အခေါင်းမမြင်ရင် မသေပျော်ဘူး

စူးမယ်

တိတ်ဆိတ်နေတဲ့ ညလေးတကို ခဏလေး ဖြတ်ကျော်လိုက်ရသလိုခံစားမိပါတယ်။ လူတွေရဲ့စကားသံ၊ ငှက်ပြောပင် ပါးပါးလေးလှီးသံတွေ ထင်းခွဲသံတွေကြားရတော့ မနက်မိုးလင်းပြီလို့ထင်မိတယ်။ နာရီကိုကြည့်လိုက်တော့ မနက် ၂နာရီပဲရှိပါသေးတယ်။

ကလေးငယ်တွေကို အိမ် ဧည့်ခန်း အလယ် မီးဖိုထားတဲ့နေရာမှာ သိပ်ထားပြီး လူကြီးတွေက သူတို့ရဲ့ တစ်နေ့တာ လုပ်ငန်းတွေကို စတင်နေကြတာဖြစ်ပါတယ်။

ရှေ့ခေတ်က လူတွေရဲ့ တစ်နေ့တာ လုပ်ငန်းတွေနဲ့ ဘဝအကြောင်းကို ငယ်ငယ်က ကြားဖူးပေမယ့် ပုံပြင် တစ်ခုလိုပဲ အတိတ်မှာ ကျန်ခဲ့တယ်လို့ ထင်နေခဲ့တာပါ။ ဒါပေမယ့် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ် နယ်စပ် ( ကယားပြည်နယ် အနောက်တောင်) ဖက်မှာ ရှိနေတဲ့ သိုသီးဖို အုပ်စုက ဒိုးမူခေါရွာကိုရောက်တော့ ဘဝမှာ ကိုယ်တိုင်ကိုယ်ကျ ပထမဦးဆုံး မြင်တွေ့ခွင့်ရခဲ့ပါတယ်။

ဒိုးမူခေါရွာဟာ ကယား(ကရင်နီ)ပြည်ရဲ့ နယ်စွန်နယ်ဖြားရွာလေးတရွာပါ။  ပရဲ့ လူမျိုးစုအများဆုံးနေထိုင်ကြပါတယ်။

မနက်မိုးလင်းတော့ ရွာထဲပတ်ကြည့်လိုက်ချိန်မှာ ကျွန်းသစ်တွေနဲ့ ပြုလုပ်ထားတဲ့ အခေါင်းကို အိမ်အောက်မှာ ထားရှိနေကြတာကို တွေ့ရပါတယ်။

ဒီလိုအခေါင်းတွေကို ထားရှိတာဟာ သေနေတဲ့သူ ရှိလို့ မဟုတ်ပဲ မိသားစုအတွင်းမှာ သက်ကြီးရွယ်အိုတွေ ရှိနေတယ်ဆိုတာကို လူကြီးသူမတွေရဲ့ ပြောပြချက်အရ သိခဲ့ရပါတယ်။

“ကျနော့် မိဘ ဘိုးဘွား အဒေါ်တွေအတွက်က ကျနော်လုပ်ပေးတယ်။ ဒါမယ့် ကျနော့်အတွက်ကျတော့ ကျနော် မလုပ်ချင်ဘူး။ သားသမီးတွေ လုပ်ပေးမယ်”လို့ ဒိုးမူခေါရွာက ဦးစောမာကပြောပါတယ်။
သားသမီးတွေက မိဘတွေအတွက် အခေါင်းကြိုလုပ်ထားချင်ကြပေမယ့် အခေါင်းကြိုလုပ်နုိုင်ဖို့အတွက် လက်သမားခကို အခေါင်းတစ်လုံးမှာ ကျပ် သုံးသောင်း ပေးရတဲ့အတွက် အိမ်တိုင်းလိုလိုတော့ ကြိုတင် မလုပ်နိုင်ပါဘူး။

“ဆုံးသွားတဲ့အချိန်က နေ့ခင်းပဲဖြစ်ဖြစ် ညဖက်ပဲဖြစ်ဖြစ် လူမရှိနေရင်လည်း တခါတည်း သုံးလို့ရတာပေါ့။ ဒီလိုမျိုး ကြိုလုပ်ထားရင်။ ကြိုမလုပ်ထားရင် တစ်ရွာလုံး လိုက်ပြီး ကူလုပ်ပေးရတယ်။ အဲဆို သစ်တွေ တခါတည်းဆွဲပြီး ညကြီးပဲ တခါတည်းလုပ်လိုက်တော့ သိပ်အဆင်မပြေဘူးလေ။ ရွာသားတွေလည်း ပင်ပန်းရတာပေါ့။ ကြိုလုပ်ထားရင် ပိုအဆင်ပြေတာပေါ့။” လို့ ဒိုးမူခေါရွာမှ ဥက္ကဌ ကျော်ဖိုးဟဲကပြောပါတယ်။

သက်ကြီးရွယ်အိုတွေအတွက် ဒီလို အခေါင်းကြိုလုပ်ထားတာကို မြို့ပေါ်ရပ်ကွက်တွေ၊ မြို့နဲ့ နီးတဲ့ရွာတွေမှာ တွေ့ရလေ့မရှိပါဘူး။

ကယားလူမျိုးတစ်ဦးဖြစ်တဲ့ ခူးဘျားရယ် ပေါလူက ” ဖြစ်ပေါ်တိုးတက်မှုအနေအထားအရ ခေတ်လူငယ်တွေက ဒါက ခေတ်မမှီတော့ဘူး ဒါတွေက မလိုအပ်တော့ဘူးလို့ ယူဆကောင်း ယူဆ ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါကို ပြန်ပြောရမယ်ဆိုရင်တော့ သူ့အချိန် သူ့အခါ ခေတ်နဲ့ ပြောလို့ရှိရင်တော့ ရှေးခေတ်က ဒီလိုမျိုးလုပ်မှ ပြီးပြည့်စုံတယ်။ ဒီလိုမျိုး ယုံကြည်ကြတဲ့အပေါ်မှာ ကနေ့ခေတ်က ဒါတွေက မလိုအပ်တော့ဘူးဆိုတဲ့အပေါ်မှာ ပြောင်းလဲလာတဲ့အပေါ်မှာ အသိအမြင် အယူအဆအပေါ်မှာ ဆိုင်တယ်လို့ပဲ ပြောချင်တယ်။ အားလုံးကတော့ အနှစ်သာရနဲ့ ယုံကြည်မှုကတော့ ဟိုးတုန်းက ရှိခဲ့တဲ့ ယုံကြည်မှုနဲ့ ကနေ့ထိ ရှိတဲ့ ယုံကြည်ချက်ကတော့ တူမှာတော့ မဟုတ်တော့ဘူးလို့ ကျနော်ကတော့ အဲလိုပဲ ပြောချင်တယ်။”လို့ ပြောပါတယ်။

ကရင်နီအမျိုးသားထဲမှာ ရှိတဲ့ လူမျိုးတွေဟာ သေပြီးရင် မပြီးပဲ ဘဝ ဆက်ရှိနေသေးတယ် ဆိုတဲ့ ယုံကြည်မှု ရှိနေတဲ့အတွက် သေပြီးသွားတဲ့ ဘိုးဘွားတွေကို ပြီးစလွယ် မမြုပ်ပဲ သေသွားချိန်မှာ ဖြောင့်ဖြောင့်နဲ့ စိတ်ချမ်းသာစွာ သွားနိုင်အောင် မသေခင်ကတည်းက အကောင်းဆုံး အခေါင်း ကြိုလုပ်ပေးထားခြင်းဟာ အကောင်းဆုံး ပြုစုတယ်ဆိုတာကို ဖော်ပြတာဖြစ်တယ်လို့ ခူးဘျားရယ် ပေါလူက ပြောပါတယ်။

“သားသမီးတွေ ကြိုမလုပ်ထားပေးလို့ တကယ်လို့ ရုတ်တရက်သေသွားရင် သစ်ကောင်းတာ မလုပ်ပေးပဲ ရှိတဲ့သစ်နဲ့ပဲ လုပ်ပေးရင် မကျေနပ်နိုင်ဘူး”လို့ ပါးရည်သွပ်နေအောင် ရီနေတဲ့ ဒိုးမူခေါရွာက ဦးရို့တာက ပြောပါတယ်။

ရှေးက ဘိုးဘွားတွေ ယူဆ ပြုလုပ်လာတဲ့ အယူတွေကို ဆက်လက်လုပ်လာတာ ဖြစ်သလို တချို့ မိသားစုတွေက ကြိုတင် မလုပ်ထားနိုင်ပဲ ရုတ်တရက် ကွယ်လွန်သွားတာမျိုးဆိုရင်တော့ ရွာက စုပေါင်းပြီး လုပ်ပေးကြပါတယ်။ ဒါပေမယ့် ကျွန်းသစ်နဲ့ လုပ်တာ မဟုတ်တဲ့အတွက် သိပ်မခိုင်ဘူးလို့လည်း ပြောကြပါတယ်။

သက်ရှိစဉ်မှာ အိမ်ကောင်းနဲ့ မနေရပေမယ့် သေသွားချိန်မှာတော့ အခေါင်းကောင်းနဲ့ နေချင်ကြသလို အခေါင်းမကောင်းရင် အသုဘ လာပို့သူတွေကလည်း စိတ်ဆင်းရဲကြတယ်လို့ ယူဆကြတာ ဖြစ်တယ်။

ဦးရို့တာက “ကျနော့်အတွက်တော့ လုပ်ထားတာ အကောင်းဆုံးတစ်လုံးပေါ့ သစ်အကောင်းပဲ ကျွန်းပင် ယူတယ်လေ။ တချို့ မဝယ်နိုင် မလုပ်နိုင်တဲ့သူတွေက ရှိတဲ့ သစ်ပင်ကိုပဲ ယူလိုက်တယ်။ အဲဒီသစ်ပင်တွေက မခိုင်ဘူးလို့တော့ ထင်ရတယ်။ ကောင်းဖို့အတွက် သစ်ကောင်းပဲယူရတယ်။ ခိုင်ဖို့အတွက် မြေအောက် ခိုင်ဖို့အတွက်လေ။” အားရပါးရ ရီပြီး ပြောပြပါတယ်။

ဘာသာရေး လွမ်းမိုးမှုနဲ့ ခေတ် အပြောင်းအလဲအပေါ်မှာ လုပ်ဆောင်ချက်က ကွဲပြားလာတာ ရှိသလို အခေါင်း ကြို မလုပ်ထားတော့တာတွေလည်း ရှိနေပါတယ်။ မြို့ပေါ်နဲ့ မြို့နဲ့ နီးတဲ့ နေရာဒေသတွေမှာ ဆိုရင်တော့ ဆိုင်မှာ အလွယ်တကူ ဝယ်ယူလို့ ရလာတာ ဖြစ်တဲ့အတွက် ကြိုမလုပ်တော့တာ ဖြစ်တယ်။

ခေတ်တွေ ဘယ်လိုပဲ ပြောင်းလဲနေပါစေ ရှေးခတ်ဆန်တဲ့ ဓလေ့လေးတွေနဲ့ အယူအဆလေးတွေက မြို့နဲ့ အလှမ်းဝေးတဲ့ရွာတွေမှာတော့ သူ့နည်းသူ့ဟန်နဲ့သာယာနေပါတယ်။

လူတစ်ယောက်ရဲ့ သေဆုံးခြင်းက မွေးကတည်းက ဆုံးဖြတ်ထားပြီးသား ဆိုတဲ့ ဆောင်ပုဒ်လေး စာအုပ်ထဲမာ ဖတ်ဖူးပါတယ်။ အဲလို သေဆုံးခြင်းကို အချိန် ကြိုမသိနိုင်ပဲ မလွဲမသွေ ကျရောက်လာမှာ ဖြစ်ပေမယ့် သေခြင်း သဘောတရားကို လက်ခံနိုင်တဲ့ ဦးရို့တာတို့လို လူမျိုးကတော့ အခေါင်းကို ကြိုလုပ်ထားပြီး စောင့်နေတတ်ကြပါတယ်။

သူတို့အနေနဲ့ကတော့ သေသွားတဲ့တစ်နေ့ ကိုယ့်ကို ထည့်မည့် အခေါင်းကို ကြိုမတွေ့ထားရင် စိတ်မချမ်းသာဘူးလို့လည်း ဦးရို့တာက ပြောပါတယ်။

အသက်ရှင်တုန်းမှာလည်း အိမ်ကောင်း ယာကောင်းနဲ့ နေချင်သလို သေသွားတဲ့အချိန်မှာလည်း မြေအောက်မှာ အိမ်ကောင်းနဲ့ နေချင်ကြတယ်လို့ဆိုပါတယ်။ ဒါက သေပြီးရင် မပြီးပဲ ဘဝက ရှိနေသေးတယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။

ဘဝမှာ လက်မခံချင်စရာကောင်းတဲ့အရာတွေ ရှိပေမယ့် ထူးခြားစွာ လက်ခံနေရတဲ့အကြောင်းတရားတွေရှိနေတတ်တာကို ဒိုးမူခေါရွာရောက်မှ နားလည်သဘောပေါက်မိပါတယ်။

Comments

comments

Next Post

မှီခိုသူဘဝက လွတ်မြောက်ချင်သူ

Thu Feb 2 , 2017
စူးမယ် အိမ်မှုကိစ္စ၊ကလေးကိစ္စအပြင် တောင်ယာလုပ်ငန်းပါလုပ်ကိုင်နေရတဲ့ အိမ်ရှင်မ ဒီးမော့ဆိုမြို့ ရူးဖယ်ခူရပ် ကွက်မှာ နေထိုင်တဲ့ အသက် ၃ဝ အရွယ် ကလေးတစ်ယောက်အမေ ကယားတိုင်းရင်းသူ မော်ဘူးမြာ က တော့ အကြမ်းဖက်မှုမျိုးစုံတပြိုင်တည်း ခံစားနေရကြောင်းကို အင်းအားချည့်နဲ့တဲ့ အသံနဲ့ ပြန်ပြောပြနေပါ တယ်။ သူဟာ မနက် မိုးလင်းတာနဲ့ ထမင်းဟင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်၊ အဝတ်လျှော်၊ ဈေးသွားကလေးထိန်း အလုပ်တွေကို တပြိုင်တည်းလုပ်နေရတဲ့အပြင် ရာသီအလိုက်လုပ်ရတဲ့ တောင်ယာလုပ်ငန်းတွေကိုလည်း မိသားစု စားဝတ်နေရေး အတွက် တစ်ယောက်ထဲ လုပ်ကိုင်နေရသူဖြစ်ပါတယ်။ သို့သော်လည်း သူရဲ့ အိမ်မှုကိစ္စ၊တောင်ယာလုပ်ငန်းလုပ်ကိုင်ခဲ့မှုတွေဟာ သူယောကျင်္ားအတွက်တော့ ဒါတွေကို အလုပ်တစ်ခုလို မမြင်ပါဘူးလို့ ဆိုပါတယ်။ “ဝင်ငွေရတဲ့ အလုပ်တစ်ခု မဟုတ်တဲ့အတွက် အမျိုးသားက […]