spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေသန္တာရအမိန့်ကြောင့် ဌာနေတိုင်းရင်းသားစာနှီးနှောဖလှယ်ပွဲ ကျင်းပရန်အစီအစဉ်မရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အစိုးရ၏ ဒေသန္တာရအမိန့်ကြောင့် ပြည်နယ်အတွင်းတွင် ဌာနေတိုင်းရင်းသားတို့၏ စာပေနှီးနှောဖလှယ်ပွဲဆက်လက်ကျင်းပရန် အစီအစဉ်မရှိတော့ကြောင်း ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အတွင်းရေးမှူဆရားညွန့်ရယ်က ပြောပါသည်။

“မလုပ်ချင်တော့တာ လုပ်မယ်ဆိုလည်း ဒီကယားပြည်နယ်မှာမလုပ်တော့ဘူး တခြားနေရာမှာပဲလုပ်မယ်။ တခြားပြည်နယ်မှာလုပ်မယ်။ တောင်ငူမှာလား၊ ရှမ်းတောင်မှာလားပေါ့။ ဒီမှာက အဆင်မှမပြေတာ။ လုပ်မယ်ဆိုဘယ်သူတွေပါမလဲ။ ဘယ်သူတွေပါတွေဆွေးနွေးကြမလဲ။ ဘယ်နှစ်ယောက်တက်ရောက်မလဲဆိုတဲ့ ဆိုတဲ့အသေးစိတ်တွေသူတို့တောင်းတယ်။ ဒါတွေက ကျနော်တို့ပေးစရာမလိုဘူးလေး။” ဟု ဆရာညွန့်ရယ်က ပြောပါသည်။

ပွဲအစီအစဉ်များကြိုတင်အသိပေးခြင်း၊ ခွင့်ပြုမိန့်ကြိုတင်တောင်းခံခြင်းစသည့် မလိုအပ်သည့် ကယားပြည်နယ်အစိုးရ၏ ဒေသန္တာရအမိန့်ထုတ်ပြန်ထားသည့်အချက်များက ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို အဟန့်အတားဖြစ်စေသည်ဟု ဆိုပါသည်။

“တကယ်ဆိုရင် ခံစားရတာပေါ့ဗျား၊ ကိုယ်က အရှိန်အဟုန်နဲ့ပြေးနေတဲ့အခါ ကျောက်တုံးနဲ့ခုလိုက်တော့ တွန့်သွားတာပေါ့။ တွန့်သွားတော့ ဆက်ရမယ့်ခရီးက ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်သွားတာပေါ့။” ဟုဆရာညွန့်ရယ်က ဆက်ပြောပါသည်။

ဌာနေတိုင်းရင်းသားတို့၏ စာပေနှီးနှောဖလှယ်ပွဲကို ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင် ကယားပြည်နယ် တိုင်းရင်းသားရေးရာလူမျိုးရေးဝန်ကြီးဌာန ၊ တိုင်းရင်းသားရေးရာ စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူးရုံးတွင် ကျင်းပပြုလုပ်ရန် သက်ဆိုင်ရာ တိုင်းရင်းသားစာပေအဖွဲ့များက စီစဉ်ခဲ့ကြရာ ပြည်နယ်အစိုးရက တားမြစ်ခဲ့သည်။

အစိုးရသတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး ဌာနေတိုင်းရင်းသားတို့က ရက်ရွှေ့ဆိုင်းရန် ပြန်လည်စီစဉ်ခဲ့ကြသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်းများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍများကို အလေးထားဆောင်ရွက်လျက် ရှိသည်ဟုလည်း ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဇူလိုင်လ ၂၃ ရက်နေ့ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

၎င်းတွေ့ဆုံပွဲတွင် ယခင် ဌာနေတိုင်းရင်းသားစာပေနှီးနှောဖလှယ်ပွဲကို ရွှေ့ဆိုင်းခိုင်းရခြင်းမှာ မိမိအနေဖြင့် ပူးပေါင်းဆောင်ရွက်လိုသည့်အတွက်ကြောင့်ဟု ပြောကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ကယောစာပေနှင့်ယဉ်ကျေးမှု ကော်မတီတာဝန်ခံ ဒေါ်အော်လေးဗီယာ ကပြောပါသည်။

“အဲဒီတုန်းက ရွှေ့ဆိုင်းခံရတော့ ဘာမှမပြောချင်ကြတော့ဘူးပေါ့။ မနေ့က အစိုးရနဲ့တွေ့ဆုံပွဲမှာတော့သူက ပူးပေါင်းပါဝင်ချင်တယ်။ အဲဒီတုန်းက ကပ်ပြီးဖိတ်စာလာပို့တဲ့အတွက် ရွှေ့ခိုင်းလိုက်ရတာဆိုတာတွေ သူပြောပါတယ်။”ဟု ဒေါ်အော်လေးဗီယာ ပြောပါသည်။

စာပေယဉ်ကျေးမှုနှင့်ပတ်သက်၍ မဖြစ်မနေလုပ်ရန် လိုအပ်နေသည့်အတွက် နှီးနှောဖလှယ်ပွဲကို မိမိတို့ဌာနေတိုင်းရင်းသားအနေဖြင့် ဦးဆောင်ကျင်းပခြင်းမပြုလုပ်တော့ဘဲ ပွဲကျင်းပနိုင်ရန် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာ စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ကို ဦးဆောင်ပေးသွားရန် ညှိနှိုင်းတိုင်ပင်သွားမည်ဟု ဒေါ်အော်လေးဗီယာ ဆက်ပြောပါသည်။

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုမြှင့်တင်ရန် သက်ဆိုင်ရာ တိုင်းရင်းသားကော်မတီအဖွဲ့များကိုလည်း လွှတ်တော်နှင့် တွေ့ဆုံရန် စီစဉ်ဆောင်ရွက်နေသည်ဟု ကယားပြည်နယ် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဌ ဦးသိန်းအောင်စဲရယ်က ပြောပါသည်။

“လောလောဆယ်မလုပ်ဖြစ်သေးဘူး။ အလုပ်ကမအားဘူး။ သူတို့ကို ကျနော်တို့က ခေါ်မလို့ဆို လွှတ်တော်ဥက္ကဌကလည်း မအားသေးတော့ မခေါ်သေးဘူး။” ဟု ဦးသိန်းအောင်စဲရယ်က ပြောပါသည်။

ပြည်နယ်အစိုးရထုတ်ပြန်ထားသည့် ဒေသန္တာရအမိန့်သည် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များမှ အစည်းအဝေးများ၊ တွေ့ဆုံပွဲများ၊ စကားဝိုင်းများ၊ သင်တန်းများ စသည့်ပွဲများပြုလုပ်လိုပါက ပြည်နယ်အစိုးရထံ ၁၅ ရက်ကြိုတင်ခွင့်ပြုမိန့်တင်ရသည်။ ၎င်းခွင့်ပြုမိန့်တွင် ပွဲအစီအစဉ်များ အသေးစိတ်တင်ပြရသည်။

ခွင့်ပြုမိန့်သည်များသည် များသောအားဖြင့် ပွဲကပ်မှသာလျှင် ပွဲမိန့်ပြုလုပ်ခွင့်ရ မရ သိရှိရသည့်အတွက် လုပ်ငန်းများစီစဉ်ရာတွင် အနှောင့်အယှက်အဟန့်အတားဖြစ်စေသည်။
သို့သော် အစိုးရဌာနဆိုင်ရာမှ ဦးစီးဦးဆောင်ပြုလုပ်သည့် ပွဲများတွင် ယခုကဲ့သို့ ပွဲမိန့်များတင်ပြစရာမလိုပေ။

spot_img
spot_img

Recent posts