မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူပြည်သားတွေဟာ ဘဝတစ်ခုတိုးတက်အောင်မြင်ဖို့အတွက် နေ့မအား ညမအားသွားလာလှုပ်ရှား ရုန်းကန်နေကြတာကို တွေ့ရှိပါသည်။
ကျားကြီး ခြေရာကြီးဆိုတဲ့စကားအတိုင်း စားဝတ်နေရေး အသင့်အတင့်ပြေလည်တဲ့ လူတွေဟာ တစ်နေ့လုပ် တစ်နေ့စား လူတွေထက် တိုးတက်အောင်မြင်ဖို့ကို ပိုပြီး လိုလားသလို စီးပွားရေး အခြေခံ ကောင်းများရှိသူတွေဟာလည်း တိုးတက်အောင်မြင်မှု ပေါင်း သောင်းခြောက်ထောင်ရရှိဖို့ိကို လိုလားနေကြပါသည်။
အချိန်ကုန် ငွေကုန် အပင်ပန်းခံပြီး ဘဝတိုးတက်အောင်မြင်မှုအတွက် ရုန်းကန်ကြိုးပမ်း နေပါလျက်နဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော် သစ်တစ်ခုကို ဒီနေ့ဒီချိန်ထိ မတည်ဆောက်နိုင်တာ ဘာကြောင့်ပါလဲ။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်သစ် တစ်ခုကို မတည်ဆောက်နိုင်တဲ့ အဓိက အကြောင်းရင်းကတော့ ဒီမိုကရေစီနှင့် ကိုက်ညီပြီး နည်းလမ်းမှန်ကန်တဲ့ အောင်မြင်မှုကို ရရှိဖို့ထက် ဒီမိုကရေစီ နှင့် ကိုက်ညီမှု မရှိသလို နည်းလမ်း မှန်ကန်မှုမရှိတဲ့ အောင်မြင်မှုကိုသာ ဦးစားပေးပြီး ရှာဖွေလုပ်ဆောင်နေလိုပဲ ဖြစ်ပါတယ်။
တစ်ပါးသူအပေါ်မှာ အမြဲမေတ္တာထားတဲ့ သူတွေရရှိတဲ့ တိုးတက်အောင်မြင်မှုဟာ နည်းလမ်းမှန်ကန်မှုရှိတဲ့ အောင်မြင်မှုဖြစ်ပြီး တစ်ပါးသူထက်ကိုယ့်ကိုယ်ကိုသာ ပိုပြီးမေတ္တာထားတဲ့သူက ရရှိတဲ့ အောင်မြင်မှုဟာ နည်းလမ်းမှန်ကန်မှု မရှိတဲ့ အောင်မြင်ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မိးသားစုအပေါ်မှာ ကိုယ်က အမြဲမေတ္တာထားမယ်ဆိုရင် ကိုယ်ဟာ အတိုးတက်ဆုံး လူတစ်ယောက် ဖြစ်လာနိုင်သလို ကိုယ့်ရဲ့ ရပ်ကွက်မှာ ကိုယ်ဟာ အတိုးတက်ဆုံး ဖြစ်ချင်တယ်ဆိုရင် ရပ်ကွက်သူရပ်ကွက်သားအပေါ်မှာ ကိုယ်ကအမြဲမေတ္တာထားနိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။
လောကမှာ ထူးခြားတဲ့ တိုးတက်အောင်မြင်မှုရရှိဖို့ဆိုရင် တစ်ပါးသူအပေါ်မှာ မေတ္တာ စေတနာထားရှိတာကလွဲရင် အခြားရွေးချယ်စရာ နည်းလမ်း မရှိတော့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဦးသန့်တို့ဟာ မြန်မာမှာ သာမကပဲ ကမ္ဘာကပါ လေးစားရတဲ့ ခေါင်းဆောင်တွေ ဖြစ်ခဲ့တာဟာ မြန်မာပြည်သူပြည်သားအပေါ်မှာ ထားရှိတဲ့ မေတ္တာ စေတနာစိတ်တွေ သူတို့မှာ အပြည့်အဝရှိခဲ့လို့ပဲ ဖြစ်ပါတယ်။
ဖဆပလ ခေတ်တုန်းက ဝန်ကြီးချုပ် တာဝန်ယူထားတဲ့ ဦးနုဟာ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် တစ်ဦး မဟုတ်သလို မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲဝင်ရဲဘော် သုံးကျိပ်ထဲက ခေါင်းဆောင်တစ်ဦးလည်း မဟုတ်ခဲ့ပါဘူး။ နိုင်ငံရေးခေါင်းဆောင်တစ်ဦး မဟုတ်တဲ့ ဦးနုဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာနိုင်ခဲ့တာဟာ မြန်မာနိုင်ငံသူနိုင်ငံသားအပေါ်မှာ ထားရှိတဲ့ သူ့ရဲ့မေတ္တာ စေတနာ စိတ်ထားတစ်ခုတည်းကြောင့်သာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ နာရေးကူညီမှုအသင်းဟာ တိုးတက်အောင်မြင်မှု တစ်ခုကို ရရှိထားတဲ့ အဖွဲ့တစ်ဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုကို ရရှိတာဟာ သူတို့မှာ စီးပွားရေး အခြေခံကောင်းရှိခဲ့လို့ မဟုတ်ပါဘူး။ မေတ္တာ စေတနာစိတ်ထားတစ်ခုတည်းကိုသာ အခြေခံတာကြောင့် အောင်မြင် တိုးတက်မှုကိုရရှိတာ ဖြစ်ပါတယ်။
“သံသရာမှာ အတုံ့အလှည့်မရှိစေဖို့ အားလုံးကို သင်ပုန်း ချေထားပါတယ်” လို့ ပြောတဲ့သူကတော့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ပဲ ဖြစ်ပါတယ်။ ဦးဆန်းဆင့်ဟာ သာသနာရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်မှာ အစိုးရ အဖွဲ့အစည်း အချို့နှင့် သဘောထားကွဲလွဲခဲ့တာကြောင့် ထောင်ဒဏ် ၁၃နှစ် ချခံရတဲ့သူဖြစ်ပါတယ်။
ဦးဆန်းဆင့်ထောင်ထဲမှာ နေတဲ့အချိန် သူချစ်ခင်မြတ်နိုးခဲ့တဲ့ ဧရာဝတီတိုင်းက ပြည်သူပြည်သားတွေနှင့်အတူ မေတ္တာစေတနာထားရှိခဲ့တဲ့ အနယ်နယ်အရပ်ရပ်က ဆရာတော် သံဃာတော်တွေက ဦးဆန်းဆင့်လွတ်မြောက်ဖို့ အတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ သွားရောက်မေတ္တာရပ်ခံခဲ့တာကြောင့် ဦးဆန်းဆင့်ဟာ ထောင်ထဲမှာ ၁၃နှစ်မနေရဘဲ ၃နှစ်မပြည့်မှီ ၁၄.၅.၂၀၁ရ (၂၁)ရာစုပင်လုံဒုတိယ ငြိမ်းချမ်းရေးညီလာခံ ကျင်းပတဲ့နေ့မှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
သာသနာဝန်ကြီးဟောင်းဦးဆန်းဆင့်ဟာ ထောင်ထဲမှာ ၁၃နှစ်မနေရပဲ ၂နှစ်ခွဲကျော်လောက်ပဲနေရတာဟာ သူ့မှာရှိတဲ့ မေတ္တာ စေတနာစိတ်က သူ့ကိုပေးတဲ့ ထူးခြားတဲ့အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဦးဆန်းဆင့်ဟာ မြန်မာ့တပ်မတော် တာဝန်ထမ်းဆောင်စဉ်ကတည်းက မေတ္တာ စေတနာစိတ်ထားအပြည့်အဝ ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဆိုလိုချင်တာက သာမန်ပြည်သူတွေထက် မေတ္တာ စေတနာပိုပြီးထားရှိတဲ့ သူဟာ မြန်မာ့တပ်မတော် အကြီးအကဲတွေမှာ မြောက်များစွာရှိတယ်ဆိုတာကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။
အမှန်ဖြစ်သင့်တာက လက်နက်ကိုင်ကာကွယ်ရေး အဖွဲ့အစည်းထက် ပြည်သူတွေကြားမှာ မေတ္တာ စေတနာစိတ်ထားရှိရမည့် အစား ပြည်သူကိုယ်တိုင် တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်ထားရှိမှု အလွန်အားနည်းတာကြောင့် ယနေ့အချိန်ထိ မြန်မာ့ဒီမိုကရေစီ ခရီးလမ်းဟာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်ခဲ့ရတာပါ။
လက်ရှိအရပ်သား အစိုးရလက်ထဲမှာ ၂၀၀၈ အခြေခံဥပဒေအပေါ် ဝေဖန်ထောက်ပြတဲ့ လေသံတွေ တစ်ဖြည်းဖြည်း ကျယ်လာတာကို ကြားသိရပါတယ်။ အခြေခံဥပဒေကို ဝေဖန်ထောက်ပြတဲ့ သူတွေရဲ့ စိတ်ထဲမှာ မေတ္တာ စေတနာ အမှန်တကယ်ရှိတယ်ဆိုရင် ဥပဒေကို ဝေဖန်တာထက် ဥပဒေဘာကြောင့် ပေါ်ပေါက်လာရတယ်ဆိုတာကို ဦးစွာ လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။
၂၀၀၈အခြေခံဥပဒေ ပေါ်ပေါက်လာရတဲ့ အဓိကအကြောင်းရင်းထဲမှာ ပြည်သူအချင်းချင်း တစ်ဦးအပေါ်တစ်ဦး မေတ္တာ စေတနာ ထားလိုစိတ်မရှိတာဟာ အဓိကကျဆုံး အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ တစ်ပါးသူအပေါ် အမြဲ မေတ္တာ စေတနာစိတ်ထားတဲ့သူဟာ သူ့အတွက် အဖော်ကောင်းတစ်ဦးတစ်ယောင်မျှ မရှိဘဲ လောကအခက်အခဲကို အလွယ်တကူ ကျော်ဖြတ်နိုင်ပါတယ်။
တစ်ပါးသူထက် ကိုယ့်ကိုယ်ကိုသာ ပိုပြီး မေတ္တာ စေတနာ ထားတဲ့သူဟာ ငွေကြေးဥစ္စာ ဘယ်လောက်ပဲချမ်းသာပါစေ လောကအခက်အခဲကို ကျော်လွှားနိုင်ဖို့ လွယ်ကူပါဘူး။ ဒါတွေမကသေးဘူး။ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ သူ့ရဲ့စိတ်ထဲမှာ အမြဲရှိတတ်ကြပါတယ်။
စစ်မှန်ကောင်းမွန်တဲ့ အောင်မြင်မှုတစ်ခုကို လူတိုင်းရယူချင်ကြပေမဲ့ တစ်ပါးသူအပေါ် မေတ္တာ စေတနာထားရှိတာတွေကို မလုပ်ကြတာဟာ နေ့စဉ်နေ့တိုင်းရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အဆုံးမသတ်နိုင်အောင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
ရှိသမျှသော လူသားအားလုံး ဒီမိုဂရေစီစနစ်နှင့် ကိုက်ညီပြီး စစ်မှန်ကောင်းမွန်တဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ဖို့အတွက် မေတ္တာနှင့်ယှဉ်ပြီး စေတနာသဒ္ဒါတရားပွါးများသည့် လူ့အဖွဲ့အစည်းတစ်ခုကို အတူတကွ တည်ဆောက်ကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။
ဘိုထီး(ငွေတောင်ပြည်) ရေးသားသည်။