spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဦးအယ်လ်ဖောင်းရှိုစွပ်စွဲပြစ်တင်ခံရတဲ့ကိစ္စ ခုံရုံးက မှားတယ်၊မှန်တယ် မဆုံးဖြတ်နိုင်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကနေ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း စွပ်စွဲပြစ်တင်ဖြုတ်ချခံရတဲ့ကိစ္စ ပြည်နယ်လွှတ်တော်ဥက္ကဌကို မှားတယ်၊ မှန်တယ် မဆုံးဖြတ်နိုင်ခဲ့ပါဘူး။

ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကနေ သူ့ကို ပြည်နယ်လွှတ်တော်ကနေ စွပ်စွဲပြစ်တင်သူ လေးပုံတစ်ပုံမပြည်ပဲ ဆက်လက်စုံစမ်းပြီး အဆိုတင်သွင်းကြကာ ဖြုတ်ချလိုက်တဲ့အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီဆိုတာတွေကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တိုင်ကြားထားရာမှာ ခုံရုံးက အောက်တိုဘာလ ၂၇ ရက်နေ့မှာပဲ ဘယ်သူက မှားတယ်၊ မှန်တယ်မဆုံးဖြတ်ပဲ မူလအတိုင်းသာဖြစ်ပြီး တချိုကိုတော့ အနက်အဓိပ္ပါယ်ဖွင့်ဆိုကာ အပြီးသတ်အမိန့်ချခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးက “ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့လုပ်ပိုင်ခွင့်က လွှတ်တော်ဥက္ကဌရဲ့ဆောင်ရွက်ချက်၊ လွှတ်တော်ရဲ့ဆောင်ရွက်ချက်က မှားတယ်မှန်တယ်။ ဆုံးဖြတ်ခွင့်မရှိဘူး။ နည်းလမ်းပဲဆုံးဖြတ်တာ။ သူကအခု နည်းလမ်းကိုပဲပြတာ။ နည်းလမ်းကိုပြတော့ အယ်လ်ဖောင်းရှိုက သူတင်ခွင့်ရှိတယ်တင်တယ် တချို့ဟာတွေကို အဓိပ္ပါယ်ဖွင့်စရာမလိုဘူး။ တချို့ဟာတွေကို အဓိပ္ပါယ်ဖွင့်ပေးတယ်။ သူ့ကို ဝန်ကြီးချုပ်အဖြစ်ကနေ ဖြုတ်တာမှားတယ် ဆိုတဲ့ဟာကို ဆုံးဖြတ်ချက်ကမပါဘူး။ မူလအတိုင်းဖြစ်မယ်။” လို့ပြောပါတယ်။

ဦးအယ်လ်ဖောင်းရှိုတိုင်ကြားထားတဲ့ စွပ်စွဲသူ တစ်ဦးကပြန်နုတ်ထွက်လို့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လေးပုံတစ်ပုံမပြည့်ဘဲ ဆက်လက် စုံစမ်းခဲ့ခြင်း ကိစ္စရပ်ကိုတော့ ဖြစ်ပြီးကိစ္စကိုဘာမှထပ်မပြောတော့ပဲ စွပ်စွဲပြစ်တင်လိုပါက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းလူဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး၊ မိမိတို့ရဲ့စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်ဥက္ကဌထံကနေတဆင့် လွှတ်တော်သို့ အဆိုတစ်ရပ်အဖြစ် တင်သွင်းရမယ်လို့တော့ ခုံရုံးကနေပြီး အနက်အဓိပ္ပါယ်သာ ဖွင့်ဆိုပေးလိုက်ပါတယ်။

LAW HOME မှ ဥပဒေအကြံပေး အထက်တန်းရှေ့နေ ကိုကျော်ဝဏ္ဏအောင်က “ခုံရုံးက ဆုံးဖြတ်ချက်ချသွားတာ ဦးစဲရယ်(ခ)သိန်းအောင်် နုတ်ထွက်ခြင်း မနုတ်ထွက်ခြင်းက ခုံရုံးကဆုံးဖြတ်ချက်ချလို့ မရဘူး။ တစ်နည်းအားဖြင့် ဒါက လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ပဲဆိုင်တယ် လွှတ်တော်ရဲ့ လုပ်ငန်းနဲ့ပဲဆိုင်တဲ့အတွက် ဒီအပေါ်မှာ ခုံရုံးဆုံးဖြတ်ချက်မချနိုင်ဘူး။ ဒါပေမယ့် အခြားအကြောင်းအရာများကြောင့်ဆိုတဲ့ဟာကြောင့် အဲ့ဒီအတွက်ဆုံးဖြတ်ချက်ချလိုက်တယ် အဓိပ္ပာယ်ဖွင့်လိုက်တယ်။ အဓိပ္ပာယ်ဘယ်လို ဖွင့်လိုက်လဲဆိုတော့ အနည်းဆုံးလေးပုံ တစ်ပုံက လက်မှတ် ရေးထိုးပြီး လွှတ်တော်ဥက္ကဌထံတင်ပြရမယ် ဆိုတာမျိုးရေးထားတယ်။ ဒါပေမယ့် နည်းနည်းလေးထပ်ဖြည့်စွက်လိုက်တယ် လွှတ်တော်ဥက္ကဌထံမှတစ်ဆင့် လွှတ်တော်သို့တင်ပြရမည်ဆိုတဲ့ဟာမျိုး အဓိပ္ပာယ်ထပ်ဖွင့်လိုက်တဲ့သဘော။” လို့ပြောပါတယ်။

အငြင်းပွားနေတဲ့ နောက်တစ်ခု စွပ်စွဲပြစ်တင်သူက စုံစမ်းစစ်ဆေးရေးမှာပြန်ပါလာတဲ့ကိစ္စကိုတော့
သက်ဆိုင်ရာလွှတ်တော်ဥက္ကဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုသာ သင့်လျော်တဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဖွဲ့စည်းပြီး စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးစေရမည် လို့ ခုံရုံးက အနက်အဓိပ္ပါယ်ဖွင့်ထားလိုက်ပြန်ပါတယ်။

“ဦးအယ်လ်ဖောင်းရှိုကို စုံစမ်းစစ်ဆေးတဲ့အချိန်မှာ စွပ်စွဲပြစ်တင်သူ သုံးဦးက စုံးစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ ပြန်ပါတဲ့အတွက် အဲ့ဒါကို အဓိပ္ပာယ်ဖွင့်ရန်လိုမလို သို့မဟုတ် အခြားအကြောင်းအရာများကြောင့် လိုမလိုပေါ့။ ဆိုတဲ့ဟာမျိုး အဲ့ဒီစုံစမ်းစစ်ဆေးရေးသုံးယောက်ကို ထပ်ဖွဲ့ခြင်းကလည်း လွှတ်တော်ရဲ့ လုပ်ဆောင်ချက်သာဖြစ်တဲ့အတွက် ဒီအပေါ်မှာ ဆုံးဖြတ်ချက်ပေးလို့မရပြန်ဘူး။ သို့ပေမယ့် နောက်အကြောင်းကြောင့် အကယ်၍ထပ်စွပ်စွဲပြစ်တင်မျိုးတွေ ရှိလာကြရင် ဖွင့်ရန်လို မလိုပေါ့။ လိုတယ်ဆိုတော့ သူထပ်ဖွင့်လိုက်တယ် ဘယ်လိုဖွင့်လဲဆိုတော့ ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကို သင့်လျော်တဲ့ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရမည် ဆိုတဲ့ဟာ ဘာထပ်ဖြည့်စွက်လိုက်လဲဆိုတော့ သင့်လျော်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့်ပေါ့။ သင့်လျော်သောလို့ထည့် သုံးနှုန်းလိုက်တယ်ပေါ့။” လို့ ကိုကျော်ဝဏ္ဏအောင်ကပြောပါတယ်။

ခုံရုံးကနေတော့လက်ရှိမှာ လွှတ်တော်ကနေ ဆုံးဖြတ်တာ ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့်မရှိတော့ပေမယ့် နောက်နှောင်တွေမှာ စွပ်စွဲချက် လေးပုံတစ်ပုံပြည့်မှသာလျှင် ဆက်လက်စုံစမ်းခွင့်ရတော့မည်ဆိုတဲ့ဟာတွေပြောသွားတာဖြစ်တယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်ကပြောပါတယ်။

“ပြီးခဲ့တဲ့အဖြစ်အပျက်ထဲကလိုပဲ ဒီတရားစွဲမယ်ဆိုရင် အဆိုပြုမယ်ဆိုရင် ကိုယ်စားလှယ်ရဲ့ လေးပုံတစ်ပုံ ရှိရမယ်။ အခုဟာက တရားစွဲတုန်းက တစ်ယောက်က နုတ်ထွက်သွားတော့မပြည့်တော့ဘူး။ နောက်ဆိုဒီလိုလုပ်လို့မရတော့ဘူး။ နောက်တချက် တရားစွဲထားတဲ့အချက်ထဲမှာ ဆုံးဖြတ်တဲ့အဖွဲ့ထဲမှာပြန်မပါရဘူး။ နောက်ဆိုအဲဒါမပါရတော့ဘူး။ လွှတ်တော်ဥက္ကဌက သင့်တော်တဲ့သူပဲပါရတော့မယ်။ ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိုအနေနဲ့ သူ့ဂုဏ်သိက္ခာနဲ့ဆိုင်တဲ့ တစ်စုံတစ်ရာတခုခုကို ရသွားတာလို့ပဲထင်တယ်လို့ပြောချင်တယ်။” လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

အခုလို ဆုံးဖြတ်လိုက်တဲ့အပေါ် ဝန်ကြီးချုပ်ဟောင်းဦးအယ်လ်ဖောင်းရှိုကိုဆက်သွယ်ရာမှာ ဆက်သွယ်မှုဧရိယာပြင်ဖြစ်နေပြီး ယာယီဝန်ကြီးချုပ် ဦးဘောစ်ကို ကိုဆက်သွယ်ရာမှာတော့ ဥပဒေကိုသိပ်နားမလည်တဲ့အတွက် ဘယ်လိုမှ မထင်မြင်နိုင်ဘူးလို့ ပြန်လည်ဖြေကြားသွားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လက်ရှိအာဏာရသူတွေက ဥပဒေတွေကို လုပ်ချင်သလို လုပ်ချင်နေတာကို မြင်တွေ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက အခုလို သုံးသပ်ပြောဆိုထားပါတယ်။

“ စိတ်ဝင်စားစရာကောင်းတာက ဒီ လွှတ်တော်က ဖတ်ကြားလိုက်တဲ့အထဲမှာ အဲ့တော့ကျနော်စဉ်းစားတာက အဲ့ဟာကသိပ်တော့မဟုတ်တော့ဘူးပေါ့နော။ လက်ရှိ ၂၀၀၈ ရှိနေတော့ ၂၀၀၈ ကိုပိုပြီးဆွေးနွေးတိုင်ပင်ချင်တယ်။ အဲ့ကနေရလာတဲ့ရ လဒ်ကနေပြီးတော့ ၂၀၀၈ ပြင်ချင်ရင်ပြင် သို့မဟုတ်ရင်လည်း အသစ်ရေးရင်လည်းရေးပေါ့။ ဟိုအရင်ခေတ်ကဥပဒေကိုဆွဲပြီးတော့မှပြောလိုပြော ဆွဲပြီးတော့မှ နှိုင်းယှဉ်ချင်ရာနှိုင်းယှဉ်အဲ့လိုတော့ ကျနော်ထင်တာက လက်ရှိဥပဒေခုံရုံးက မျက်နှာလိုက်တယ်အဲ့လိုမြင်တယ်။ နောက်ပြီးတော့ ဥပဒေကို အလွဲသုံးစားလုပ်တယ်လို့ ကျနော်မှတ်ချက်ပြုချင်ပါတယ်။ ”လို့ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ဦးသဲရယ်ကတော့ ဥပဒေကို သေချာလေ့လာပြီး လုပ်ထားတဲ့အတွက် အစကတည်းက ခုံရုံးမတက်သင့်ကြောင်း ပြောပါတယ်။

“ အခုကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲမှာပြင်ဖို့တအားခက်တဲ့ကိစ္စပေါ့နော။ ဒီလိုဥပဒေတစ်ခုကို ခုံရုံးဖွဲ့ပြီး အဓိပ္ပါယ်ဖွင့်လို့ရတယ်ဆိုလို့ရှိရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေတစ်ခုလုံးကိုခုံရုံးကိုတင်ပြီးတော့မှ ခုံရုံးကိုဖွဲ့ပြီးတော့မှ အဓိပ္ပါယ်ဒီလိုရှိတယ်လို့ ပြန်လိုက်ပေါ့။ ဒါဆိုလွှတ်တော်ထဲမှာ ဥပဒေ ပြင်စရာမလိုတော့ဘူးပေါ့နော။ ” လို့ ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်အစိုးရရဲ့ စက်ယန္တာယားငှားရမ်းခငွေ ကျပ်သိန်းပေါင်း လေးထောင်ကျော်နဲ့ အများပိုင်ပြည်သူမြေကို ငှားရန်းထားတဲ့ငွေတွေကို အလွဲသုံးစားမှုနဲ့ ပြည်နယ်လွှတ်တော် ကနေ စုံစမ်းစစ်ဆေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကနေ ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက်မှာ လွှတ်တော်ကနေ အခုလို ပြုလုပ်သွားတဲ့အပေါ်မှာ ခုံရုံးကို တိုင်ရားခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက လာမည့် ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်အနေနဲ့လည်း မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှာ ပြန်လည်ဝင်ပြိုင်သွားမှာဖြစ်ပါတယ်။

ဦးအယ်လ်ဖောင်းရှိုအနေနဲ့ အချိန်ထိ တရားရုံးကနေ ဘာပြစ်မှုပြစ်ဒဏ်မှချမှတ်ထားတာမရှိတဲ့အတွက် ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်းရှိနေသေးတာလည်းဖြစ်တယ်လို့ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးက သုံးသပ်ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts