spot_img
Friday, September 29, 2023
spot_imgspot_imgspot_imgspot_img

ဆေးဝါးပြတ်လပ်မှုကြောင့် ကျန်းမာရေးဝန်ထမ်းမှ ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်ဝယ်ယူနေရ

Author

Date

Category

ကျေးလက်ကျန်းမာရေးဌာနသို့ ဆေးဝါးထောက်ပံ့ပေးခြင်း လုံလောက်မှု မရှိသောကြောင့် ကျေးလက်ကျန်းမာရေးဆေးခန်းရှိဆရာ/မများက ကိုယ်ပိုင်ငွေမှ စိုက်ထုတ်ဝယ်ယူနေရပြီး ပြည်သူအကြားတွင် သံသယစိတ်ဝင်သွားမည်ကို စိုးရိမ်နေရကြောင်း ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာ ကျေးလက်ဆေးခန်းမှ ကျန်းမာရေးမှူး ဒေါ်ညေးမိုးက ပြောပါသည်။

ယခုနှစ် ဩဂုတ်လလောက်တွင် ဆေးဝါးတော်တော်များများရှိနေသေးသော်လည်း ကယားပြည်နယ်၏ နေရာတော်တော်များများတွင် ရာသီတုပ်ကွေးရောဂါများ ဖြစ်ပွားနေခဲ့ရာ၌ အဆိုပါဆေးဝါးများကို အသုံးပြုခဲ့ရာမှ ဆေးဝါးများ ပြတ်လပ်နေပြီ ဖြစ်သည်။

အစိုးရမှ အခမဲ့ဖြန့်ဝေပေးထားသော ဆေးဝါးများအပြင် လှူဒါန်းငွေမှရရှိလာသောငွေများနှင့် ဆေးဝါးများဝယ်ယူပြီး ကုသပေးနေသော်လည်း လုံလောက်မှုမရှိသောကြောင့်  စိုက်ထုတ်ဝယ်ယူထားသော အဖိုးအခများကို ရပ်ကွက်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးများကို  အကြောင်းကြားပြီး ငွေများပြန်လည်တောင်ခံနေရသည်ဟု ကျန်းမာရေးမှူးက ပြောသည်။

“ဆေးခန်း လာတိုင်းအလကားရတယ်လို့ ထင်သွားတယ်။ ကျမတို့ဘက်က အလှူငွေထည့်ပေးပါလို့ ပြောတယ်။ ဒါပေမဲ့ ထည့်နိုင်တဲ့သူလည်းရှိတယ်။ မထည့်နိုင်တဲ့သူလည်းရှိတယ်။ ကျမတို့ အဲ့ဒါနဲ့ ပုံမှန်လည်ပတ်နေတယ်။ ဒါပေမဲ့ ကျမတို့ အဆင်မပြေခဲ့ဘူး။ ထည့်တဲ့ပိုက်ဆံနဲ့ ကျမတို့ ပြန်ဝယ်ကြတယ်။ ဒါပေမဲ့ ထည့်တဲ့သူက နည်းနေတော့ ပြီးတော့ လူတွေက သိမ့်နားမလည်ကြဘူးလေး။ အလကားရတယ်ဆိုတဲ့ စိတ်ပဲရှိနေတော့ ဆေးက တော်တော်လေးကို ပြတ်လပ်တယ်။ အခုဆို တော်တော်လေးပိုဆိုးသွားတယ်ပေါ့”ဟု ကျန်းမားရေးမှူးက ညီးတွားသည်။

၂၀၁၅ ခုနှစ် မတ်လ လောက်မှစပြီး ကယားပြည်နယ်၏ ကျန်းမာရေးကဏ္ဍအတွက်  အခြေခံလိုအပ်သော ဆေးဝါးအများစုကို အခမဲ့ကုသပေးနိုင်ရန် စီစဉ်ပေးနိုင်ခဲ့သော်လည်း   တစ်ပြည်နယ်လုံးကို လွမ်းခြုံပြီး  ထောက်ပံ့ပေးမှုမပေးနိုင်သေးကြောင်း ကယားပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားထားသည်။

ကယားပြည်နယ်ရှိ ရပ်မိရပ်ဖ ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၏ ပူးပေါင်းမှုဖြင့်   ဝင်ငွေချို့တဲ့သော  လူနာများအတွက် အခမဲ့ဆောင်ရွက်ပေးသည့် အစီအစဉ်များလည်း  လုပ်ဆောင်ပေးနေပြီဖြစ်သည်။

ဆေးဝါးထောက်ပံ့မှု ပြတ်လပ်ခြင်းကြောင့် အဖိုးအခအတွက်  ကျေးလက်ကျန်းမာရေးဆေးခန်းရှိ ဆရာ/မများနှင့် ပြည်သူလူထုကြားတွင် သံသယမဖြစ်ပွားစေရန်အတွက်   အစိုးရမှ ထောက်ပံ့ကူညီပေးနိုင်မည့် အစီအစဉ်ကို ကျန်းမာရေးမှူးက မျှော်လင့်နေသည်။

သတင်း-ထျိုးမြာ

Recent posts