ဖောင်စီးရင်း ရေငတ်သည့် ကယား(ကရင်နီ)ပြည်သူတို့၏ ရပိုင်ခွင့်

ဘိုထီး(ငွေတောင်ပြည်)ရေးသားသည်။

မနောစိတ်မှာကြည်နူးစရာအလွန်ကောင်းပြီး ရေတသွင်သွင် စီးဆင်းနေတဲ့ ရေတံခွန်ရှိ ကယား(ကရင်နီ)ပြည်နယ်ဟာ သံယံဇာတ ပေါများကြွယ်ဝသလို ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီဒေသမှာ နေထိုင်ကြတဲ့တိုင်းရင်းသား လူမျိုးစုတွေဟာ သံယံဇာတရဲ့အကျိုးအမြတ်၊ အနံ့ အရသာကို ဒီနေ့ဒီချိန်ထိ မြည်းစမ်းခွင့် မရကြပါဘူး။

ရိုးသားစိတ်ထားပြည့်ဝတဲ့ လူငယ်လူရွယ်တွေနှင့် နှုတ်ခမ်းနီပါးနီ မခြယ်သပဲ သဘာဝအတိုင်း လှပတဲ့ ကယားပျိုဖြူ မိန်းကလေးတွေဟာ အိမ်နီးချင်း ထိုင်းနှင့် မလေးရှားတို့မှာ သွားရောက်အလုပ်လုပ်ကိုင်ရင်းနဲ့ ကိုယ့်ရဲ့အနာဂတ်ဘဝအတွက် လှုပ်ရှား ရုန်းကန်နေတာကို တွေ့မြင်နေရပါတယ်။

ဒီလိုအခြေအနေတိုင်းသာ ရှေ့ဆက်သွားမယ်ဆိုရင် ကယားပြည်နယ်ဟာ ဒေသခံတိုင်းရင်းသားအတွက် အခြေချ နေထိုင်လုပ်ကိုင်စားသောက်ဖို့ ဒေသတစ်ခုမဟုတ်ပဲ ခေတ္တခဏသာ လာရောက် အနားယူအပန်းဖြေဖို့ နေရာတစ်ခုဖြစ်သွားမှာကို အလွန်ပဲ စိုးရိမ်မိပါတယ်။

ထိုင်းနိုင်ငံဟာ ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကယား(ကရင်နီ) တိုင်းရင်းသားလူမျိုးစုဖြစ်တဲ့ ကယန်း(ကြေးပတ်) အမျိုးသမီးတွေကို နှစ်စဉ်နှစ်တိုင်းအသုံးပြု နေရတာပါ။ ကယား(ကရင်နီ) တိုင်းရင်းသားတွေ တော်တော်များများထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်နေကြတာဟာ ကိုယ့်ရဲ့ဒေသအတွင်းသံယံဇာတ အခွင့်အရေးဆုံးရှုံးတာ တစ်ခုတည်းမဟုတ်ပဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေကြတဲ့ ကယား(ကရင်နီ) ပြည်သူတွေဟာ စိုက်ပျိုးရေးအတွက် အရင်းအနီးတွေ အခက်အခဲရှိရုံမကပါဘူး။ သီးနှံတွေ ရောင်းလို့မရတဲ့ ဒုက္ခလည်း ဒီနေ့ဒီအချိန်ထိ ဖြေရှင်းလို့မရသေးတာကို တွေ့ရှိရပါတယ်။

ကယားပြည်နယ်၏ သံယံဇာတ အခွင့်အရေးနှင့် ပြည်သူပြည်သား အလုပ်အကိုင် အခွင့်အရေး ဆုံးရှုံးရခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ပထမအချက်အနေနဲ့ ပြည်နယ်သံယံဇာတ အကျိုးအမြတ်ကို ပိုင်ဆိုင်လိုကြသော်လည်း သံယံဇာတများ ပျက်စီးဆုံးရှုံးခြင်းမရှိအောင် အတူတကွ ဝိုင်းဝန်းထိန်းသိမ်းလိုစိတ် မရှိခြင်း တို့ဖြစ်ပြီး၊ ဒုတိယချက်အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရမှ စစ်မှန်တဲ့ အခွင့်အရေး ရရှိနိုင်မယ်လို့ ခံယူထားတဲ့ ကိုယ်ကျိုးရှာ အခွင့်အရေးသမားအချို့ ကယားပြည်နယ် အတွင်းမှာ ရှိနေခြင်းတို့ပဲ ဖြစ်ပါတယ်။

ဘယ်သူမဆို အူမထောင့်မှ သီလ စောင့်နိုင်ကြသလို ကယားပြည်နယ်အတွင်း စစ်မှန်ပြီး တရားမျှတတဲ့ ငြိမ်းချမ်းရေးရရှိဖို့ဆိုရင် ကယားပြည်နယ်ပြည်သူ ပြည်သားလူငယ်လူရွယ်တွေ အလုပ်အကိုင်အခွင့်အရေး မဆုံးရှုံးဖို အလွန်ပဲ အရေးကြီးပါတယ်။

၂၀၁၅ ထွေထွေရွေးကောက်ပွဲ မတိုင်ခင်အချိန်ကာလဟာ မျှော်လင့်ချက်ရောင်ခြည် အလင်းတန်းတွေက ကယားပြည်နယ်အပေါ်မှာ အမှန်တကယ်ကျရောက်ခဲ့ပေမဲ့ ရွေးကောက်ပွဲအပြီးမှာတော့ အိပ်မက်ထဲက လန့်ပြီးနိုးလာတဲ့အတိုင်းပဲ မျှော်လင့်သလို ဘာမှဖြစ်မလာ ခဲ့ပါဘူး။

လွှတ်တော်ကိုယ်စားလှယ်အချို့ရဲ နိုင်ငံရေး အတွေ့အကြုံနည်းပါးမှုတွေဟာ အလုပ်အကိုင်အခွင့် အလမ်းဆုံးရှုံးနေတဲ့ ကယားပြည်နယ်ပြည်သူတွေကို ရေနစ်သူဝါးကူထိုးတဲ့ ဘဝရောက်အောင် တွန်းပို့စေခဲ့တာပါ။

ဘီလူးချောင်းထဲရေနှင့် ဧရာဝတီမြစ်ထဲက ရေဟာရေချင်းတူပေမဲ့ မြို့တော် နေပြည်တော်မှာ ရောင်စုံမီးတွေ လင်းထိန်နိုင်ဖို့အတွက် ဘီလူးချောင်းရေကပဲ လုပ်ဆောင်ပေးနိုင်တယ်ဆိုတာကိုတော့ အသိအမှတ်ပြုပေးဖို့ နေပြည်တော်အစိုးရဆီကို သံတော်ဦးတင်လျှောက်ထားချင်ပါတယ်။

တရုတ်ပြည်မြို့တော်ပေကျင်းဟာ အာရှမှာ အခရာကျတဲ့ မြို့တစ်မြို့ဖြစ်ပေမဲ့ ပေကျင်းမြို့သူမြို့သားအတွက် အင်မတန် တန်ဖိုးရှိလှတဲ့ ကျွန်းသစ်ကိုတော့ ကယားပြည်နယ် ဘောလခဲမြို့ကပဲ မကြာခဏပို့ပေးရတယ် ဆိုတာသိရှိနိုင်ဖို့ အရပ်သားအစိုးရမှာများစွာ တာဝန်ရှိပါတယ်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို အကြောင်းပြုပြီး ကယားပြည်နယ်ရဲ့ သံယံဇာတတွေကို တစ်ဖြည်းဖြည်းချင်းထုတ်ယူသုံးစွဲနေမယ်ဆိုရင် အစိုးရအနေနဲ့ ကယားပြည်နယ်ပြည်သူ/သားနှင့်အတူ ရှိချင်ရှိမယ်။ ကယားပြည်နယ်ပြည်သူ/သားအနေနဲ့ အစိုးရနှင့် အတူ ဆက်လက်ရှိနေဖို့ဆိုရင် လွယ်ကူမှာမဟုတ်ပါဘူး။ လက်ရှိကယားပြည်နယ်ပြည်သူ/သားတွေနှင့် လူငယ်လူရွယ်တွေအလိုအပ်ဆုံးအရာဟာ အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးမည့် အဖွဲ့အစည်း တစ်ခုပေါ်ပေါက်လာဖို့ပဲဖြစ်ပါတယ်။

ဘီလူးချောင်းရေအားလျှပ်စစ်စီးမံကိန်းသည် ကယားပြည်နယ်ပြည်သူများအခွင့်အရေး ရရှိရန် ရည်ရွယ်ပြီး ထုတ်လုပ်သည့် စီမံကိန်းတစ်ခုမဟုတ်ပါ။ မြန်မာနိုင်ငံမြို့ကြီးများတွင် မီးလင်းနိုင်ရေးအတွက် ရည်ရွယ်ပြီးထုတ်လုပ်သော စီမံကိန်းသာဖြစ်ပါတယ်။

ဤသို့ဆိုလျှင် ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းသည် ကယားပြည်နယ်အတွင်း ဗဟိုချုပ်ကိုင်မှုစနစ် ရှင်သန်ရေးအတွက် ရည်ရွယ်ထုတ်လုပ်သော စီမံကိန်းဖြစ်သည်မှာ သိသာထင်ရှားနေပါတယ်။ ဒေသခံပြည်သူနှင့် လူငယ်လူရွယ်တွေ အလုပ်အကိုင်ရရှိဖို့အတွက် စီမံကိန်းတွေ မတည်ဆောက်နိုင်တာဟာ အောက်ခြေလူတန်းစားရဲ့ ဆန္ဒကိုဦးစားပေးတဲ့အစိုးရ တစ်ရပ်ဒီနေ့ထိမပေါ်ပေါက်သေးလို့ပဲ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် ဇန်နန်ဝါရီလ (၄)ရက်နေ့မှာ တာဝန်ရှိသူတွေက လွတ်လပ်ရေးကြေညာ စာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာစာတမ်းကတော့ “ငါတို့သည် တစ်မျိုးတစ်ဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား” ဟူ၍လည်းကောင်း၊ “မည်သူတစ်ဦးတစ်ယောက်တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူအကျိုးခံစားသော နိုင်ငံမဟုတ်” ဟူ၍လည်းကောင်း၊ “တူညီသောတရား၊ တူညီသော အခွင့်အရေးအားဖြင့် လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော” ဟူ၍လည်းကောင်း ရေးသားထားတာကို ဖတ်ရပါတယ်။
နို

နိုင်ငံတော်အစိုးရအနေနှင့် ကယားပြည်နယ်ပြည်သူတွေရဲ့ အခွင့်အရေးကိုပေးနိုင်မည့်အာမခံ ချက် တစ်စုံတစ်ရာ ဖန်တီးပေးနိုင်ခြင်းမရှိဘူးဆိုရင် ဒေသခံတိုင်းရင်းသာဘက်က ရွေးချယ်စရာ နည်းလမ်းတစ်ခုပဲရှိပါတယ်။ အဲဒီနည်းလမ်းကတော့ တစ်ချိန်တုန်းက သီးခြားလွတ်လပ်စွာ နေထိုင်ခွင့်ရှိတဲ့ ကရင်နီပြည်နယ်ဆီကို အတူတကွပြည်လည်နေထိုင်ခြင်းသာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Comments

comments

Next Post

စက်တင်ဘာလ ၂၀၁ရ ကနာ္တရဝတီတိုင်း(မ်) ကာတွန်း

Fri Sep 8 , 2017
              Comments comments