spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မော်ချီးဒေသရှိအန္တရာယ်ဇုံတွင် မနေရန်သတိပေးထားသော်လည်း စားဝတ်နေရေးအရ ဆက်လက်လုပ်ကိုင်သူများရှိနေ

Author

Date

Category

နော်ဒွေးအယ်ခူ

ကယား(ကရင်နီ)ပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသ သတ္တုမိုင်းဧရိယာအတွင်း အန္တရာယ်ဇုံအဖြစ်သတ်မှတ်ထားသည့်နေရာများတွင် နေထိုင်ကြသည့်သူများကို ရွှေ့ပြောင်းနေထိုင်ရန် သတိပေးထားသော်လည်း စားဝတ်နေရေးအရ ဆက်လက်လုပ်ကိုင်နေကြသူတချို့ကို မြင်တွေ့ခဲ့ရသည်။

ခဲကျင်းတူးဖော်မှု ပိတ်ထားသည်ဟုဆိုသော်လည်း စားဝတ်နေရေးအခက်အခဲများကြောင့်နှင့် တခြားနေရာတွင် လုပ်ကိုင်စားသောက်ရန် နေရာမရှိသည့်အတွက် ကျင်းများ၊ တောင်စောင်းများတချို့တွင် ဆက်လက်တူးဖော်၊ နေထိုင်လုပ်ကိုင်နေကြသူများနှင့် ဈေးဆိုင်များလည်းရှိနေသည်ဟု ကန္တာရဝတီတိုင်း(မ်) သတင်းထောက်များ သွားရောက်လေ့လာခဲ့စဉ် မြင်တွေ့ခဲ့ရခြင်းသည်။

” တာဝန်ရှိသူတွေက သူတို့ကိုမနေခိုင်းဘူးပြောတယ်။ အန္တရာယ်ကာကွယ်ရေးစာတန်းတွေလည်း တွေ့ရတယ်။ ဒါပေမယ့် သူတို့ရဲ့ စားဝတ်နေရေးလည်းရှိနေသေးတော့ ဈေးဆိုင်တွေဆို နေ့ဘက်မှာလာရောင်းတယ်။ ညဘက်ဆို တခြားပြန်အိပ်ကြတယ်လို့ပြောကြတယ်။” ဟု မော်ချီးဒေသသို့ သွားရောက်လေ့လာခဲ့သည့် သတင်းထောက် ကရင်နီသူ က ပြောပါသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းတွင် တာဝန်ရှိသူများက KB1 အပေါ်ဘက် ခဲကျင်းလုပ်ကွက်ကို သွားရောက်စစ်ဆေးကြည့်ရာ ကျောက်ကြားများ ကွဲအက်နေသည်ကို တွေ့ရှိခဲ့သည့်အတွက်ကြောင့် ခဲကျင်း ဆက်မလုပ်ရန် တားမြစ်ခဲ့သည်ဟု (၁၃)ကုန်းမှ ရာအိမ်မှူး ဦးဆန်းဝင်းက ပြောသည်။

“လူတွေတော့ ဖယ်ရှားခိုင်းတာပေါ့။သူတို့ လွတ်ရာကင်းရာကို နေကြဖို့ ထိုင်ကြဖို့ပေါ့။ အန္တရာယ်ဖြစ်နိုင်တဲ့ နေရာကို မနေဖို့ လိုက်လံပြီးတော့လည်း အော်လံတွေနဲ့အော်တယ်၊ တောင်ပေါ်ဖက်ကလည်း အော်တယ်၊ ဒီဖက်ကလည်းအော်တယ်၊ အသိလိုက်ပေးထားတာပေါ့။ ကျင်းတွေကော ကျင်းထဲပတ်ဝန်းကျင်တွေကော အဲလိုမျိုးပေါ့။ အန္တရာယ်ရှိနိုင်တဲ့နေရာကို မနေခိုင်းဘူး” ဟု ဦးဆန်းဝင်းက ပြောပါသည်။

လက်ရှိမှာတွင် KB1 အပေါ်ဖက် ကျင်းများကို မိုးရာသီကာလအတွင်း ခဲတူးသည့် လုပ်ငန်းများ ပိတ်ထားသည်ဟု ကျင်းပိုင်ရှင်တစ်ဦးဖြစ်သူက ပြောပါသည်။

“ပွင့်လင်းရာသီရောက်မှသိမှာပေါ့။ ပွင့်လင်းရာသီမရောက်သေးဘူးဆိုရင်တော့ အဲ့အတိုင်းပဲထားရအုံးမှာ ပွင့်လင်းရာသီရောက်မှ ရပ်ကွက်ကလူတွေနဲ့ပေါ့ အလုပ်ပြန်လုပ်မှာပေါ့” ဟု ပြောပါသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အန္တရာယ်ဇုံ သတ်မှတ်ထားသည့် ၈ နေရာထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ယူကော်ခို(၁၃)ကုန်း ရပ်ကွက်၏ KB1 အပေါ်ဖက် ခဲကျင်းများ မြေပြိုမှု၊ တောင်ပြိုမှုဖြစ်ပွားခဲ့သည်။

မြေပြိုသည့်နေရာတွင် လူသေလူပျောက်မရှိသော်လည်း လူနေအိမ်အချို့၊ အိမ်စီးကား၊ လုပ်ကွက်တဲကျင်းတချို့ ပျက်စီးသွားခဲ့သည်ဟုသိရသည်။

မော်ချီးဒေသ သတ္တုမိုင်းဧရိယာ KB1 ခဲကျင်းလုပ်ငန်းများကိုဆက်လက်တူးဖော်လုပ်ကိုင်မည်ဆိုပါက အောက်ပိုင်းတွင် နေထိုင်သည့်ယူးကော်ခို(၁၃)ကုန်း ရပ်ကွက်နေ ဒေသခံများကို ထိခိုက်မှုများ ရှိလာနိုင်သည့်အတွက် စိုးရိမ်မှုများရှိနေကြသည်။

၁၃ကုန်း ဒုရာအိမ်မှူး ဦးစောနေသားက “ မိုးကြီးကြီးရွာတယ် နိုးနိုးကြားကြားနေကြပါ ဆိုတဲ့သတင်းကို လိုက်အော်ပေးရတာ အဲ့လို ဘာဖြစ်လဲဆိုရင် ဒို့ရွာက အန္တရာယ်ဖြစ်မှာစိုးလို့ ကြိုတင်ကာကွယ်ပြီး အော်ပေးတာ” ဟု ပြောပါသည်။

အန္တရာယ်ဇုန်များမှာ မော်ချီးဒေသ၏ အောင်ချမ်းသာရပ်ကွက်နှင့် ရတနာအောင်မြေရပ်ကွက်မှာ ၅ နေရာ၊ ယူးကော်ခို(၁၃)ကုန်းတွင် ၃ နေရာ၊ စုစုပေါင်း ၈ နေရာ ရှိသည်ဟု မော်ချီးဒေသ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

spot_img
spot_img

Recent posts