spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေသနှင့်ကိုက်ညီသည့် ဥပဒေသစ်တစ်ရပ်ပေါ်ထွက်လာမည်ဆိုပါက မြေအုပ်ချုပ်စီမံမှု အဆင်ပြေလိမ့်မည်ဟုဆို

Author

Date

Category

နော်ဒွေးအယ်ခူ

ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောင်သည့်အချိန်တွင် ဒေသနှင့်ကိုက်ညီသည့် ဥပဒေသစ်တစ်ရပ်ပေါ်ထွက်လာမည်ဆိုပါက မြေအုပ်ချုပ်စီမံမှု အဆင်ပြေလိမ့်မည်ဟု Kayah Earthrights Action Network (KEAN) မှ တာဝန်ခံ စောအယ်စေးက ပြောသည်။

၎င်းက “ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့အချိန်မှာ ကျတော်တို့ပြည်နယ်နဲ့တိုင်းအလိုက် လူမျိုးစုအလိုက် လွတ်လွပ်လပ်လပ်မြေပြဌာန်းခွင့်ရှိရမယ်။ အဲဒါမှပဲ ကျတော်တို့ ကိုယ့်ဒေသ ကိုယ့်ပြည်နယ် ကိုယ့်လူမျိုးစုနဲ့ကိုက်ညီတဲ့ ဥပဒေသစ်တစ်ရပ်ပေါ်ထွက်လာမှပဲ မြေစီမံအုပ်ချုပ်မှုက ပိုပြီးအဆင်ပြေလိမ့်မယ်” ဟု ဆိုသည်။

“ဖယ်ဒရယ်မြေအုပ်ချုပ်စီမံမှုဆီသို့ အလှမ်းဝေးနေသေးသည့် နိုင်ငံ၏မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲမှု” အစီရင်ခံစာနှင့် ပတ်သက်၍ (KEAN) အဖွဲ့မှ သုတေသနပြုလုပ်ထားပါသည်။

ကယားပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားတို့ ကျင့်သုံးနေသည့် ထုံးတမ်းဓလေ့များနှင့် လက်ရှိပြဌာန်းထားသည့် မြေယာဥပဒေကိုက်ညီမှုမရှိသည့် အခြေအနေများနှင့်ပတ်သက်ပြီး ထည့်သွင်းဖော်ပြထားသည်ဟုသိရှိရသည်။

၎င်းအစီရင်ခံစာတွင် ရိုးရာဓလေ့မြေစီမံခန့်ခွဲမှု သဘောသဘာဝနှင့် စိန်ခေါ်မှုများ၊ ကယား(ကရင်နီ)ပြည်၏ မြေမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်သော တွေ့ရှိချက်များ၊

ဖြစ်စဉ်များအကြောင်း ဖော်ထုတ်ခြင်း၊ မြေလွတ်မြေလပ်နှင့်မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေ၏ခြိမ်းခြောက်မှုများနှင့် နောက်ဆက်တွဲစိန်ခေါ်မှုများ၊ ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့မြေစီမံခန့်ခွဲမှုကို အသုံးပြု၍ ကျေးရွာ၏မြေ၊ အရင်းအမြစ်နှင့် နယ်နမိတ်များကို စီမံခန့်ခွဲနေမှုပုံစံ၊ ကယား(ကရင်နီ)ပြည်၏ ဆက်လက်ဖြစ်ပေါ်နေသော မြေသိမ်းဆည်းခြင်းများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ မြေသိမ်းခြင်းဖြစ်ရပ်မှန်လေ့လာခြင်း၊ နိုင်ငံ၏မြေယန္တရားများနှင့် ကယား(ကရင်နီ)ပြည်ရှိ ဌာနေတိုင်းရင်းသားများအပေါ် ခြိမ်းခြောက်မှုများ၊ ဌာနေတိုင်းရင်းသားများ၏ မြေ၊ နယ်နမိတ်နှင့် အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးအသိအမှတ်ပြုမှုကို အမျိုးသားမြေအသုံးချမှုဝါဒမှတဆင့် ရှာဖွေခြင်း စသည့် ခေါင်းစဉ်များ ပါဝင်သည်။

လက်ရှိကယားပြည်နယ်အတွင်းတွင် မြေယာနှင့်ပတ်သက်၍ မတာရားဖမ်းဆီးတရားစွဲဆိုနေမှုများရှိနေသည့်အတွက် ဒေသခံတိုင်းရင်းသားများအတွက် ဥပဒေသည် အကာအကွယ် မပေးသကဲ့သို့ရှိနေကြောင်း၊ စစ်တပ်နှင့် အာဏာရှိနေသည့်သူများတွင်သာ လုပ်ပိုင်ခွင့်ရှိနေခြင်းသည် လက်ရှိအရပ်သားအစိုးရခေတ်မှာမဖြစ်သင့်ကြောင်း LAIN နည်းပညာအထောက်အကူပြုအဖွဲ့မှ ကိုကျော်ထင်အောင်က သုံးသပ်ပြောဆိုသွားပါသည်။

“ကျနော်တို့လိုလားတဲ့ ဖက်ဒရယ်အုပ်ချုပ်စီမံမှုကိုမရောက်ရှိနိုင်လောက်ပဲနဲ့ ပြည်ထောင်စုတဝန်းအာဏာတည်သည်ဆိုပြီးတော့မှ ပြည်ထောင်စုလွှတ်တော်ကပြဌာန်းတာသည်ကျနော်တို့ တောင်တန်းပြည်နယ်သည် ကျနော်တို့ပြည်နယ်မှာရှိနေတဲ့ လူတွေကိုမြေယာလက်လွှတ်ဖြစ်စေမဲ့အရေး ကျနော်တို့တွေရဲ့အနာဂတ်ပျောက်ဆုံးသွားမဲ့ အရေးအခင်းကိုပါဒါဥပဒေပြဌာန်းလာတယ်။” ၎င်းက ဆက်ပြောသွားပါသည်။

ထို့အပြင် လက်ရှိမြေယာဥပဒေသည် မြေသိမ်းယာသိမ်းဥပဒေဖြစ်ပြီး ၂၁ ရာစုငြိမ်းချမ်းရေးညီလာခံမှထွက်လာသည့် ပြည်ထောင်စုသဘောတူစာချုပ်ပါ မြေယာနှင့်ပတ်သက်၍သဘောတူထားသည့် အချက်များနှင့် တလွှဲစီဖြစ်ကြောင်း ထောက်ပြသွားပါသည်။

ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့ကို တရားဝင်အကာအကွယ်မပေးခြင်းသည် လက်ရှိဥပဒေအရ အဟန့်အတားဖြစ်စေပြီး စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း နှင့် ဌာနေတိုင်းရင်းသားများ၏ မြေအရင်းအမြစ် စီမံခန့်ခွဲမှုတွေကို ဆန့်ကျင်နေကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ဝ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ၎င်းအစီရင်ခံစာနှင့်ပတ်သက်သည့် အစီရင်ခံစာမိတ်ဆက်ခြင်းနှင့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

ထိုမှတဆင့် စစ်မှန်သော ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ဌာနေတိုင်းရင်းသားများ ရင်ဆိုင်နေရသည့် မြေနှင့်အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများကို ဦးစားပေးဖြေရှင်းပေးရန်၊ ဌာနေတိုင်းရင်းသားများ၏မြေနှင့် အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးများကို အသိအမှတ်ပြုလေးစားလိုက်နာရန်နှင့် အကာအကွယ်ပေး အကောင်အထည်ဖော်နိုင်ရန်အတွက် သဘောထားထုတ်ပြန်ချက်ခဲ့သည်။

“အဓိကတောင်းဆိုတာတော့ မြေယာကဏ္ဍပြုပြင်ပြောင်းလဲမှုတွေမှာ အစိုးရအနေနဲ့ ဆက်မလုပ်ဖို့ အဓိကပြောချင်တာတော့ ဥပဒေပညာတွေ အသစ်ပြဌာန်းတာတွေ ဆက်မလုပ်ဖို့ကို အဓိကတောင်းဆိုထားခြင်းဖြစ်တယ်။ နောက်တစ်ခုက ဖယ်ဒရယ်နည်းဥပဒေသစ်ပေါ်ထွက်ဖို့အတွက် အစိုးရကနေ လုပ်ဖို့ ပြီးတော့ လက်ရှိသိမ်းဆည်းမှုတွေ တရားစွဲဆိုမှုတွေ ရပ်သွားဖို့ကို အဓိက လူထုအသံကို ပြန်ထင်ဟပ်စေဖို့ သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်” ဟု စောအယ်စေးက ဆိုသည်။

ကရင်နီပြည်ရှိ ဌာနေတိုင်းရင်းသားများ၊ ဒေသခံတိုင်းရင်းသားများ၏ မြေနှင့်အရင်းအမြစ်စီမံခန့်ခွဲခြင်းစနစ်များ၊ အုပ်ချုပ်စီမံမှုစနစ်များကို အသိအမှတ်ပြု လေးစားလိုက်နာရန်၊မြေများကိုသိမ်းဆည်းခြင်း အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ခြင်းများ တရားစွဲဆိုခြင်းများကြောင့် ၎င်းတို့၏ဘဝလုံခြုံမှုနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေသည့်အတွက် တရားစွဲဆိုဖမ်းဆီးခြင်းများအား ချက်ခြင်းရပ်တန့်ပေးရန်၊ ရိုးရာဓလေ့များနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ပိတ်ပင်တားဆီးခြင်းများ၊ ကန့်သတ်ထားခြင်းများ မပြုလုပ်ဘဲ လွတ်လပ်စွာဆွေးနွေးပိုင်ခွင့်ရှိရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ကရင်နီပြည်သူပြည်သားများနှင့် ဌာနေတိုင်းရင်းသားများတို့၏ သဘောထားဆန္ဒမပါဘဲ ၎င်းတို့၏မြေ အရင်းအမြစ်နှင့်နယ်နမိတ်များကို ထိခိုက်ပျက်ဆီးစေမည့် ဆုံးဖြတ်ချက်ချခြင်း၊ လုပ်ပိုင်ခွင့်များ ချထားပေးခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ခြင်းမပြုရန်၊ ကရင်နီပြည်တွင် မြေလွတ်မြေလပ်နှင့် မြေရိုင်းလုံးဝမရှိပါ၊ ဌာနေတိုင်းရင်းသားများ ပိုင်ဆိုင်သော နယ်နမိတ်အတွင်းရှိ မြေနှင့် အရင်းအမြစ်များ၊ ၎င်းတို့၏စီမံခန့်ခွဲမှုစနစ်များကို ၎င်းတို့၏ သဘောတူညီချက်မရှိဘဲ နည်းလမ်းမျိုးစုံဖြင့် အတင်းအဓမ္မသိမ်းဆည်းခြင်းများ၊ ဖျက်ဆီးခြင်းနှင့် ပပျောက်အောင် လုပ်ဆောင်ခြင်းများ မပြုရန် နှင့် ဌာနေတိုင်းရင်းသားများ၏ မြေ၊ အရင်းအမြစ်နှင့် နယ်နမိတ်များကို အကာအကွယ်ပေးနိုင်မည့် စစ်မှန်သော ဖယ်ဒရယ်မြေဥပဒေသစ် သို့မဟုတ် ပြည်ထောင်စုမြေဥပဒေသစ်တစ်ရပ် မပေါ်ထွန်းမှီအထိ ဌာနေတိုင်းရင်းသားများ၏ မြေနှင့်အရင်းအမြစ်ကို ထိခိုက်ပျက်ဆီးစေမည့် ဥပဒေပြဌာန်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ သဘောတူညီမှု ပြုလုပ်ခြင်းနှင့် မြေလုပ်ပိုင်ခွင့်များကို ချထားခြင်း မပြုရန် စသည်တို့ပါဝင်သည်။

spot_img
spot_img

Recent posts