spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အိမ်ပြန်ခွင့်ရရင်တောင် ပြန်စရာအိမ်မရှိတော့တဲ့သူများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၂၀၂၁ အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ နိုင်ငံတွင်းမှာ လက်နက်ဆွဲကိုင်တော်လှန်မှုတွေ စတင်ခဲ့တဲ့ အချိန်ကစပြီး အသေးငယ်ဆုံး ပြည်နယ်ဖြစ်တဲ့ ကရင်နီပြည်နယ်မှာ စစ်ပွဲရဲ့ အကျိုးဆက်တွေကို ပြည်သူတွေ နဖူးတွေ့၊ဒူးတွေ့ ခံစားရပါတော့တယ်။

စစ်ပွဲကာလအတွင်း မိသားစုဝင်ဆုံးရှုံး သွားခဲ့ကြသူတွေရှိသလို၊ စည်းစိမ် ဥစ္စာတွေကိုလည်း ဆုံးရှုံးထားသူတွေ ဒုနဲ့ ဒေးဖြစ်ပါတယ်။ အဲဒီထဲမှာ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်အန်းဂျလာလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်မှာရှိနေတဲ့ ဒေါ်အန်းဂျလာ တို့ပိုင်ဆိုင်တဲ့ နေအိမ်နဲ့ ခြံဝန်းကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဒေါ်အန်းဂျလာဟာ ပြန်စရာ အိမ်မရှိတော့သလို ပြန်ယူစရာ ပစ္စည်းတွေလည်း မရှိတော့ပါဘူး။

” အဒေါ်ကအိမ်မီးထဲပါသွားပြီ သူများပြောပြတဲ့အချိန်မှာ အဒေါ်က စိတ်တစ်ခါထဲ ကုန်သွားတယ်ပေါ့နော။ ရစရာဘာတစ်ခုမရှိတော့ဘူးဆို။ ဘာလည်းမပြောတတ်တော့ဘူး။ ဘာလုပ်ရမလဲ လည်းခံစားလည်း မခံစားတတ်တော့ဘူး။ ဘယ်လိုဖြစ်ဖြစ် ဘုရားလက်ထဲမှာပဲ။ ကိုယ်ခံရတဲ့ ဒုက္ခတွေဘုရားလက်ထဲမှာ အကုန်လုံးအပ်လိုက်တယ်။ ဒါနဲ့စိတ်ကနဲနဲဖြေသိမ့်တယ် ပေါ့တယ်ပေါ့နော” လို့ ဒေါ်အန်းဂျလာက ပြောပါတယ်။

အိမ်ပြန်စရာမရှိတော့တဲ့ ဒေါ်အန်းဂျလာဟာ ဒီးမော့ဆိုမြို့ နယ်အနောက်ဘက်ခြမ်းတစ်နေရာက နီးစပ်သူ ဆွေမျိုးတွေဆီမှာ စစ်ရှောင်နေရပြီး ဝါးတဲလေးထိုးကာ နေထိုင်နေရပါတယ်။ ၂နှစ် နီးပါး နီးစပ်ရာ ဆွေမျိုးတွေဆီမှာ စစ်ရှောင်နေရပြီး ကိုယ့်နေအိမ်မဟုတ်တဲ့ အခြားတစ်နေရာမှာ တဲလေးထိုးပြီး နေထိုင်ရတာက အိမ်မှာနေတုန်းကနဲ့ စိတ်ခံစားချက်ခြင်းတူနိုင်ပါ့မလား။

လက်ရှိ ကရင်နီပြည်တွင်း စစ်ရေးအခြေအနေအရ ဒေါ်အန်ဂျလာရဲ့ ကျေးရွာ ဖြစ်တဲ့ စံပြ၆ မိုင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေ တပ်စွဲနေ တာကြောင့်လည်း ဒေသခံတွေဟာ လက်ရှိအချိန်ထိ အိမ်ပြန်လို့မရပါဘူး။

အလားတူဒေါ်အန်းဂျလာလိုပဲ ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ဒေါ်မီးငယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလလောက်မှာပဲ သူမရဲ့ နေအိမ်အပါအဝင် တစ်ခြံလုံးမီးတိုက်ခံခဲ့ရပါတယ်။
အခုဆိုရင် မိုးကာတဲလေးပဲထိုးပြီး စစ်ရှောင်စခန်းတစ်ခုမှာနေထိုင်ကာ ဘ၀ကို ရှေ့ဆက်လျှောက်လှမ်းနေရပါတယ်။

ယခင် ဒေါ်မီးငယ်တို့ နေအိမ်မှာဆိုရင် နေအိမ်၊ မီးဖိုချောင်၊ စပါးကျီ၊ နဲ့ ငါးမွေးကန်တွေရှိပေမယ့် စစ်ကောင်စီတပ်က အကုန်လုံးကို မီးရှို့ ပစ်ခဲ့ပါတယ်။

” ကျမပြန်ကြည့်တော့ ဘာ ဆိုဘာမှမရှိဘူး တစ်ခြံလုံး။ စပါးကျီရော အိမ်မကြီးရော မီးဖိုရောတစ်ခြံလုံးပေါ့နော။ ကျမတို့ကငါးမွေးတယ်။ ငါးလည်းမွေးထားတယ် ၊ငါးမွေးကန်တွေရော ၀က်ခြံတွေရောအကုန်မီးတိုက်ထားတာ တစ်ခြံလုံးအပြောင်ပဲ။ ဘာမှကို အပ်တိုတစ်ချောင်းလောက် ယူစရာမရှိဘူးပေါ့နော။ ပြန်လိုက်တဲ့အချိန်မှာ ၀တ်စရာအ၀တ်တစ်ထည်လဲဖို့တောင်မရှိတော့တဲ့ အခြေနေမျိုးမှာပေါ့နော။ မျှော်လင့်ချက်ဆိုတာဘာမှန်းတောင်မသိတော့ဘူးပေါ့အ့ချိန်မှာ။ ကိုယ့်ဘ၀ရဲ့နားခိုရာ ပျောက်ကွယ်သွားတဲ့ အချိန်မှာ မိသားစုတစ်စုဆိုတာ တစ်ကယ်ပျက်စီးသွားတယ်။ ကမ္ဘာပျက်မတတ်ခံစားရတာပေါ့နော။”

ဒေါ်မီးငယ်နဲ့ ဒေါ်အန်းဂျလာတို့လို နေအိမ်မီးလောင် ပျက်စီးသွားသူတွေဟာ “အိမ် ၊ ပကာသန ထက် လူ့အသက်သာ အရေးကြီးတယ် လူကမဖြစ်ရင်ဘာမဖြစ်ဘူး” လို့ အချင်းချင်း အားပေးနှစ်သိမ့်ကြရပါတယ်။ သူတို့ဟာ တော်လှန်ရေးမှာ ပေးဆပ်ခြင်းကို ရဲရဲကြီးလက်ခံထားတဲ့ အာဂစိတ်ဓာတ်အပြည့်နဲ့ ပြည်သူတွေလို့ ယူဆလို့ရပါတယ်။ ဒါပေမဲ့လည်း တကယ်တမ်း သူတို့ တစ်ယောက်ချင်းစီရဲ့ စိတ်ထဲမှာတော့ ယူကျုံးမရဖြစ်နေကြမှာ အမှန်ပါပဲ။

“တိုင်းရင်းသားတွေဆိုရင်ပိုဆိုးတယ်ပေါ့နော။ အိမ်တစ်လုံးရဖို့အတွက် အုတ်မြစ်လေးကို ဖြေးဖြေးဆောက်တယ်။ ပြီးကျမှ အိမ်တွေဆောက်တယ်။ စုဆောင်းပြီတော့မှ ဆောက်ခဲ့ရတဲ့ အိမ်လေးတွေဖြစ်တဲ့အတွက် အဲဒီဟာလေးတွေ ပျက်စီးသွားတော့ တော်တော်လေးကို ဟိုဆောက်တည်ရာမရပေါ့နော။ ယူကျုံးမရဖြစ်ရတယ် ပေါ့နော။ အဲ့လိုခံစားချက်က ဘာနဲ့မှမတူဘူးပေါ့နော” လို့ ဒေါ်မီးငယ်ကပြောပါတယ်။

၂၀၂၁ ခုနှစ် ဒီးမော့ဆိုမြို့တွင်း ပထမဆုံးတိုက်ပွဲမှာ မီးလောင်ပျက်စီးသွားတဲ့ အိမ်ခြေအတွက် စစ်ကောင်စီက နစ်နာကြေးတစ်ကြိမ် ထုတ်ပေးခဲ့သေးပေမဲ့ နောက်ပိုင်းတော့ မရှိတော့ဘူးလို့သိရပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေက သူတို့ကို ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကြား သွေးခွဲလိုတဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်တယ်လို့ KNDF တပ်ရင်းတစ်ခုရဲ့ တပ်ရင်းမှူး ခွန်းဘေ က အခုလိုပြောပါတယ်။

” အဓိကအချက်ဖြစ်တဲ့ သူတို့ကို ဆန့်ကျင်တော်လှန်မယ်ဆိုလို့ရှိရင် အခြားမီးမရှို့ရသေးတဲ့ ရွာတွေလည်း သူတို့က သတင်းစကားပေးချင်တယ်။ အဲ့မှာနင်တို့ငါတို့ကို ဆန့်ကျင်နေမယ်ဆိုလို့ရှိရင်တော့ နောက်ကျရင် ဒီလိုလာမယ်။ ငါတို့ကိုဆန့်ကျင်မယ် ၊တိုက်ခိုက်ခိုက်မယ်ဆိုတဲ့ဟာတွေက ဒီလိုမျိုးတွေဖျက်စီးခြင်းခံရမယ်။ ဒါ့ကြောင့် ဒီ ပြည်သူ့တော်လှန်ရေး KNDF တို့ PDF တို့ကို နင်တို့လက်ခံမယ်ဆိုလို့ရှိရင်လည်း တစ်ချိန်ကျ နင်တို့ရွာရောက်လာခဲ့ရင် နင်တို့လည်း အခုရွာလိုမျိုးပဲ အိမ်တွေမီးရှို့ခံရမယ် ဆိုတဲ့ဟာမျိုး။ PDF တွေ KNDF တွေကိုလည်းအခက်တွေ့ရအောင်ဆိုတော့ ဒီဟာတွေကို သူတို့လုပ်ခြင်းဖြစ်တယ်” လို့ နေအိမ်တွေကို မီးရှို့တဲ့ စစ်ကောင်စီတပ် တွေရဲ့ ရည်ရွယ်ချက်ကို တပ်ရင်းမှူး ခွန်းဘေက ပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့ချိန်ကစတင်ပြီး စစ်ကောင်စီ တပ်ဟာ တိုက်ပွဲမှာ ပစ်ကွင်းကောင်းအောင် သူတို့ တပ်စခန်းနဲ့ နီးတဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာရှိပေမဲ့ အနည်းအကျဥ်းသာရှိပြီး နောက်ပိုင်းမှာ ၎င်းတို့ တပ်ဖွဲ့ တွေရောက်ရှိတဲ့ နေရာတိုင်းနီးပါးကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တာပါ။

အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ကနေ ၂၀၂၂ ဒီဇင်ဘာလ ကုန်အထိ ကရင်နီပြည်မှာ နေအိမ်ပေါင်း (၁၃၀၉) လုံး မီးလောင်ဖျက်ဆီးခံရပြီး ဘာသာရေး အဆောင်အဦး ၂၇ လုံးပါဝင်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ နေရာအများစုကတော့ ဒေါငံခါး၊ သေးဆူလဲရွာသစ်၊ ပူဖား ၊ ဝါရီဆူးပလိုင် စတဲ့ကျေးရွာတွေ ဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ကနေအဆိုပါကျေးရွာတွေမှာ တပ်စွဲထားဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts