spot_imgspot_imgspot_imgspot_img
Saturday, June 22, 2024
spot_imgspot_imgspot_imgspot_img

“အိမ်မက်ကို စွန့်ခွာသွားကြရသူများ…”

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

“စစ်တပ်အာဏာသိမ်းလိုက်တော့ အိပ်မက်ဆိုတာထက် ဘဝဆိုတာ မရှိတော့ဘူး။ အကုန်လုံး အမှောင်ကျသွားပြီ။ ကိုယ်က ဘာဖြစ်သွားမလဲ၊ ဘာမှလည်း ဖြစ်ချင်စိတ်တွေလည်း မရှိတော့ဘူး”

ဒါကတော့ မော်ကိန္နရီ (အမည်လွှဲ) ပြောသွားတဲ့ စကားပါ။

“ဖြစ်ချင်စိတ် ရှိခဲ့တယ်ဆိုရင်တောင်မှ အဲ့ဒီ ဖြစ်ချင်တဲ့ဟာတွေက ဘယ်မှာသွားရှာရမလဲဆိုတာ မသိတော့ဘူး အဲ့လိုဖြစ်သွားတယ်။ ယောင်လည်လည်ကြီး အခွင့်အရေးဆိုတာ ဘာမှ ကိုယ့်အတွက် မရှိတော့ဘူး။ အိမ်မက်ဆိုတာက ပိုတောင် ဝေးသွားရော….” လို့ မော်ကိန္နရီက ဆက်ပြီး ပြောလိုက်တာပါ။

ကျမတို့ လူငယ်တစ်စု ဝိုင်းဖွဲ့စကားပြောရင်း လွန်ခဲ့တဲ့ နှစ်နှစ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ အာဏာသိမ်းလိုက်တဲ့ နေ့ရဲ့ ကိုယ်တိုင်တွေ့ကြုံမှု အဖြစ်အပျက်လေးတွေကို ပြန်ပြောင်းပြောနေကြချိန် မော်ကိန္နရီက အထက်ပါ စကားတွေကို ပြောသွားတာပဲ ဖြစ်ပါတယ်။

စကားဝိုင်းထဲ ကျမတို့တွေ ဘာဖြစ်ချင်ခဲ့ကြပါသလဲ၊ စစ်တပ်သာ အာဏာမသိမ်းခဲ့ရင် ဒီအချိန်မှာ ဘာတွေဖြစ်နေပြီလဲ စသဖြင့် ဖွဲ့နွဲ့ပြောဆိုကြရင်း၊ တချိန်က ကျမတို့ရဲ့ ကိုယ်စီ အိမ်မက်၊ ကိုယ်စီရဲ့ ရည်မှန်းချက် ပန်းတိုင် အကြောင်းလေးတွေကို ပြန်ပြောင်းတမ်းတကြပါတယ်။ ဒါပေမဲ့ ဒီစကားဝိုင်းထဲ ပါဝင်သူတွေကတော့ အိမ်မက်အတွက် အနာဂါတ်အတွက် ဆက်လက်ကြိုးစားသွားရဦးမယ်လို့ ဖွင့်ဟလာသူ မပါဝင်ခဲ့။

ကျမတို့ရဲ့ စကားဝိုင်းထဲ ပါဝင်လာတဲ့ မော်ကိန္နရီကတော့ စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲတစ်ခုဖြစ်တဲ့ လူငယ်တွေ ကိုယ်တွေ့ရင်ဆိုင်နေရတဲ့ လက်ရှိအခြေအနေကို သူမရဲ့ လက်တွေ့ဘဝကို ကြေကွဲဝမ်းနည်းဖွယ်ရာ ပြောပြလာတာပဲ ဖြစ်ပါတယ်။

သူမက နိုင်ငံတော်ပိုင် မီဒီယာလို့ လူသိများတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာအသံနှင့်ရုပ်မြင်သံကြား၊ အသံလွှင့်ကျွမ်းကျင် -၁ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကရင်နီပြည်က ဝန်ထမ်းတစ်ဦးပါ။ လက်ရှိမှာတော့ CDM ပြုလုပ်ရင်း တိုင်းရင်းသားမီဒီယာတစ်ခုရဲ့ ရေဒီယိုမြန်မာပိုင်းအစီအစဉ်မှာ တာဝန်ထမ်းဆောင်နေပါတယ်။

မော်ကိန္နရီဟာ မောင်နှမ ၇ ဦးထဲက အကြီးဆုံး သမီးဖြစ်ပါတယ်။ သူမ နေထိုင်ရာဇာတိမြို့ ဒီးမော့ဆိုဟာလည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး အမိန့်ကို ဖီဆန်ကြတဲ့ လူငယ်ထုတွေကို စစ်တပ်က လက်နက်အသုံးပြုပြီး ပစ်ခတ်ဖြိုခွင်းတာကြောင့် လူငယ်ထုတွေကနေလည်း လက်နက်ကိုင်ပြီး ပြန်လည်ခုခံရင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ မြို့နယ်လေး ဖြစ်ပါတယ်။

ကရင်နီပြည်မှာ ဘာသာရေးအဆောက်အဦး၊ လူနေအိမ်အမြောက်အများ ပျက်စီးဆုံးရှုံးမှု အများဆုံးက ဒီးမော့ဆိုမြို့နယ်ပါ။ အဲ့ဒီအထဲမှာ မော်ကိန္နရီတို့ မိသားစု ပိုင်ဆိုင်တဲ့ နေအိမ်လေးလည်း ပါဝင်ပါတယ်။

မနှစ်က ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီတပ်တွေကနေ နန်းမယ်ခုံမြို့နယ်တစ်လျှောက် စစ်ကြောင်းထိုးရင်း လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေ အဆမတန်ပြုလုပ်လာတာကြောင့် မော်ကိန္နရီတို့ တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ သူတို့လာရာလမ်းတစ်လျှောက်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မော်ကီန္နရီကတော့ သူမတို့ ထွက်ပြေးတိမ်းရှောင်နေစဉ်မှာ ကျေးရွာထဲက ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုအတွက် ဝမ်းနည်းပူဆွေးနေစဉ်မှာပဲ မတ်လအတွင်းမှာ သူမတို့ မိသားစုပိုင်ဆိုင်တဲ့ နွေးထွေးစွာခိုလှုံရာအိမ်လေးလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတာပါ။

“ပြောစရာစကားတောင် မရှိတော့ပါဘူး။ ဩ….ငါတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ပြီ” လို့ မိသားစု ပိုင်ဆိုင်တဲ့ အိမ်လေး မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး စကားလုံးတွေ ကင်းမဲ့သွားတဲ့အထိ ခံစားနေရကြောင်း နွေးထွေးတဲ့ အိမ်လေးကို ဆုံးရှုံးသွားရတဲ့ မော်ကိန္နရီက ပြောလာတာပဲ ဖြစ်ပါတယ်။

မော်ကိန္နရီဟာ သူမ မိသားစုပိုင်ဆိုင်တဲ့ တစ်ခုတည်းသော နွေးထွေးတဲ့ အိမ်လေးကိုသာမက သူမ ဘဝရဲ့ အဖြစ်ချင်ဆုံးသော အိမ်မက်၊ အိမ်မက်ကနေ လှပစွာ ရှင်သန်သွားရမဲ့ သူမရဲ့ အနာဂါတ်၊ လှပတဲ့ အနာဂါတ်ကို ပိုင်ဆိုင်သွားမဲ့ သူမရဲ့ ဘဝ။ ဒါတွေအားလုံးဟာ စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲတစ်ခုအနေနဲ့ ဆုံးရှုံးလိုက်ရတာပါ။

ဒီလိုဆုံးရှုံးသွားရတဲ့အထဲ မော်ကိန္နရီ တစ်ဦးတည်းတော့ မဟုတ်ပါဘူး။ မရေမတွက်နိုင်တဲ့ လူငယ်မောင်မယ်တွေဟာလည်း သူတို့ရဲ့ အိမ်မက်တွေပျောက်ပျက်သွားရတယ်၊ ဆန္ဒဆို ဝေလာဝေး.. စွန့်လွတ်ရ၊ ဆုံးရှုံးလိုက်ကြရပြီ…။ လူငယ်တွေဟာ ရည်မှန်းချက်၊ ပန်းတိုင်၊ ဘဝ စတာတွေကို ဆုံးရှုံးလိုက်ရတာကြောင့် ဒီအရာတွေကို ပြန်လည်ရယူနိုင်ဖို့ လူငယ်ထုတွေဟာ ဒီကနေ့အထိ ပေးဆပ်နေရကြမြဲ၊ ပေးဆပ်နေကြရဆဲပါ။

မော်ကိန္နရီလိုပဲ ကွန်ပျူတာတက္ကသိုလ်ရဲ့ နောက်ဆုံးနှစ်ကျောင်းသား တစ်ဦးဟာလည်း စစ်အာဏာသိမ်းမှုကြောင့် သူ့ရဲ့ အိမ်မက်ကို လက်လွတ်လိုက်ရပါတယ်။ သူက Networking Engineer ဖြစ်ဖို့ အိမ်မက်ထားပြီး ကြိုးစားနေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား လူငယ်လေးတစ်ဦးပါ။

လက်ရှိမှာတော့ သူဟာ စစ်ဘေးရှောင်နေရတဲ့ လူငယ်တစ်ဦးဖြစ်သလို ဘဝတူ စစ်ဘေးရှောင်လူထုတွေကို တတ်နိုင်တဲ့ကဏ္ဍကနေ ကူညီဆောင်ရွက်ရင်း မိမိဒေသက သတင်းအချက်အလက်တွေကို မျှဝေပေးနိုင်ဖို့ ကရင်နီပြည်အခြေစိုက် သတင်းဌာနတစ်ခုမှာ နယ်ခံသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

သူဟာ ကွန်ပျုတက္ကသိုလ်( လွိုင်ကော် ) မှာ ပညာသင်ယူနေပြီး Hardware Major ကို လေ့လာနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ Program တွေ ရေးဆွဲဖို့ စိတ်အားထက်သန်သူဖြစ်ပြီး ရေးဆွဲနိုင်သူတစ်ယောက် ဖြစ်လာအောင်လည်း ကြိုးစားနေစဉ်မှာပဲ စစ်အာဏာသိမ်းမှု ဖြစ်သွားတာပါ။

“ကျနော် အိမ်မက်တွေ အများကြီး မက်ခဲ့တယ်။ ဒါပေမယ့် ဒီ အာဏာသိမ်းလိုက်တော့ အာဏာသိမ်းလိုက်တော့ ကျနော်တို့ ဖြစ်ချင်တဲ့ အိမ်မက်တွေ၊ မျှော်လင့်ချက်တွေ အကုန်လုံး မဖြစ်လိုက်ရဘူး။ ကျနော်တို့ ကျောင်းတောင်မှ မပြီးလိုက်ရဘူး။ တစ်ပိုင်းတစ်စနဲ့ ကျနော်တို့ ကျောင်းထွက်လိုက်ရတယ်။ ကျနော်တို့ ပြေးလိုက်ရတယ်။ တိမ်းရှောင်လိုက်ရတယ်။ ကျနော်တို့ တောထဲတောင်ထဲ ရောက်သွားခဲ့တယ်။ ကျနော်တို့ အိမ်မက်တွေ ဖြစ်ချင်တဲ့ ဆန္ဒတွေ အကုန်လုံး ထားခဲ့လိုက်ရတယ် အကုန်လုံး ရိုက်ချိုးခံလိုက်ရသလိုမျိုး ဖြစ်သွားတယ်ပေါ့နော။” လို့ အဆိုပါ လူငယ်လေးက ပြောပါတယ်။

နိုင်ငံတစ်ခုမှာ လူငယ်တွေဟာ အရေးကြီးဆုံးသော အနာဂါတ်တိုင်းပြည်ကို ဦးဆောင်ကြမဲ့ ခေါင်းဆောင်ကြီးတွေ ဖြစ်လာမှာဖြစ်တဲ့အတွက် လူငယ်တွေမှာ “အိမ်မက်ရှိရမယ်၊ ပန်းတိုင်ရှိရမယ်၊ ရည်မှန်းချက်တွေ ရှိရမယ်” ဆိုတဲ့ လူကြီးတွေရဲ့ နုတ်ဖျားက ရွတ်နေကျ ဆိုရိုးစကားဟာလည်း ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ်။

သို့ပေမယ့်လည်း လူငယ်ထုတွေဟာ နကိုယ်ပိုင်ဆိုင်ထားတဲ့ အရာအားလုံးကို ပြန်လည်ရယူနိုင်ဖို့ အာဏာသိမ်းမှုကို ဖီဆန်ခုခံကြပြီး ပေးဆပ်ဆုံးရှုံးမှုတွေ အများဆုံးဖြစ်တဲ့အထဲ လူငယ်ထုတွေဖြစ်တယ်ဆိုတာ မျက်မြင်ကြရမှာပါ။ ဒါကြောင့်လည်း လူငယ်ထုတွေဟာ စစ်အာဏာရှင်ကို သာမက အာဏာရှင်မှန်သမျှကို ဖီဆန်ရင်း ခုခံတော်လှန်ရင်း ပေးဆပ်သွားကြရဦးမှာပါပဲ…….။

spot_img
spot_img