spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အောက်တိုဘာလ တစ်လတာအတွင်း တိုက်ပွဲအကြိမ်ရေ (၃၀) နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် (၄၀) ကျော်သေဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ အောက်တိုဘာလ တစ်လတာအတွင်း စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲ အကြိမ်ရေ (၃၀)နီးပါးအတွင်း စစ်ကောင်စီဖက်က (၄၀)ကျော် သေဆုံးပြီး  ထိခိုက်ဒဏ်ရာရတာတွေလည်း များပြားခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ တစ်လတာ စစ်ရေးသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာလ အတွင်း ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲတွေကတော့ အဓိက စစ်ကောင်စီထောက်ပို့ယာဉ်တန်း ဖြတ်သန်းဖို့ ကြိုးစားနေတဲ့ ဖရူဆို-ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျောက်မှာ ပိုမိုဖြစ်ပွားခဲ့ပါတယ်။

ဘောလခဲမြို့နယ်ဘက်ကို ဦးတည်သွားနေတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်း အစီး (၇၀) ကျော်ကို  ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေကနေ ကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ ထောက်ပို့ကားတချို့ကို ဖျက်ဆီးနိုင်ခဲ့တာတွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ (၂၁)ရက်နေ့မှာတော့ စစ်ကောင်စီယာဉ်တန်း (၇၀)ကျော်အထဲက (၄၀)စီးဟာ ဘောလခဲမြို့ကို ရောက်ရှိခဲ့ပြီး ကျန်ရှိတဲ့ (၃၀) စီးခန့်ဟာ ဖရူဆိုမြို့နယ်အတွင်းရှိ အမှတ် (၁၄) တန်းမြှင့်စစ်ရေးလေ့ကျင့်ရေး ကျောင်းဝန်းအတွင်း ရှိနေသေးပြီး ဖြတ်သန်းသွားလာနိုင်ခြင်းမရှိသေးဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ထိတွေ့တိုက်ပွဲတွေအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဖက် ရဲဘော် (၄)ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ တစ်လအတွင်းမှာလည်း စစ်ကောင်စီကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် (၁၃)လုံး ပျက်စီးတာတွေ ရှိသလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ် (၄)လုံး၊ စာသင်ကျောင်း(၁)ကျောင်း ၊ ဆေးပေးခန်း (၁)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img