင်းရေးပေါ့။ အိမ်ဘေးနည်းနည်းပါးပါး သန့်ရှင်းရေးလုပ်။ တခါတလေဆို ရေအဝေးကြီးသွားခပ်ရသေးတယ်။” လို့ ဒေါ်အောဇလာက သူ့ရဲ့ နေ့စဉ်အလုပ်တွေကို ပြောပြပါတယ်။

ဒေါ်အောဇလာတို့နေထိုင်တဲ့ စစ်ရှောင်စခန်းဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေ မကြာခဏ ပျံဝဲနေတာကြောင့် စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ နေထိုင်နေရပါတယ်။

ဒေါ်အောဇလာတို့ လက်ရှိနေထိုင်တဲ့ စစ်ရှောင်စခန်းနေရာမှာ လက်နက်ကြီးသံတွေကို အမြဲတမ်း ကြားနေရပေမည့်လည်း နောက်ထပ်ပြေးဖို့ လုံခြုံတဲ့နေရာတွေ မရှိတော့ပါဘူး။ နောက်ထပ် ထွက်ပြေးဖို့လည်း အားအင်တွေလည်းကုန်ခမ်းနေပါပြီ လို့ ဒေါ်အောဇလာ ကပြောတယ်။

“စိုးရိမ်တယ်။ လေယာဥ်တွေလာလို့ရှိရင်ဆို။ တခါခါဆို စိတ်တအားပင်ပန်းတယ်လေ။ ခံစားနေရတယ်။ ခဏနေ ဘယ်ဘက်ထပြေးရမလဲ။ ဘယ်လိုလုပ်ရမလဲ။ အကယ်၍ ဗုံးကြဲရင်တော့ သေရုံဘဲရှိတယ်ပေါ့နော်။ တခါတည်း သေရင်လည်းပြီးရော။ ခဏနေ ဒုက္ခရောက်မလား၊ ပြေးလွားရမလား၊ တအားစိုးရိမ်တယ်။ စိတ်ဆိုလဲ တအားသောကရောက်တယ်။” လို့ ဒေါ်အောဇလာက ပြောပါတယ်။

စားဝတ်နေရေးအခက်အခဲတွေ၊ စစ်ဘေးဒဏ်တွေအပြင် ယခုလို မိုးတွင်း တုပ်ကွေးအဖြစ်များတဲ့ ရာသီမှာ ဒေါ်အောဇလာ တို့လို သက်ကြီးပိုင်းတွေဟာ မိမိကိုယ်ကို အမြဲတမ်းဂရုစိုက်ပြီး နေထိုင်နေရပါတယ်။

ဒေါ်အောဇလာတယောက် ဟာ တချိန်က မိသားစုတွေ စုံစုံလင်လင်နဲ့ နွေးထွေးလုံခြုံတဲ့နေအိမ်ကို ပြန်နိုင်မယ့်အချိန်ကို နေ့တိုင်း စောင့်မျှော်နေသူပါ။

ဒေါ်အောဇလာလိုပဲ အဲဒီစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အသက် ၇၆ နှစ်အရွယ် ဦးလရွယ်ဟာလဲ နေရေးစားရေး အဆင်မပြေနေပါဘူး။ ဦးလရွယ်မှာ သားသမီးတွေရှိပေမည့် အကုန်အိမ်ထောင်ခွဲ နေထိုင်ကြတာကြောင့် ကိုယ်စီ မိသားစုအရေးအတွက် ရုန်းကန်နေရပြီး သူ့ကို အမြဲမစောင့်ရှောက်နိုင်ကြပါဘူး။

ဦးလရွယ်ကလည်း တခြားသော စစ်ရှောင်တွေလိုပဲ အလှူရှင်တွေဆီကနေ မှီခိုနေရသူပါ။ ဒါပေမဲ့ စစ်ရှောင်ကာလ ကြာရှည်လာတဲ့အခါ အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေဟာ တဖြည်းဖြည်း နည်းပါးလာပါတယ်။
ဒါကြောင့် ဦးလရွယ်တယောက် ခက်ခဲလာတဲ့ စားဝတ်နေရေးကို အထောက်အကူပြုဖို့၊ ခြံသေးသေးလေးမှာ အသီးအနှံတွေကို ကိုယ်တိုင်စိုက်ပျိုးခဲ့ပါတယ်။

“ကိုယ်လည်း ရှာစားရမှာပေါ့။ ဖရုံပင်ခြံတော့ လုပ်တာဘဲ။ နည်းနည်းပါးပါးတော့ ရွာမှာလိုတော့ ဘယ်ရမလဲ။ သူများတောင်ယာဘဲ တောင်းလုပ်စားတာဘဲ။ ဖရုံစင်လုပ်ထားတယ်။ ငရုတ်ပင်စိုက်စားတယ်။ သူများဆီ အမျိုးသွားတောင်းပြီးစိုက်တာဘဲ။ အောင်လားမအောင်လားတော့မသိဘူးလေ။ “လို့ ဦးလရွယ်ကပြောပါတယ်။

ဦးလရွယ်ဟာ အသက်အရွယ်ကြီးရင့်နေပေမည့်လည်း လုပ်နိုင်ကိုင်နိုင်ရှိနေသေးတာကြောင့် ကိုယ်တိုင်ရေခပ် ၊ ကြက်စာကျွေးတာအပြင် တနိုင်တပိုင် စိုက်ပျိုးရေးတွေကိုလည်း လုပ်နေပါသေးတယ်။

ဒေါ်အောဇလာ နဲ့ ဦးလရွယ်တို့လိုပဲ စစ်ဘေးရှောင်နေကြရတဲ့ အသက်ကြီးပိုင်း လူထုတွေဟာ ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ အများအပြားရှိနေပါတယ်။

တော်လှန်ရေးကာလ ဒါမှမဟုတ် စစ်ဘေးရှောင်ကာလ နှစ်နှစ်ကျော်အတွင်းမှာ ကရင်နီပြည် စစ်ရှောင်စခန်းတိုင်းမှာရှိတဲ့ သက်ကြီးရွယ်အိုတွေဟာ စိတ်ဒဏ်ရာတွေ၊ စိုးရိမ်ကြောက်ရွံ့မှုတွေ၊ ရောဂါကူးစက်မှုတွေ၊ အခက်အခဲတွေနဲ့ အမြဲတမ်းကြုံတွေ့နေရပါတယ်။

သို့ပေမဲ့လည်း တနေ့မှာတော့ မိမိတို့ရဲ့နေအိမ်ကလေးမှာ သားသမီး မြေးမြစ်တွေနဲ့အတူ ‌ပျော်ပျော်ရွှင်ရွှင် ပြန်လည်နေထိုင်ရမည့်နေ့ရက်လေးကို လက်ချိုးရေစောင့်မျှော်နေကြဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts