spot_imgspot_imgspot_imgspot_img
Saturday, July 12, 2025
spot_imgspot_imgspot_imgspot_img

ဩဂုတ်လနောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်သား ၄ဦး KNDF ထံ CDM ပြုလုပ်

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်မှာ ဩဂုတ်လနောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်သား ၄ ဦး CDM ပြုလုပ်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“အဲ့ဒီလေးယောက်က သူတို့ ထွက်ပြေးလာတယ်ပေါ့နော။ ထွက်ပြေးလာတော့ ကျနော်တို့ KNDF ဆီရောက်လာတယ်။ သူတို့က တပ်ရင်းတွေက ၂၅၉ ဆိုတဲ့ တပ်ရင်းပေါ့နော။ အဲ့ဒီတပ်ရင်းကလို့ ပြောတယ်။ ဒီက နယ်မြေခံ တပ်ရင်းတော့ မဟုတ်ဘူး။ ဒီဘက် ရှေ့တန်းမှာ ရောက်လာတဲ့ အဖွဲ့တွေ။ အဲ့ဒီထဲက လေးယောက် ထွက်ပြေးလာပြီးတော့ ကျနော်တို့ဆီ ရောက်လာတယ်။” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ KNDF ကနေ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေပြီး ကရင်နီ CDM ဌာနကို ဆက်လက် အပ်နှံသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဒီကရင်နီပြည်နယ်မှာက စစ်ကောင်စီတပ်ကနေပြီးတော့ CDM ဝင်လာပြီး လက်နက်နဲ့ပဲဖြစ်ဖြစ် သူ့ဟာသူ ထွက်ပြေးလာလို့ပဲဖြစ်ဖြစ် CDMဝင်လာတဲ့အခါမှာ ကျနော်တို့ လက်ခံထားတဲ့ ဌာနသပ်သပ်ရှိတယ်ပေါ့နော။ သူတို့ဆီတော့ ပို့မှာပေါ့နော။ သူတို့နဲ့ဆက်လုပ်မှာပေါ့နော။ သူတို့ လေးယောက်ကို သူတို့ လေးယောက်ကိစ္စက အဲ့ဒီအဖွဲ့နဲ့ ဆက်လုပ်မှာဖြစ်တယ်။” လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်အနေနဲ့ CDM ရဲဌာန ( KNDF – CDM Department ) ကို ၂၀၂၂ခုနှစ် မေလ ၃၁ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားကနေ CDM ပြုလုပ်လာသူတွေဟာ လက်ရှိမှာ စစ်ကောင်စီနဲ့ ပြန်လည်တိုက်ခိုက်နေတဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ ရှေ့တန်းတွေမှာ ပါဝင်နေတာရှိသလို တခြား တော်လှန်ရေးအပိုင်းမှာ ပါဝင်ကူညီနေတာတွေ ရှိကြပါတယ်။

ကရင်နီပြည်မှာ ဩဂုတ်လ တစ်လအတွင်း တိုက်ပွဲပေါင်း ၄၆ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားဘက်က သေဆုံးသူ ၄၀ ဦး နဲ့ ထိခိုက်ဒဏ်ရာရသူ ၂၅ဦး ရှိတယ်လို့ KNDF က စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img