ကန္တာရဝတီတိုင်း(မ်)
ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့တောင်သူများ ၁၅ဦးကို ပုဒ်မ ၄၄ရ ဖြင့် ဦးစွာတရားစွဲပြီးနောက် ဩဂုတ်လ ၂၆ ရက်နေ့တွင် ဒီးမော့ဆိုတရားရုံးတွင် ရုံးချိန်းခဲ့သည်။ ထို့နောက် ၎င်းတို့ထဲမှ ၄ ဦးနှင့် တောင်သူ ၂ ဦး စုစုပေါင်း ဒေါဆိုရှေ့တောင်သူ ၆ ဦးကို ပုဒ်မ ၆(၁)နှင့် ထပ်စွဲပြန်ပြီး ထောင်သို့ပို့ဆောင်ခဲ့သည်။
လက်ရှိ ကယား(ကရင်နီ)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့တောင်သူ ၆ ဦးနှင့် လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာ၁ ဦး၊ ၃ မိုင်ပကြဲကျေးရွာတွင် ၁ ဦး၊ မြေနီကုန်းကျေးရွာ ၁ ဦးစုစုပေါင်း ၉ ဦးသည် ထောင်တွင်းတွင် ဖမ်းဆီးခံနေရသည်။
စစ်တပ်က ပြည်သူ့ဘဏ္ဍာငွေနှင့်တည်ဆောက်သည့်အတွက် ပြည်သူ့ပိုင် ပစ္စည်းကို ဖျက်ဆီးသည့်သဘောဖြင့် တောင်သူတွေကို တရားပြန်စွဲနေခြင်းက မလိုသမျိုးလိုသမျိုးလုပ်နေခြင်းသာဖြစ်သည်။
၎င်းတောင်သူများသည် ဌာနေတိုင်းရင်းသား ဒေသခံတောင်သူများ ဖြစ်ပြီး မိမိတို့၏ မြေပေါ်တွင် ဘိုးဘွားစဉ်ဆက် ခေတ်အဆက်ဆက် လုပ်ကိုင်စားသောက်နေထိုင်လာခဲ့ကြသူများဖြစ်သည်။
၂၀၁၉ခုနှစ်အတွင်း မိုးဦးကျ သီးနှံစိုက်ပျိုးရာသီချိန်မှစပြီး တောင်သူများသည် ၎င်းတို့၏ မြေပေါ်တွင် ထွန်ယက်စရာရှိသည်ကို ထွန်ယက်ကြရပေသည်။
ထိုအချိန်မှစပြီး အစိုးရစစ်တပ်ဘက်မှ ဒေသခံ တောင်သူများ ထွန်ယက်စိုက်ပျိုးနေကြသည့် မြေသည် စစ်တပ်ပိုင်ဖြစ်သည်ဟုဆိုကာ တောင်ယာခင်းထဲတွင် စစ်တပ်နှင့် တောင်သူများ ထိပ်တိုက်အငြင်းပွားမှုများ မြင်တွေ့ကြားသိလာခဲ့ရခြင်းသည် လက်နက်မဲ့ပြည်သူများ အပေါ်နိုင်ထက်စီးနှင်းပြုလုပ်နေသည်ဟု ယူဆရပါသည်။
တိုင်းပြည်နှင့်လူမျိုးအပေါ် ကာကွယ်စောင့်ရှောက်ရမည့်အစား အခွင့်အရေးများကို ကိုယ်ကိုတိုင်ချိုးဖောက်နေခြင်းသည် မဖြစ်သင့်ပေ။
ဌာနေတိုင်းရင်းသားများ၏ မြေနှင့် အရင်းအမြစ်ကို အခွင့်အရေးပေးပြီး အသိအမှတ်ပြုလေးစားလိုက်နာသည့်အပြင် အကာအကွယ်ပေးသင့်ပါသည်။
စစ်မှန်သည့် ဖက်ဒရယ်မရသေးသ၍ ဌာနေတိုင်းရင်းသားတို့အတွက် အကာအကွယ်ပေးသည့် မြေယာဥပဒေသစ်များ ပြဌာန်းနိုင်ခြင်းမရှိသေးချိန်တွင် အာဏာရှိသည့်သူများက လုပ်ပိုင်ခွင့်အပေါ် အာဏာအလွဲသုံးစားခြင်း မပြုလုပ်ကြပါနှင့်။
ထို့ကြောင့် ယခုတရားစွဲဆိုခံရသည့်တောင်သူများ၊ ဖမ်းဆီးချုပ်နှောင်ခံထားရသည့်တောင်သူများကို ပြန်လွှတ်ပေးသင့်ကြောင်း ဆက်လက်ဖမ်းဆီးခြင်း၊ တရားစွဲခြင်းကို ရပ်တန့်ပေးရန် တိုက်တွန်းအပ်ပါသည်။