spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် သတိပေးခံရ

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာအချို့တွင် ကယားပြည်နယ်တောင်သူလယ်သမား သမဂ္ဂနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဌက လွှတ်တော်ကိုယ်စားလှယ်ဦးသဲရယ်ကို သတိပေးလိုက်ကြောင်း သိရသည်။

“ဒီလိုပေါ့။ ဒီလိုဖြစ်တဲ့ကိစ္စမှာ ဆရာသဲရယ်ကိုလည်း ကျွန်တော်သတိပေးလိုက်ပါပြီ။ လူထုတွေနဲ့တွေ့တာကအပြစ်မရှိပါဘူး။ မဲဆွယ်စည်းရုံးတဲ့ ကိစ္စတွေက အပြစ်ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လူထုတွေနဲ့တွေ့တာတော့ ကောင်းတယ်။ ဒါကျွန်တော်အားပေးတယ် လွှတ်တော်ဥက္ကဌတစ်ယောက်အနေနဲ့” ဟု ကယားပြည်နယ် လွှတ်တော်ဥက္ကဌဦးလှထွေးက ဆိုသည်။

အစည်းအဝေးသည် တောင်သူသမဂ္ဂမှ ဦးဆောင်ကျင်းပခြင်းမဟုတ်ဘဲ ကယားလီဖုလူငယ်များမှ ဦးဆောင်ခြင်းဖြစ်ကြောင်းနှင့် အစည်းအဝေးအတွင်းတွင် လူငယ်များမှ ကရင်နီပြည်သမိုင်းနှင့် မတ်လ ၂ဝရက်တွင် ငါးပွင့်ဆိုင်ဆွေးနွေးမှုများ ပြန်ချပြပေးရန် တောင်းဆိုကြသည့်အတွက် ပြန်လည်ချပြခြင်းများ ပြုလုပ်ခဲ့ကြောင်း ဦးသဲရယ်က ဆိုသည်။

” ကျွန်တော်ကတော့ ကိုယ့်ရဲ့ မဲဆန္ဒရှင် ပြည်သူတွေကိုတွေ့ဆုံတာကတော့ ပြဿနာမရှိဘူးလို့ ဒါကကျွန်တော်မြင်တယ်။ သို့ပေမယ့် ဒီလက်ရှိဖြစ်နေတဲ့ ဒီကြေးရုပ်ပြဿနာနဲ့ လူငယ်တွေကလည်း အစည်းအဝေးခေါ်တဲ့ကြားမှာ ကျွန်တော်လိုက်ပါလာတော့ ကျွန်တော့်အနေနဲ့ နောက်ပြီးတော့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ မသင့်တော်ဘူးပြောတာပေါ့၊ ဒါပေမယ့် ကျွန်တော်တိုက်တွန်းနိုးဆော်တဲ့ အပိုင်းတော့မရှိဘူး၊ ချပြတာ၊ ဆွေးနွေးတဲ့အပိုင်းတော့ရှိတယ်။ ဒီအပေါ်မှာ ချပြတာတို့၊ ဆွေးနွေးတာတို့ အပေါ်မှာ မလုပ်ရဘူးလို့ ပြောရင်တော့ ဒါတော့မဖြစ်သင့်ဘူးလို့ ကျွန်တော်မြင်တာပေါ့နော” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ဆိုသည်။

လူငယ်များမှ ကြေးရုပ်နှင့်ပတ်သက်ပြီး ဖြစ်နိုင်ချေရှိသည်များကို သုံးသပ်ခိုင်းသည့် အခြေအနေသာရှိကြောင်းနှင့် တိုက်တွန်းသည့်ပုံစံများမရှိကြောင်း ၎င်းကဆက်ပြောသည်။

“ကျွန်တော်သိရတဲ့အပိုင်းကို မေးလာတဲ့အတွက် လာပြီးပြောပြရတာပေါ့နော။ လူငယ်တွေက ကရင်နီသမိုင်းနဲ့ပတ်သက်ပြီးတော့ သူတို့သိချင်တဲ့ဟာတွေ၊ နောက်ပြီးဒီကြေးရုပ်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတာတွေကို သူတို့ကိုသုံးသပ်ပေးပါလားဆိုပြီး မေးလာတဲ့အခါကျတော့ ဒီအပေါ်မှာ ကျွန်တော်သုံးသပ်ပြတဲ့ သဘောမျိုးနဲ့ပဲရှိတယ်။ ကျွန်တော်ကနေပြီးတော့ ဒါဒီလိုရှိတယ်၊ မဖြစ်မနေလုပ်ပါဆိုပြီးတော့ လူငယ်တွေကို တိုက်တွန်းတဲ့ ပုံစံမျိုးတော့ မရှိဘူးပေါ့လေ။” ဟု ဦးသဲရယ်က ဆက်ပြောသည်။

လွှတ်တော်ဥက္ကဌသို့ တင်ထားသည့်စာ အပိုဒ်၁ တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ခိုးရားခူခန်းမတွင် ကယားပြည်နယ်တောင်သူလယ်သမား သမဂ္ဂဥက္ကဌအန်ထော်နီ (ခ)တူရယ်၊ အဖွဲ့ဝင်ဦးဗျားရယ်၊ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်တို့သည် ဒေသခံပြည်သူ (၇၀)ခန့်နှင့်လည်းကောင်း၊ ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာ ဘုရားကျောင်းတွင် ဒေသခံပြည်သူ (၁၂၀)ဦးခန့်နှင့်လည်းကောင်းတွေ့ဆုံကာ မတ်လ ၁ရရက်နေ့တွင် လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရမှ မဆောင်ရွက်ပေးပါက လူထုအင်အားဖြင့် ဖယ်ရှားနိုင်ရေး တောင်းဆိုသွားရန်ရှိကြောင်းနှင့် ကယားလီဖု ပြက္ခဒိန် ထုတ်ဝေနိုင်ရေးအတွက် အလှူငွေများ ထည့်ဝင်နိုင်ရေးများနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ကြောင်း ပါရှိသည်။

ယခုစာနှင့်ပတ်သက်ပြီး ဦးသဲရယ်က “လွှတ်တော်ဥက္ကဌတစ်ယောက်ကတော့ ကျွန်တော့်ကို ထူးထူးထွေထွေပြောတာတော့မရှိပါဘူး။ ကျွန်တော့်ကိုပြောတာတစ်ခုက ဒီလိုအစည်းအဝေးဆို နောက်အခြေအနေကြည့်ပြီးသွားပေါ့ ဆိုပြီး ကျွန်တော့်ကို အဲ့လိုပြောတာတော့ရှိတယ်။”ဟု ဆိုသည်။

ဆက်လက်ပြီး အပိုဒ် ၂ တွင် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ၂၂ .၃ .၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကယားပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၉)ဆုံးဖြတ်ချက် အပိုဒ် ၁၀၉ အရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ယခုကဲ့သို့ ပြုမူဆောင်ရွက်နေမှုအခြေအနေအား ပြည်နယ်လွှတ်တော်ဥက္ကဌထံ သိရှိပြီး လိုအပ်သလိုဆောင်ရွက်နိုင်ရေး ညှိနှိုင်းတင်ပြသွားရန် ဟု ဆုံးဖြတ်ထားပါသဖြင့် လိုအပ်သလိုဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါသည် ဟု ပါရှိထားသည်။

“ကျွန်တော်ကတော့ ကျွန်တော့်တစ်ယောက်ရဲ့ ရပ်တည်ချက်ကတော့ တစ်ပိုင်းပေါ့နော။ ဒါပေမယ့် လူထုတွေကို စည်းရုံးလှုံ့ဆော်တဲ့အပိုင်းကတော့ ကျွန်တော်ဒီလိုလုပ်နေတာကတော့ တိုက်ရိုက်လုပ်နေတာတော့ မရှိဘူးပေါ့နော။ ဒါပေမယ့် လူထုတွေကမေးလာရင်တော့ ကျွန်တော်ကတော့ ဖြေကြားရမယ်၊ ပြောရတော့မယ်လို့ ပြောရမယ်ပေါ့နော။ လူထုတွေမေးလာရင်တော့ ကျွန်တော်သိသလောက် ကျွန်တော်ပြောရမယ်ပေါ့နော။ ကျွန်တော်ရှင်းလင်းပြရတော့မှာပဲ။ ဆိုတော့ ရှင်းလင်းခွင့်တောင်မရှိဘူးဆိုတော့ ဒီနိုင်ငံကလည်း ပြောပြောနေတဲ့ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့နဲ့ ကိုက်ညီမှုမရှိဘူးလို့ပဲ ကျွန်တော်ပြောရမယ်ပေါ့နော။” ဟု ဦးသဲရယ်က ပြောပါသည်။

၎င်းစာပါအကြောင်းအရာမှာ ကယားပြည်နယ် တောင်သူလယ်သမားသမဂ္ဂ လှုပ်ရှားမှုသတင်း တင်ပြလာခြင်းကိစ္စဟုဆိုကာ ပေးပို့လာခဲ့ခြင်းဖြစ်သည်။

spot_img
spot_img

Recent posts