spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“အိုင်ပက် ဆားချက် ထင်းခုတ် ပွဲလုပ် ပြည်နယ်/တိုင်းတွေရဲ့ အလုပ်။”

Author

Date

Category

ဒီစကားက မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအတွက် ဥပဒေပြဌာန်းပြီးတဲ့နောက် လုပ်ငန်းရဲ့ အခွန်အခကောက်ယူပိုင်ခွင့်သာရှိတဲ့ လုပ်ပိုင်ခွင့်ကို ပညာရှင်တွေက ထောက်ပြ သရော်ထားတဲ့ စကားပါ။

ပြောစမတ်ပြုကြတဲ့ အချက်အချို့တွေထဲက သစ်တောကဏ္ဍမှာ ထင်းစိုက်ခင်းစိုက်ခွင့်၊ ငါးဖမ်းလုပ်ငန်းမှာ အသေးစားရေချိုငါးမွေးမြူရေးနဲ့ ကန့်သတ်ထားတဲ့ ပင်လယ်ပြင်ငါးဖမ်းခွင့်၊ ကမ်းရိုးတန်းဒေသတွေမှာ ဆားချက်ခွင့်နဲ့ ပွဲလမ်းသဘင်လုပ်ခွင့်တွေကို ဆိုင်ရာဆိုင်ရာဒေသအလိုက် စီမံခန့်ခွဲပြီးရလာတဲ့ အခွန်အခတွေကိုသာ ပြည်နယ်/တိုင်းအစိုးရအနေနဲ့ စီမံခွင့်ရတာကို ဆိုလိုချင်တာပါ။

၂၀၀၈ ခြေ/ဥ အရ ပြည်ထောင်စုအဆင့်ရဲ့ စီမံခန့်ခွဲမှုနဲ့အတူ အကြီးစားလုပ်ငန်းတွေကနေရတဲ့ အခွန်အခ တွေကို ဗဟိုအစိုးရကသာ စီမံခန့်ခွဲပြီး ပြည်နယ်/တိုင်းဒေသကြီးရဲ့ ဘတ်ဂျတ်တင်သွင်းရေးဆွဲတဲ့ အပေါ်မှာ မူတည်ပြီး ပြန်လည်ခွဲဝေပေးရတာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ဖြစ်တည်မှုကို ၎င်းနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်ရှိမှုနဲ့အတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကို အဓိက ထိန်းကျောင်းပေးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မေ့ထားလို့မရပါဘူ။ ပြည်သူနဲ့ အုပ်ချုပ်သူအစိုးရအကြား ကတိကဝတ်ပြုထားတဲ့ ခြေ/ဥကို အစိုးရနဲ့ ပြည်သူနှစ်ရပ်လုံးက လိုက်နာရတာပါ။

၂၀၀၈ ခြေ/ဥမှာ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ စီမံခန့်ခွဲရေးကို စစ်တပ်ကပဲ လွမ်းမိုးချုုပ်ကိုင်ထားတယ်လို့ နိုင်ငံရေး ဥပဒေပညာရှင်တွေက သုံးသပ်ထားသလို တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ခွဲဝေအုပ်ချုပ်မှုပုံစံတွေကလည်း ဗဟိုကပဲ ချုပ်ကိုင်တဲ့အနေအထားတစ်ရပ်မှာပဲ ရှိနေတာပါ။

ပြည်/တိုင်းတွေမှာထွက်တဲ့ သယံဇာတ အကြီးစီမံကိန်းတွေကို ပြည်ထောင်စုအစိုးရကပဲ စီမံခန့်ခွဲခွင့်ရပြီး ကျန်အသေးစား အလတ်စား စီးပွားရေးတွေကိုပဲ စီမံခန့်ခွဲခွင့်ရတဲ့ ပြည်/တိုင်း အစိုးရတွေအနေနဲ့ ဖွံ့ဖြိုးရေးတွေလုပ်ဖို့ ဘတ်ဂျတ်အတွက် လုပ်ချင်တိုင်းလုပ်လို့မရတာက ခေါင်းခဲစရာပါ။

ကယားပြည်နယ်အနေနဲ့ လောပိတရေအားလျှပ်စစ်စီမံကိန်း၊ မော်ချီးသတ္တုတွင်းစီမံကိန်းနဲ့ အဖိုးတန်ကျွန်းသစ်၊ သစ်မာအမျိုးအစားကောင်း စတာတွေ ထွက်ရှိပါတယ်။ သယံဇာတစီမံကိန်းအကြီးစားတွေကနေ ရတဲ့အခွန်အခတွေက ပြည်ထောင်စု ဘဏ္ဍာထဲကိုပဲ ရောက်ရှိသွားတာ အားလုံးအသိပါ။

ပြည်နယ်အတွင်း လျှပ်စစ်မီးတွေမရရှိကြတာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် သတ္တုတွင်းအနီးမှာနေထိုင်ကြတဲ့ သူတွေဒုက္ခရောက်ကြရတာ၊ သစ်တောထွက်ပစ္စည်းတွေ အရင်က ပေါများခဲ့ပေမယ့် ပြည်နယ်အတွင်း အခုထိ လုံလုံလောက်လောက် အသုံးမပြုနိုင်သူတွေ အများကြီးပါပဲ။

ပြည်နယ်ဘတ်ဂျတ်လိုငွေပြမှု ပြသနာ။  

ပြည်နယ်မှာ ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲတဲ့လုပ်ငန်းတွေအပေါ် အခွန်စည်းကြပ်ကောက်ခွင့် မရှိပေမယ့်လည်း ခြေ/ဥ ဇယား (၅)မှာ ပြည်နယ်အဆင့် ဥပဒေပြဌာန်းခွင့်ရတဲ့ လုပ်ငန်းတွေကနေ အခွန်အခတွေ ကောက်ခံခွင့်လည်းရှိနေတာပါ။
စည်ပင်သာယာရေးလုပ်ငန်း၊ ပြည်နယ်အဆင့် စီမံခန့်ခွဲခွင့်ရှိတဲ့ လမ်း တံတား၊ ဆည် တာတမံ ၊ ဆည် တာတမံကနေထုတ်လုပ်ရရှိတဲ့ လျှပ်စစ်ဓါတ်အား သုံးစွဲခ၊ ပြည်နယ်အတွင်းမှာရှိ သစ်တောများထဲက (ပြည်ထောင်စုက စီမံခန့်ခွဲတဲ့ ကျွန်းသစ်နဲ့ သတ်မှတ်ထားတဲ့ သစ်မာများအပ) ကျန်သစ်တွေနဲ့ သစ်တောထွက် ပစ္စည်းတွေအပေါ် အခွန်အခစည်ကြပ် ကောက်ခံလို့ရတဲ့ အခွင့်တော့ ရှိနေပါသေးတယ်။

ယခင်အစိုးရ သက်တမ်းကာလတစ်လျောက်လုံးဖြစ်တဲ့ ၂၀၁၁-၁၂ ကနေ၂၀၁၅-၁၆ ဘတ်ဂျက်နှစ်အထိ ဘတ်ဂျက်နှစ်တိုင်းလိုလို လိုငွေပြနေတာကို အစိုးရရဲ့ စာရင်းတွေက ပြသနေပါတယ်။ ဥပမာ အနေနဲ့ ပြီးခဲ့တဲ့ အရင်တစ်နှစ် ၂၀၁၅-၁၆ ဘတ်ဂျက်နှစ် တစ်နှစ်တည်းကိုတောင်မှ ရငွေက သန်းပေါင်း ၅၀၁ဝ သာရှိပေမယ့် သုံးငွေကို သန်းပေါင်း ၅၁၉၃၈ အထိ အသုံးပြုခဲ့ပါတယ်။ ၁၀ဝ ရာခိုင်နှုန်းအထိ လိုငွေပြခဲ့တဲ့ အသုံးစရိတ်ကို ပြည်ထောင်စု အစိုးရကနေပဲ ပြန်လည်ဖြည့်ဆည်းပေး ရပါတယ်။
အနီးဆုံးအနေနဲ့ အခုဘတ်ဂျက်နှစ်အတွက် ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အားလုံးရဲ့ စည်ပင်သာယာရေးအဖွဲ့ ဘတ်ဂျက် ရငွေ/သုံးငွေ စာရင်းကိုပဲကြည့်လိုက်ရင် အခွန်နဲ့ သာမန်ရငွေက သိန်းပေါင်း ၁၂၀၀ဝ ကျော်ရှိပါတယ်။ ပြန်လည် အသုံးစရိတ်က သိန်းပေါင်း ၄၄၀၀ဝ အထိရှိခဲ့ပြီး လိုငွေ ကျပ်သိန်း ၃၁၀၀ဝ ကျော်အထိ ပြခဲ့တာပါ။

လိုအပ်တဲ့ဝင်ငွေမရရှိတဲ့အပေါ်မှာလည်း မြို့နယ်အလိုက် အချိုးကျပေးသွင်းငွေရမယ့် ရငွေတွေမရှိခြင်းကြောင့်လို့ ဆိုထားပါတယ်။ ဒီဖြစ်စဉ်တွေက ပြည်နယ်အနေနဲ့ ကိုယ့်ကိုယ်ပိုင် ဝင်ငွေတွေအတွက် ရပ်တည်ဖို့ဆိုတာ မလွယ်ကူသလို ယိုပေါက်တွေက များနေပြီး မှန်းချက်နဲ့ နှမ်းထွက်မကိုက်သလိုဖြစ်နေတာပါ။

ဘတ်ဂျတ် အလွဲသုံးစားလုပ်မှု။

ကယားပြည်အစိုးရရဲ့ ဝင်ငွေနဲ့ အသုံးစရိတ်မမျှသေးပဲ လိုငွေအများကြီးသုံးပြီး ပြည်သူဝန်ဆောင်မှုတွေနဲ့ ဒေသဖွံ့ဖြိုးမှုတွေလုပ်ဆောင်တာကို ပြည်သူတွေ အပြည့်အဝခံစားခဲ့ရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ လိုလာပါပြီ။

“အရင်နှစ်က လမ်းတော့လာလုပ်ပေးသွားပါတယ် တစ်နှစ်တောင်မပြည့်သေးဘူ ပျက်နေပြီ။” ဒါက အစိုးရကနေ ထိန်းကွပ်လုပ်ဆောင်ပြီး တင်ဒါစနစ်နဲ့ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးတဲ့ လုပ်ငန်းတွေအပေါ် ခံစားရသူ ဒေသခံတွေက အများဆုံးပြောနေကြတဲ့ စကားပါ။

အချို့သော ပုဂ္ဂလိက လုပ်ငန်းရှင်တွေ(ခရိုနီ) အများဆုံးပြောကြတဲ့ စကားလည်းရှိပါသေးတယ်။ “တင်ဒါတစ်ခုအောင်ဖို့ ဘယ်လောက်ပေးရမလဲ။ ရတယ်။ ပေးရတာနဲ့ တန်အောင်ပြန်လုပ်ပေးလိုက်ရုံပဲ။ ကိုယ်က ခဏလေး စိုက်ထားတဲ့ သဘောပါပဲ။ ကျန်တာ ကိုယ့်အမြတ်ပဲ”တဲ့။

အထူးသဖြင့် မွေးမြူရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ တာဝန်ခံပြီး ဆောင်လုပ်ခဲ့တဲ့ လမ်း၊ တံတား၊ ရေပေးဝေရေး အစရှိတဲ့ လုပ်ငန်းတွေက အရည်အသွေးပြည့်မှီခြင်းမရှိတာကို လူတော်တော်များများက ထောက်ပြသလို သတင်းတွေမှာလည်းတွေ့နေရပါတယ်။

“ကျနောတို့ လုပ်တဲ့ လုပ်ငန်းတွေက အရည်အသွေးမပြည့်မှီတာကတော့ မှန်ပါတယ်။ ဒါကလည်း ဘတ်ဂျတ်လိုအပ်ချက်တွေ ရှိနေလို့ပါ။ အဲ့ဒီလို ပျက်စီးခဲ့တဲ့ဟာတွေကို ပြန်စိစစ်ပြီး ထပ်ဖြည့်ပြင်ဆင်ဖို့ လုပ်ဆောင်သွားပါမယ်။” လို့ ဇူလိုင်လမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကယားပြည်နယ်မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက ဝန်ခံဖူးပါတယ်။

ဆိုရရင် အုပ်ချုပ်ရေးယန္တရားပိုင်းက ဒါတွေကို ထိထိရောက်မကိုင်တွယ်နိုင်လေ ရသမျှ ဘတ်ဂျတ်တွေနဲ့ အကောင်အထည်ဖေါ်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေဆိုတာကလည်း “ပေးကာပေး၏ အပြည့်အဝမရ”ဆိုသလိုဖြစ်နေလေပါပဲ။

ဦးခင်မောင်ဦး(ခ) ဘူးရယ် ဦးဆောင်တဲ့ ကယားပြည်နယ်အစိုးရလက်ထက်တုန်းကလည်း ၅ နှစ်သက်တမ်းပြည့်ခါနီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပတဲ့ ကယာပြည်နယ်နေ့ပွဲတော်ကနေ ရရှိတဲ့ ပြည်နယ်ဝင်ငွေ ပွဲရန်ပုံငွေတွေကို ပြန်ပြီးစိစစ်ဖို့ စက်တင်ဘာလ ရ ရက်နေ့က ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။ ဒါကလည်း ပြည်နယ်အစိုးရကနေ ရှာဖွေထားတဲ့ ဝင်ငွေတွေကို အစိုးရကနေ တာဝန်ယူမှု တာဝန်ခံမှုမရှိခဲ့သလို ရှင်းတမ်းမလုပ်ခဲ့တာကို ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဝေဖန်ခံနေရတာကြောင့် ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ကယားပြည်နယ် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စိစစ်ရေး ကော်မတီကိုလည်း စက်တင်ဘာလ ရ ရက်နေ့ကပဲ ဖွဲ့စည်းလိုက်ပါပြီ။ အစိုးရက ရေးဆွဲ အဆိုပြုထားပြီး ပြည်သူတွေ ပိုင်ဆိုင်တဲ့ ဘတ်ဂျတ်ကို စိစစ်အတည်ပြုပြီး နောက်ဆက်တွဲ ဘတ်ဂျက်အကောင်အထည်ဖေါ်ဆောင်မှုတွေကို စောင့်ကြည့် ထိန်းကျောင်းမယ့် လွှတ်တော်တစ်ခုရဲ့ တာဝန်ဝတ္တရားတွေကလည်း အရေးပါလှပါတယ်။

ဘတ်ဂျက်အပေါ် သိရှိနားလည်ခြင်းနဲ့ ပူးပေါင်းပါဝင်မှု

မြန်မာနိုင်က NGO တစ်ခုဖြစ်တဲ့ ActionAid Myanmar ရဲ့ ၂၀၁၅ မှာ ပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်ယူထားတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း တစ်ထောင်ကို သင့်မြို့နယ်မှာ ဘယ်လိုသုံးစွဲနေတာလဲဆိုတာ သိရဲ့လားဆိုတဲ့ မေးခွန်းတစ်ခုမှာ လုံးဝ မသိတဲ့သူက ၆၃၆ ဦး၊ ကြားဖူးပါတယ် သေချာမသိသူက ၃၄၂ ဦး၊ လုပ်ဆောင်မှု အချို့ကို သိတဲ့သူ ၁၈၅ ဦးရှိတယ်လို့ အဖြေထွက်ရှိပါတယ်။

“အပေါ်က ချပေးတာတစ်မျိုး ငါတို့ လိုချင်တာ တစ်မျိုး။” ဆိုတာတွေက ဘတ်ဂျက်အရ ဖေါ်ဆောင်တဲ့ လုပ်ငန်းတွေ ပြည်သူတွေကနေ အသုံးမတည့်တာဖြစ်ဖြစ် မလိုအပ်တာမျိုးပဲဖြစ်ဖြစ် အစိုးရက ဖေါ်ဆောင်လာပြီးဆိုရင် ပြည်သူတွေ ညီးတဲ့ စကားသံကို နေ့စဉ်နဲအမျှ လူမှုပတ်ဝန်းကျင်မှာ ကြားနေရတဲ့ အသံတွေ ဖြစ်ပါတယ်။

ဘတ်ဂျက်တစ်ခု ရေးဆွဲတိုင်း ပြည်သူပူးပေါင်းပါဝင်မှုတွေကလည်း ထည့်သွင်း စဉ်းစားဖို့လိုတယ်ဆိုတာ ဘတ်ဂျက်အရ အကောင်အထည်ဖေါ်တဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း အထက်နဲ့အောက် အပေးအယူမတည့်မှုတွေက ညွှန်ပြနေပါတယ်။ ဒီရလဒ်အရ နိုင်ငံတော်ရဲ့ ဘတ်ဂျက်အပေါ် ပြည်သူတွေအနေနဲ့ သိရှိမှု အားနည်းနေဆဲပဲ ဆိုတာ ဖေါ်ပြနေပါတယ်။ သိရှိမှုအားနည်းတဲ့ နောက်ဆက်တွဲအနေနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို ထည့်သွင်းစဉ်းစား စရာဖြစ်လာပါတယ်။ အောက်ခြေလူထုက ရေးဆွဲတဲ့ စီမံကိန်းဆိုတာမျိုးတွေ ယခုနောက်ပိုင်းမှသာ အချို့သော NGOs တွေရဲ့ ပူပေါင်းလုပ်ဆောင်မှုတွေကို အစိုးကနေ အသိအမှတ်ပြု လက်ခံလာတုန်းပဲ ရှိပါသေးတယ်။

အဖြေရှာ ဖြေရှင်းခြင်း

တိုင်းပြည်တစ်ခုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘတ်ဂျက်ရေးဆွဲ အကောင်အထည်ဖေါ်မှုကနေတဆင့် ဘယ်လောက်အထိ ထိရောက်မှုရှိပြီး နေရာတိုင်းကို လွမ်းခြုံနိုင်သလဲဆိုတာ တိုင်းတာယူလို့ရပါတယ်။ အခွန်အခ ကောက်ခံခြင်း၊ ပြန်လည်အသုံးပြုခြင်း စတာတွေကို စနစ်တကျ သုံးစွဲနိုင်ပါမှ တိုင်းပြည်ရဲ့ ဝင်ငွေ သုံးငွေတွေကို မျှတအောင် ထိန်းညှိနိုင်မှာဖြစ်ပါတယ်။

ပြည်နယ်တွေရဲ့ အခွန်အခတွေနဲ့ လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ဖို့လည်း ထည့်သွင်းစဉ်စားရမှာဖြစ်ပြီး ဒါတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှိသလားဆိုတာ ပြေးကြည့်လိုက်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပြည်နယ်/တိုင်းတွေရဲ့ လုပ်ငန်းစီမံခန့်ခွဲခွင့် အခွန်အခ ကောက်ခံပိုင်ခွင့်တွေ တိုးမြင့်ပေးရင်းလည်းရနိုင်တဲ့ အနေအထားတစ်ရပ်မှာ ရှိနေတာကိုလည်း တွေ့ရမှာပါ။

နောက်တစ်နည်းကတော့ ပြည်နယ်တစ်ခုချင်းစီရဲ့ ကိုယ်ပိုင်ပြဌာန်ခွင့်အသားပေးထားတဲ့ ဖယ်ဒရယ်အုပ်ချုပ်ခွင့် စတာတွေကို   ပြုပြင်ပြောင်းလဲရင်ဖြင့် တိုင်း/ပြည်နယ်တွေရဲ့ လုပ်နိုင်ကိုင်နိုင်ခွင့်တွေကို တိုးမြှင့်ပေးရာလည်း ရောက်ပါတယ်။

ဘတ်ဂျတ်စတင်ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊လေ့လာစောင့်ကြည့်ခြင်း၊ ပြန်လည်သုံးသပ်ဆန်းစစ်ခြင်း စတာတွေကို အစိုရ၊ လွှတ်တော်၊ ပြည်သူလုထုအားလုံးက ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ အမှန်တကယ် ထိရောက်အောင်မြင်တဲ့ ဘတ်ဂျတ်တွေ ဖြစ်လာပါမယ်။

spot_img
spot_img

Recent posts