တော့ဆန် ရွာပြန်ချင်တဲ့သူတွေရဲ့ဘဝ

သူဌေးတွေအတွက် ထမင်းဟင်းချက်တဲ့ မီးဖိုဆောင်ခန်းလောက် အခန်းငယ်လေးတစ်ခန်းထဲမှာ မိသားစုခြောက်ယောက် နေထိုင်နေကြပါတယ်။ သူတို့တွေကတော့ ပိုလီယိုရောဂါရှိလို့ လမ်းမလျှောက်နိုင်တဲ့ အသက်သုံးဆယ်အရွယ်အစ်ကိုရယ်၊ ဒုကိ္ခတဘဝနဲ့နေနေရတဲ့ အသက်ငါးဆယ့်ငါးနှစ်အရွယ်အမေတစ်ယောက်ရယ်နဲ့ ကလေးသုံးယောက်ရယ်ကို ဦးဆောင်စီမံရတဲ့သူကတော့ အသက်၂ရနှစ်အရွယ်ရှိတဲ့ ဒေါ်ဆိုင်ခေါင်လေးပါ။ ဘုရားစင်၊ အိပ်ယာခင်း၊ ထမင်းအိုးဟင်းအိုး၊ အဝတ်ထုတ်တွေနဲ့ပြည့်နေတဲ့ သုံးထပ်သားခင်း အခန်းငယ်လေးတစ်ခန်းထဲမှာ မိသားစုခြောက်ယောက်နေနေရတဲ့နေရာကတော့ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နယ်မြေ-၆ တိလင်-၉ရပ်ကွက်ပါ။ ဒီရပ်ကွက်ဟာ စစ်ဘေးရှောင်ပြည်သူတချို့ အိမ်လာငှားနေကြတဲ့နေရာပဲဖြစ်ပါတယ်။

သူတို့တွေဟာ ဖေဖော်ဝါရီလတုန်းက စစ်ဖြစ်တဲ့ တော့ဆန်ရွာကနေ ကျောက်မဲမြို့ပေါ်က ဘုန်းကြီးကျောင်းမှာ စစ်ဘေးဒုက္ခသည်အဖြစ်နေခဲ့ပြီး မွေးစကလေးငယ်တစ်လပြည့်တော့ အထက်က ရပ်ကွက်ထဲမှာ အိမ်ငှားနေခဲ့ကြတာပါ။ ဒေါ်ဆိုင်ခေါင်လေးရဲ့အမျိုးသားကတော့ တော့ဆန်ရွာမှာ အလုပ်အဆင်မပြေလို့ ထိုင်းဘက်ကို အလုပ်သွားလုပ်လိုက်တာ ကိုးလလောက်ကြာသွားပြီလို့ သိရပါတယ်။

“ အစ်ကိုက ပိုလီယို၊ အမေကလည်း ဒုကိ္ခတနဲ့ဆိုတော့ အလုပ်မလုပ်နိုင်ဘူး။ ကျမတစ်ယောက်တည်းပဲဆိုတော့ အိမ်ထဲမှာ အလုပ်နဲ့ လုံးနေရတာပေါ့ ” လို့ ဒေါ်ဆိုင်ခေါင်လေးက ပြောပြပါတယ်။

အိမ်ခန်းကလည်း ရောက်စက အုတ်ကြမ်းပြင်ပေါ် အိပ်ရတဲ့အခါ သူမက သွေးနုသားနုနဲ့ အဆင်မပြေသမို့ နောက်ပိုင်းမှာ သုံးထပ်သားတွေနဲ့ ခင်းခဲ့ကြရတယ်။ ပြေးလာတုန်းကလည်း အဝတ်အစားနဲ့ အိုးခွက်ပန်းကန်တွေ မသယ်ခဲ့ရဘဲ ပြန်ယူနိုင်ဖို့ကလည်း ကလေးတစ်ဘက်နဲ့ အဆင်မပြေလို့ ဆွေမျိုးထဲက ဦးကြီးတစ်ယောက်က ပစွည်းတချို့ကို ပြန်သယ်ပေးခဲ့ပါတယ်။

“ရွာမှာနေရင် ဟင်းချက်စရာ ဝယ်မစားရသလို အိမ်ငှားခလည်း မပေးရပါဘူး။ ဒါပေမဲ့ နယ်မြေက လုံခြုံစိတ်ချမှုမရှိသေးလို့ မတတ်သာဘဲ အခြေအနေကိုကြည့်ပြီး ဆက်နေနေရတယ်။“ လို့ သူမက ပြောပါတယ်။

စစ်ဖြစ်တဲ့အချိန်တုန်းက ဆိုးဆိုးဝါးဝါးဖြစ်ရပ်ကို သူတို့ မမေ့ကြသေးဘူး။ “ သူများတွေ တစ်ရွာလုံးသွားကုန်ကြပြီလေး။ ကျွန်မတို့က အမေတို့က မသွားနိုင်ဘူးဆိုပြီးတော့ နေခဲ့လို်က်တာ။ ကျွန်မတို့ပဲကျန်တယ် တစ်ရွာလုံးမှာ။ နောက်ဆုံးရက်ကျတော့ မသွားလို့မဖြစ်ဘူးဆိုပြီးတော့ ကားကလည်း ရွာနားရောက်မှ သူများနဲ့လိုက်ခဲ့ရတယ်။ စစ်စဖြစ်တဲ့အချိန်တုန်းက ကျွန်မကလေး ဆယ်ရက်ပဲရှိသေးတယ်။ ဟိုအိမ်ပြေးဒီအိမ်ပြေးနဲ့ ကျောက်မဲရောက်တော့ ကလေးက ဆယ့်ခြောက်ရက်ရှိသွားပြီ ”လို့ ပြောပါတယ်။

စစ်ကြောင့် ခေတ္တနားခိုခဲ့ရတဲ့ ဘုန်းကြီးကျောင်းမှာ ဒုက္ခိတဖြစ်နေတဲ့အမေနဲ့အစ်ကိုတို့ လူအများနဲ့ ဆက်နေဖို့ အဆင်မပြေလို့ ရပ်ကွက်ထဲမှာ သူတို့ အိမ်ငှားနေခဲ့ကြတာပါ။ လက်ရှိအိမ်ငှားခ တစ်လကျပ်သုံးသောင်းခွဲနဲ့ငှားနေရလို့ အိမ်လခနဲ့ စားဖို့သောက်ဖို့ကြား ခေါင်းရှုပ်ရတယ်လို့ ဒေါ်ဆိုင်ခေါင်လေးက ဖွင့်ဟတယ်။ တော်သေးတာက သူ့အမျိုးသားရဲ့ သိတတ်မှုပါ။ “အမျိုးသားက တစ်လကို တစ်သိန်း၊ တစ်ခါတစ်လေ နှစ်သိန်းလောက်ပို့ပေးလို့ အဲ့ဒါနဲ့ မိသားစုဖူလုံအောင်စီမံနေရပါတယ်လို့ သူမက ပြောပါတယ်။

ထွက်ပြေးလာတဲ့အချိန်တုန်းက အဝတ်တစ်ထည်နဲ့ပြေးလာရပြီး ဘုန်းကြီးကျောင်းမှာတော့ အလှူရှင်တွေရောက်လာလို့ သူတို့အတွက် စားရေးသောက်ရေး အဆင်ပြေခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ဖြစ်ရာ ရွာမှာ နယ်မြေအနည်းငယ်အေးချမ်းလာလို့ တော့ဆန်ရွာကို တချို့က ပြန်ကြပေမယ့် ဒေါ်ဆိုင်ခေါင်လေးတို့ မိသားစုကတော့ မပြန်နိုင်သေးပါဘူး။ “ သူများတွေက လွတ်လွတ်လတ်လတ်ဆိုတော့ပြန်လို့ရတယ်။ ကိုယ်က ကလေးတွေနဲ့ဆိုတော့ ပြန်ဖို့ခက်တယ်လေး ” လို့ သူမကပြောပါတယ်။

တော့ဆန်ဘက်က ရွာသားအများစုဟာ လက်ဖက်ခူးတဲ့ အလုပ်တွေကို အဓိကလုပ်ကိုင်စားသောက်ကြပါတယ်။ တော့ဆန်မှာ လက်ဖက်ခူးခဲ့တဲ့ ဒေါ်ဆိုင်ခေါင်လေးဟာ ကျောက်မဲမှာတော့ အလုပ်မရှိပါဘူး။ “တကယ်လို့ နယ်မြေအေးချမ်းရင် သိပ်ကောင်းမှာပဲ၊ ကိုယ့်အိမ်နဲ့ ကိုယ်ပြန်နေချင်တယ်လေး။ ဒီမှာက မရှိတဲ့ကြားထဲက ရှာပြီးနေနေရတယ်“ လို့ သူမက ညိုးငယ်တဲ့မျက်နှာလေးနဲ့ ဆိုပါတယ်။

အဲ့ဒီကျောက်မဲမြို့နယ်၊ နယ်မြေ-၆ တိလင်-၉ရပ်ကွက်မှာ အိမ်ငှားဘဝနဲ့ လာနေကြတဲ့သူတွေဟာ စစ်ဖြစ်လို့ပြေးလာရ        သူတွေဖြစ်ပေမဲ့ နယ်မြေအနည်းငယ်အေးချမ်းလို့ တောင်ပေါ်ကိုပြန်တက်သွားသူရှိသလို တချို့ကတော့တောင်ပေါ်မှာစီး   ပွားရေးအဆင်မပြေလို့ မြို့ပေါ်မှာလာနေကြတယ်လို့သိရပါတယ်။

ကျောက်မဲမြို့နယ်ထဲမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်တဲ့ ဂရုဏာရေအလှူရှင်လူငယ်အဖွဲ့ဥက္ကဌ ကိုအောင်ထိုက် ကတော့ စစ်ဖြစ်လို့ပြေးလာတုန်းကတော့ စစ်ပြေးလို့လက်ခံပေမဲ့ လက်ရှိမှာက တောင်ပေါ်မှာမနေချင်လို့ ကျောက်မဲကိုပြောင်းလာနေလို့ ရွှေ့ပြောင်းလို့ခေါ်တယ်လို့ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက လက်ရှိမှာ(၁၂)ဖွဲ့လောက်ရှိနေပေမဲ့ မည်သည့်အဖွဲ့ကမှ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေဘယ်လောက်ရှိတယ်၊ ရွှေပြောင်းအဖြစ် ဝင်လာတဲ့အိမ်ထောင်စုတွေ ဘယ်လောက်ရှိတယ်ဆိုတာကို ကောက်ခံထားတာမရှိပါဘူးလို့ သူက ဆိုပါတယ်။

ပျံ့နှံ့စွာအိမ်ဌားနေတဲ့ပြည်သူတွေကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးနိုင်မှုမရှိသလို အဖွဲ့အင်အားရဲ့အားနည်းမှုနဲ့ငွေကြေးမရှိလို့ မကူနိုင်တာဖြစ်တယ်လို့ ကိုုအောင်ထိုက်ကပြောပြပါတယ်။ “ကျွန်တော်အဖွဲ့တွေက ပိုက်ဆံမရှာနိုင်ဘူး။ ကျွန်တော်တို့အဓိက မစုစည်းနိုင်တာက အင်အားနည်းတာရယ် ဘတ်ဂျက်မရှိလို့ဖြစ်တယ်” လို့ပြောပါတယ်။

အသက်၅၁နှစ်ရှိပြီဖြစ်တဲ့ တော့ဆန်ရွာမကနေစစ်ပြေးပြီးရောက်လာတဲ့ဒေါ်သောင်းခင်ကလည်း စစ်ပြေးလာပြီးကတည်းက ခုချိန်ထိအိမ်မပြန်ရဲပဲ သားငယ်လေးတစ်ယောက်နဲ့ ကျောက်မဲမြို့နယ်၊ နယ်မြေ-၆ တိလင်-၉ရပ်ကွက်မှာအိမ်ဌားနေပါတယ်။ သားသမီးငါးယောက်ရှိပေမဲ့ ကချင်ပြည်နယ်ကိုသုံးယောက်ရောက်သွားတယ်၊ ကယားပြည်နယ်ကိုနှစ်ယောက်ရောက်သွားတယ်။ အမျိုးသားကလည်းမူဆယ်ဘက်မှာအလုပ်သွားလုပ်လို့ လေးတန်းသာရှိသေးတဲ့သားအငယ်ဆုံးတစ်ယောက်နဲ့နေခဲ့ရတယ်လို့ပြောပါတယ်။

“ ဒီမှာလာနေရတဲ့အခက်အခဲက အစစအရာရာဝယ်စားရတယ်။ အန်တီတို့ရွာမှာဆို ဝယ်မစားရဘူးလေး ပြီးတော့ လုပ်စရာအလုပ်လည်းမရှိတော့ အခက်အခဲဖြစ်ပါတယ် ” လို့သူမက ပြောပြပါတယ်။ တော့ဆန်ရွာမှာဆိုရင် မအေးချမ်းလို့ အိမ်တိုင်းအိမ်တိုင်း ကျဉ်းတူးထားရတယ်လို့ဆိုပါတယ်။ သူမအနေနဲ့ တိုက်ပွဲတွေဖြစ်နေကြ သေနပ်သံတွေကြားနေကြဖြစ်ပေမဲ့ ကြီးကြီးမားမားဖြစ်တာအခုတစ်ခေါက်ပဲကြုံဖူးတယ်လို့ ဒေါ်သောင်းခင်ကပြောပါတယ်။

“ ဖေဖော်ဝါရီလမနက်အစောကြီးခြောက်နာရီမှာသေနတ်သံစကြားလိုက်တာလေး။ ခါတိုင်းအန်တီတို့ကလည်းကြားနေကြပဲလေး။ နာရီဝက်တစ်နာရီနဲပြီးပြီးသွားတဲ့အခါတော့မကြောက်ဘူးပေါ့နော။ အဲ့ဒါနဲ့ ပစ်ပစ်ပစ် တစ်နေကုန်လည်း မရပ်တော့ဘူး” လို့ဆိုပါတယ်။

သူမဟာ ခြေထောက်တစ်ဘက်မသန်လို့ တော့ဆန်ရွာကိုပြန်ချင်ပေမဲ့မပြန်ပဲ နေနေရတယ်လို့ဆိုပါတယ်။ စစ်ဖြစ်လို့ ခြေတစ်ဘက်မသန်တဲ့ဘဝနဲ့ ကလေးကိုကျောင်းပြေးကြိုရတဲ့အဖြစ်ကိုလည်း မဖြစ်ချင်တော့ဘူးလို့ ဝမ်းနည်းစွာပြောပြပါတယ်။ ၎င်းတို့မိသားစုဟာ အိမ်ဆောက်ထားတာလာမယ့်သင်္ကြန်မှသုံးနှစ်ပြည့်မှာဖြစ်လို့ အိမ်ကိုအရမ်းလွှမ်းပါတယ်လို့ပြောပါတယ်။ တစ်ခြားမြို့နယ်တွေမှာ အိမ်ထောင်ကျသွားတဲ့သားသမီးတွေကခေါ်နေပေမဲ့ သူမရဲ့မွေးရပ်ဇာတိနဲ့နီးတဲ့နေမှာပဲနေချင်တယ်။ တော့ဆန်သတင်းအမြဲတမ်းကြားရတဲ့ကျောက်မဲမှာပဲနေချင်တယ်လို ့ပြောပါတယ်။ မိမိရဲ့အိမ်ဘာဖြစ်သွားသေးလဲ၊ ရွာဘာဖြစ်သွားသေးလဲ၊ ဆိုတဲ့သတင်းတွေကို အမြဲတမ်းကြားချင်လို့ ဘယ်ကိုမှ မသွားချင်ပါဘူးလို့ဆိုပါတယ်။

နယုန်လဆန်း ၁၃၊ ၁၄၊ ၁၅ရက်တွေဆိုရင် သုံးရက်ဆက်တိုက် အသံမစဲ ပဌာန်းပွဲရှိတဲ့တော့ဆန်ရွာနဲ့ လပြည့်လကွယ်ဆိုရင် အိုးစည်၊ မောင်းတွေတီး၊ ဘုရားပန်းတွေကပ်၊ ဆီမီးတွေသွားလှူခဲ့တဲ့တော့ဆန်ရွာကို အရမ်းသတိယတယ်၊ ရွာမှာကျန်ခဲ့တဲ့ ဘုန်းတော်ကြီးတစ်ပါးကိုလည်း အရမ်းသတိယတယ်လို့ဒေါ်သောင်းခင်က ဝမ်းနည်းပူဆွေးစွာပြောပြပါတယ်။

ကျောက်မဲမြို့နယ်ဟာ မြန်မာ့တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSAနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်ေေတွေ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီးတော့ တရုတ်၊ပလောင်၊ရှမ်နဲ့ဗမာလူမျိုးတွေ နေထိုင်ကြတယ်လို့သိရပါတယ်။ လူမျိုးတစ်မျိုးစီကလည်း တည်းတံ့နေထိုင်ကြပြီးတော့ ငြိနှိုင်းဆောင်ရွက်မှုလည်းမရှိကြဘူးလို့လည်း အမည်မဖော်လိုသူတစ်ဦးကလည်းပြောပါတယ်။

ကျောက်မဲမြို့နယ်၊ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးဝင်းခို်င်ကတော့ ကျောက်မဲမြို့ပေါ်မှာဆိုရင် မိမိရဲတပ်ဖွဲဝင်တွေအနေနဲ့ နေ့ကင်းစောင့်ခြင်း ညဘက်ကင်စောင့်ခြင်း တို့ကို ဆောင်ရက်ပေးလို့ ကျောက်မဲမြို့ပေါ်မှာဆိုရင်ရင်တော့ လုံခြုံမှုရှိပါတယ်။ တော့ဆန်ရွာဘက်ရဲ့လုံခြုံရေးကတော့ “ ဆရာတော်ပြောတဲ့စကားပြောရမယ်ဆိုရင် သူဟာကိုယ်မှမဟုတ်တာဆိုလိုပေါ့။ ဟိုမှာရှိတဲ့သူတွေရဲ့အခြေအနေကို အပြည့်အဝပြောလို့မရဘူး။ လုံခြုံရေးအပြည့်အဝကောင်းလားလို့ပြောရင်တော့ အပြည့်အဝမကောင်းဘူး။ ဒါပေမဲ့လို့ခုချိန်မှာအေးချမ်းတော့ရှိပါတယ် ” လို့ပြောပါတယ်။

စစ်ဖြစ်တဲ့အချိန်တုန်းက ကျောက်မဲမြို့နယ်ရဲစခန်းအနေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်စာရင်းတွေကောက်ထားတာကတော့ လူဦးရေစုစုပေါင်း (၃၈၁၇)ဦးလောက်ရှိတယ်လို့ဆိုပါတယ်။ အခုချိန်မှာတော့တစ်ချို့မိသားစုတွေဟာ စစ်ဘေးရှောင်ရင်းလာနေကြပေမဲ့ တစ်ချို့ကတော့လက်ဘက်ခြံရောင်းပြီး မြို့ပေါ်ဘက်ကို ပြောင်းလာကြလို့ စစ်ဘေးရှောင်ရယ်လို့ သတ်သတ်မရှိတော့ဘူးလို့ကိုအောင်ထိုက်ကတော့ပြောပါတယ်။ ရွှေ့ပြောင်းလူဦးရေအရေအတွက်ဟာ လက်ရှိမှာတော့ တစ်ထောင်ဝန်းကျင်လောက်ရှိမယ်လို့ ၎င်းက ခန့်မှန်းပြောပြပါတယ်။

စစ်ကြောင့်ဖြစ်ရတဲ့ ဒုက္ခသည်ဦးရေသောင်းဂဏန်းလောက်ရှိတယ်လို့ အပြင်မှာသတင်းတွေထွက်နေပေမဲ့ တစ်ကယ်တန်းဒုက္ခသည်တွေဟာ သောင်းဂဏန်းမရှိပါဘူးလို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ကျောက်မဲမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကပြောပါတယ်။

“လက်ရှိကတော့ ဒုက္ခသည်ဆိုရင် ကျောင်းသားဒုက္ခသည်ပဲရှိတာပေါ့။ တစ်ကယ်တန်းဒုက္ခသည်က သောင်းဂဏန်းမရှိဘူး ဆိုလိုချင်တာကဟိုမှာတိုက်ပွဲဖြစ်တော့ ရွာမှာမနေရဲ့ဘူး လုပ်ကိုင်စားသောက်မရဲဘူး။ အခြားတရုတ်တို့ မူဆယ်တို့ မန္တလေးတို့ထွက်ပြီး အလုပ်လုပ်တာ အဲ့ဒါကိုကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားလို့သတ်မှတ်ရမလား ဒုက္ခသည်လို့ သတ်မှတ်ရမလား ” လို့ ၎င်းကပြောပါတယ်။

ပြည်သူတွေအဓိကစစ်ပြေးရတဲ့အကြောင်းရင်းက အဲ့ဘက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တိုက်ပွဲကြောင့်ပြေးရတာဖြစ်ပြီး တစ်ကယ်လို့ ၎င်းတို့နှစ်ဖွဲ့သာပြေလည်သွာမယ်ဆိုရင်တော့ မူလအတိုင်းတော့ ပြန်ဖြစ်သွားမှာပါလို့ ဦးစိုင်းထွန်းဉာဏ်ကတော့ပြောပါတယ်။ လက်ရှိမှာတော့ တော့ဆန်ရွာကတိုက်ပွဲဖြစ်နေလားဆိုရင်တော့မဖြစ်ပါဘူး။ သို့သော် အေးချမ်းမှုရှိလားဆိုရင်တော့လည်း အေးချမ်းလုံခြုံမှုမရှိပါဘူးလို့ဆိုပါတယ်။

ဒေါ်ဆိုုင်ခေါင်လေးနဲ့ ဒေါ်သောင်းခင်တုု့ိ ဒုုက္ခတွေ မငြိမ်းသေးပါ၊ ကျောက်မဲ တော့ဆန်နဲ့ မြန်မာပြည်လည်း မငြိမ်းချမ်းသေးပါ။ နိုုင်ငံတော်၏အတိုုင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည် ဦးဆောင်မှုနဲ့ ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုု ပင်လုုံ ပထမအစည်းအဝေးကိုု နေပြည်တော်မှာ ဩဂုုတ် ၃၁ ကနေ စက်တင်ဘာ ၃ အထိ ကျင်းပခဲ့ပြီးပါပြီ။ စစ်ဟာ ကောင်းကျိုးမပေးပါဘူး၊ မျိုးဆက်အဆက်ဆက်အထိ ဒုုက္ခများစေပါတယ်။ ဒေါ်သောင်းခင်ရဲ့ ဆန္ဒက သူ့စိုုးရိမ်စိတ်ကိုုကျော်ပြီး ဖောက်ထွက်လာပါတယ်။

တကယ်လို့ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြတဲ့တိုင်းရင်းသားလက်နက်ကိုင်ညီအစ်ကိုမောင်နှမတွေကို ပြောခွင့်ရခဲ့မယ်ဆိုရင်တော့ “သင့်သင့်မြတ်မြတ်နဲ့ချစ်ချစ်ခင်ခင်နေကြပါ၊ ရန်မဖြစ်ကြပါနဲ့၊ မိဘပြည်သူတွေကြောက်လွန်းလို့ပါလို့ပြောချင်တယ် ” လို့ ဒေါ်သောင်းခင်က ပြောပါတယ်။

Comments

comments

Next Post

၂၀၀၈ ဖွဲ့စည်းပုံ တပ်မတော်မှ တင်ပြချက်အပေါ် တိုင်းရင်းသားခေါင်းဆောင်များ လက်မခံ

Tue Sep 20 , 2016
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ဆက်လက်သွားနိုင်သည်ဟု ၂၁ ပင်လုံညီလာခံအတွင်း တပ်မတော်ဘက်မှ ပြောဆိုတင်သွင်းခဲ့ခြင်းအပေါ် တိုင်းရင်းသားများမှ လက်မခံနိုင်ကြောင်းနှင့် ၂၀၀၈ ဥပဒေကို ပြင်ဆင်     သင့်ကြောင်း ပြောဆိုလိုက်သည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဌ ခူဦးရယ်က ၂၀၀၈ ဖွဲ့စည်းပုံထက် အတူတကွ လက်တွဲနိုင်သည့် ကိစ္စရပ်များနှင့် ဖက်ဒရယ်ကို တည်ဆောက်လိုသည်ဟု ဆိုလိုက်သည်။ ခူဦးရယ်က “ကျနော်ကတော့ ၂၀၀၈ကိုလည်း မဝေဖန်ချင်ဘူး။ ကျနော်တို့ သွားချင်တဲ့ ဖက်ဒရယ်ပုံစံမျိုးကိုပဲ ပြောကြတာ ကောင်းမယ်ထင်တယ်။ သူ့ဟာမကောင်းဘူး ကိုယ့်ဟာမကောင်းဘူးလို့ ပြောရင်တော့ ဘယ်တော့မှ ဆုံးမှာမဟုတ်ဘူး။ အားလုံး သဘောတူ လက်ခံနိုင်တဲ့ အခြေခံဥပဒေတစ်ခုကိုပဲ ကျနော်တို့ စဉ်းစားပြီး ရေးဆွဲကြတာတော့ […]