ဒေသခံများကန့်ကွက်သည့် မြေလွတ်မြေလပ်လုပ်ပိုင်ခွင့်ကိစ္စ သီးခြားစစ်ဆေးသွားမည်ဟုဆို

ကန္တာရဝတီတိုင်း(မ်)

ဒေသခံများကန့်ကွက်သည့် ဖရူဆိုမြို့နယ်အတွင်းရှိ မြေလွတ်မြေလပ်လုပ်ပိုင်ခွင့် လျှောက်ထားသည့် ကိစ္စနှင့် ပတ်သက်ပြီး အထက်သို့ဆက်လက် တင်ပြသွားမည်ဖြစ်ပြီး သီးခြားစစ်ဆေးသွားမည်ဖြစ်ကြောင်း ဖရူဆိုမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်မှူး ဦးရဲထွန်းဦးက ပြောပါသည်။

“ကန့်ကွက်စာကို တရားဝင်တင်တော့လက်ခံတယ်။ အခုလည်းလက်ခံထားတယ်။ ကျနော်တို့က မြို့နယ်အဆင့် ဖြစ်တဲ့အတွက်ကြောင့် ကန့်ကွက်လွှာရှိတဲ့အတွက်ကြောင့် အထက်ကို လမ်းညွန်မှု ခံယူမှာပဲကျနော်တို့က။ ခရိုင်ကနေ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး ကော်မတီကို ဆက်တင်ရင်တော့ ညွှန်ကြားချက်မှာတော့ သီးခြားစစ်မှာပေါ့လေ ဘာကြောင့်ကန့်ကွက်သလဲဆိုတာကိုလေး။”ဟု ဦးရဲထွန်းဦးက ပြောပါသည်။

မြေလွတ်၊မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်လျှောက်ထားသည့် မြေနေရာ

မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်လျှောက်ထားသည့် လုပ်ငန်းရှင် (၄)ဦးမှာ ဖရူဆိုမြို့နယ်၊ ရာဧပရားကျေးရွာအုပ်စု၊ ခိုးဘာကျေးရွာအနီးတွင် ဦးမြင့်မောင်မောင်က ဧက ၂၀၀၊ ဦးမျိုးသန့်နိုင်က ဧက ၅၆.၅၆ဧက ၊ မိုဆိုကျေးရွာအုပ်စု၊ မိုသီဒိုကျေးရွာအနီးတွင် ဗိုလ်မှူးကြီးမိုးဟိန်းက ဧက ၅၁.၂၆ဧကနှင့် မြို့မကျေးရွာအုပ်စု လောဂျာကျေးရွာအနီးတွင် ဒေါ်ခင်မိုးနှင်းက ဧက ၈.၅၀ဧကဖြင့် လျှောက်ထားခဲ့ကြသည့်အတွက် ဒေသခံများက ကန့်ကွက်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်လျှောက်ထားသည့် ဦးမြင့်မောင်မောင် က သက်ဆိုင်ရာ ဌာနဆိုင်ရာမှ မိမိအား အသိပေးအကြောင်းကြားစာ တစ်စုံတစ်ရာ မရရှိသေးကြောင်းနှင့် မိမိအနေဖြင့် ဒေသခံများနှင့် ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောပါသည်။ “တစ်ချက်တော့ စောင့်ကြည့်အုံးမယ်။ ဘာမှမပြောသေးဘူး။ သူတို့ဘယ်လိုပြောလာမလဲဆိုတာကိုပေါ့။” ဟု ဦးမြင့်မောင်မောင်က ပြောပါသည်။

Advertisement

ရိုးရာဓလေ့အစဉ်အလာခေတ်အဆက်ဆက် ဘိုးဘွားပိုင် မြေဖြစ်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဒေသခံများကပြောဆိုကြသည်။

ကန့်ကွက်လွှာကို မေလ ၃၁ ရက်နေ့တွင် မိမိတို့ ရိုးရာဓလေ့အရ လုပ်ကိုင်စားသောက်သည့် မြေယာပေါ်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ကိုင်ခွင့် လျှောက်ထားမှုအပေါ် ကန့်ကွက်ခြင်းကိစ္စဖြင့် ဖရူဆိုမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအထောက်အကူပြုအဖွဲ့၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

Comments

comments