spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှေ့လည်းမတိုး၊ နောက်လည်းမဆုတ်တဲ့ ကယား(ကရင်နီ)ရဲ့ ငြိမ်းချမ်းရေး

Author

Date

Category

KNPP နှင့် PC လွိုင်ကော်မြို့ ဧပြီ ၂၆ နှင့် ၂ရ ရက်နေ့တွင် ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

မော်ဦးမြာ ရေးသားသည်။

ကယား( ကရင်နီ) ပြည်နယ်သည် လက်ရှိအခြေအနေတွင် အခြားသော ပြည်နယ်များထက် ငြိမ်းချမ်းနေသည့် ပြည်နယ်ဟု ဆိုရပေမည်။

လူဦးရေ ၃ သိန်းကျော် ရှိသည့် ကယား ( ကရင်နီ) ပြည်နယ်အတွင်းတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP ) အပါအဝင် စစ်အစိုးရခေတ်က ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်များ (၇) ဖွဲ့လောက် ရှိနေသည်။

စစ်အစိုးရခေတ်ကတည်းက ငြိမ်းချမ်းရေးယူထားကြတဲ့ အဖွဲ့များသည် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မရှိကြတော့ပဲ မိမိတို့ အကျိုးစီးပွားရေးများသာ ဦးစားပေး လုပ်ကိုင်ကြသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP)ကမူ ၎င်း မျှော်မှန်းထားသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအခင်းအကျင်းရရှိရေး  လက်ရှိအစိုးရနှင့် ဆွေးနွေးနေဆဲဖြစ်သည်။

KNPP သည် အမျိုးသား ခုခံတော်လှန်ရေးကို ၁၉၄၈ ခုနှစ် ဩဂုတ်လ (၉) ရက်နေ့ကတည်းက စတင်ဆင်နွဲခဲ့သည့် တော်လှန်ရေး အဖွဲ့အစည်းဖြစ်သည်။

တရားဝင်ဆွေးနွေးခဲ့ကြသည့် ငြိမ်းချမ်းရေးပွဲများ

၁၉၉၅ ခုနှစ် မတ်လတွင် တပ်မတော်ထောက်လှမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သော်လည်း ( ၃) လသာ ခံပြီး ပျက်ပျယ်ခဲ့ရကာ တိုုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရသည်။

ထို့နောက် ၂၀၁ဝ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ဦးသိန်းစိန်အစိုးရတက်လာသည့်အချိန် KNPP နှင့် အစိုးရအကြား ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ကြိမ်နှင့် ပြည်ထောင်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၃) ကြိမ် စုစုပေါင်း (၄) ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ပြည်နယ်အဆင့် ပဏာမ အပစ်ခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ် မတ်လ (၇) ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ပြည်နယ်အဆင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ပဏာမသဘောတူညီချက် (၂၀)ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ့ဆုံမှုများကို ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် အချက် ၁၄ ချက်သဘောတူဆွေးနွေးခဲ့ကြသည်။

ဒုတိယအကြိမ်ကို ၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ၊ ၂ဝ ရက်နေ့တွင် အချက် ၈ ချက် ၊ တတိယအကြိမ်ကို ၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၂ ၊ ၂၃ ရက်နေ့တွင် အချက် ၉ ချက် သဘောတူဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၂၉ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

KNPP တပ်ဖွဲ့ဝင်အချို့

တတိယအကြိမ်ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများမှာ

(က) လေ့လာစောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းရန်ကိစ္စ၊
(ခ) မူးယစ်ဆေးဝါးပူးတွဲ တိုက်ဖျက်ရေးကိစ္စ၊
(ဂ) တပ်ပိုင်းဆိုင်ရာ ၊
(ဃ) ဒေသဖွံ့ဖြိုးရေးကိစ္စ
(င) စီမံကိန်းများဆောက်လုပ်သည့်ကိစ္စ၊
(စ) IDP ကိစ္စ
(ဆ) မြေမြှပ်မိုင်းရှင်းလင်းရေးကိစ္စ၊
(ဇ) ဆက်ဆံရေးရုံးကိစ္စ ၊
(ဈ) နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန်ကိစ္စ၊
(ည) နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆွေးနွေးရေးကိစ္စ၊ တို့ကို ဆွေးနွေးခဲ့ကြသည်။

KNPP နှင့် PC လွိုင်ကော်မြို့ ဧပြီ ၂၆ နှင့် ၂ရ ရက်နေ့တွင် ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

၎င်းအစည်းအဝေးဆုံးဖြတ်ချက်များမှာ

၁။ (က) ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် သဘောတူညီချက်ပါ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Monitoring Committee ) အားပုဂ္ဂိုလ် (၁၀)ဦးဖြင့် ဖွဲ့စည်းမှုကို နှစ်ဖက် သဘောတူ အတည်ပြုသည်။

(ခ) နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး (Nationwide Ceasefire Accord) ဆက်လက် ဆောင်ရွက်နိုင်ရန်နှင့် အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကြီးသို့ ရောက်ရှိလာရေး ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။

(ဂ) ပြည်သူလူထုတစ်ဦးချင်းဖြစ်စေ ၊ အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ တိုင်ကြားလာသည့် တိုင်ကြားစာများအားလုံးကို လက်ခံအရေးယူဆောင်ရွက်ပေးရန် သဘောတူသည်။

၂။ မယ်စဲ့မှ ဘီပီ(၁၃) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံရေးအား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) မှ ကူညီဆောင်ရွက်ပေးရန် သဘောတူသည်။
၃။ Internally Displaced Persons (IDP) များအတွက် Pilot Project ကိုပူးပေါင်းလုပ်ဆောင်ရန် သဘောတူသည်။

(နေရပ်ပြန်လည်နေထိုင်လိုသူများ၏ သဘောထားဆန္ဒနှင့်အညီ ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လာနိုင်ရေးနှင့် ယင်းတို့၏ လုံခြုံရေးကို တာဝန်ယူဆောင်ရွက် ပေးနိုင်မှုအပေါ် အခြေခံပြီး ရှားတောမြို့နယ်တွင် စတင်ဆောင်ရွက်ရန် သဘောတူသည်။)

၄။ မြေမြှပ်မိုင်း ရှင်းလင်းရေးအတွက် Myanmar Mine Action Center က အပြည်ပြည်ဆိုင်ရာ စံနှုန်းများအရ ရေးသားထားသည်နှင့်အညီ နှစ်ဖက်တာဝန်ရှိသူများမှ ပူးတွဲ ဆောင်ရွက်သွားရန် သဘောတူသည်။

၅။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တပ်ဖွဲ့ဝင်များ၏ မိသားစုများအတွက် စားဝတ်နေရေးကိစ္စရပ်များကို ဆောင်ရွက်ရာ၌ နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးရန် သဘောတူသည်။

၆။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၁၃ – ၁၄ ဘဏ္ဍာရေးနှစ်မှစ၍ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးအား ငွေလုံးငွေရင်းဖြင့် စတင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အတွင်းတွင်လည်း သတ်မှတ်လျာထားချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရန် သဘောတူသည်။

၇။ အမှတ်(၁၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းအနီး ဖရူဆိုမြို့နယ်အတွင်းရှိ ဒေါလောခူကျေးရွာနှင် လောခူးခူ ကျေးရွာ (၂) မီးရရှိရေးအား ကယားပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မွေးမြူရေး ၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတို့မှ ပေါင်းစပ်ညှိနှိုင်း၍ အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် သဘောတူသည်။

အထက်ပါအချက်များမှာ တတိယအကြိမ် ၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၂၊၂၃တွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့်အကြောင်းအရာများသာဖြစ်သည်။

ဦးသိန်းစိန်အစိုးရတက်လာသည့် အချိန်မှစပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးခဲ့စဉ်မှာ ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ( Bilateral Agreement ) နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြတဲ့ ဖြစ်စဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်၊ မတ်လ (၇) ရက်နေ့ကနေ ၂၀၁၃ ခုနှစ် ဇွန်လ အထိ တိုက်ပွဲ တစ်ကြိမ်သာ ဖြစ်ပွားခဲ့ပါသည်။

ပြည်ထောင်စုအဆင့် KNPP ငြိမ်းချမ်းရေးဖြစ်စဉ်

ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ( Bilateral Agreement )ကို အစိုးရနှင့် KNPP နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် KNPP သည် တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း ၁၆ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ( NCCT) ဖွဲ့စည်းတွင် ပါဝင်လာခဲ့သည်။

( NCCT ) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ( UPWC) တို့သည် “တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်” NCA ကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် သဘောတူညီမှုရရှိခဲ့သည်။

ကေအဲန်ပီပီနှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လွိုင်ကော်တွင် ၂၀၁၃ ခုနှစ်က ကျင်းပခဲ့စဉ်။ ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်)

NCA ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံရေးလမ်းပြမြေပုံအရ

(က) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးရပ်စဲရေးဆိုင်ရာစာချုပ်
လက်မှတ်ရေးထိုးခြင်း။

(ခ) အစိုးရကိုယ်စားလှယ်များ နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက
“နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်” (The framework for Political Dialogue)
ကို ရေးဆွဲ သဘောတူညီမှုရယူခြင်း။

(ဂ) ထိုမူဘောင်ကိုအခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊
လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို
ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက်သဘောတူညီသော ကြိုတင်
ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း။

(ဃ)ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပခြင်း။

(င) ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်း။

(စ) ပြည်ထောင်စုလွှတ်တော်သိုု့တင်သွင်း၍ အတည်ပြုချက်ရယူခြင်း။

(ဆ) “တိုင်းရင်းသားလူမျိုးများဆိုင်ရာပြည်ထောင်စုသဘောတူစာချုပ် (Pyidaungsu
Accord)” ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းနှင့် လုံခြုံရေး
ဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ အကောင်အထည်
ဖော်ဆောင်ရွက်ခြင်း။ တို့ပင်ဖြစ်သည်။

နိုင်ငံရေးလမ်းပြမြေပုံအရ ပထမအဆင့်သည် NCA လက်မှတ်ရေးထိုးရန်ဖြစ်သော်လည်း ယခုချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) သာထိုးသည်။ ( KNPP) အနေဖြင့် မထိုးနိုင်သေးပေ။

NCA ထိုးထားပြီးဖြစ်သည့် တခြား တိုင်းရင်းသားလက်နက်ကိုင်တို့၏ နယ်မြေတွင်လည်း ပဋိပက္ခများဖြစ်ပြီး တိုက်ပွဲများ မကြာမကြာဖြစ်ပွားလျက်ရှိနေပြန်သည်။

NCA တွင် ပါဝင်သဘောတူထားသည့် အချက်များမှာအားလုံးသည် လုပ်ပိုင်ခွင့်များကို လည်းတိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် အပြည့်အဝမရရှိသေးပဲကန့်သတ်ချက်များ ရှိနေသေးသည့်အတွက် လက်မှတ်ထိုးရန် နှောင့်နှေးနေသေးခြင်းဖြစ်ကြောင်း KNPP မှ ဒုဥက္ကဌ ခူဦးရယ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောသည်။

KNPP မှ NCA မထိုးခဲ့သေးသော်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပထမအကြိမ်စတင်ကျင်းပခဲ့စဉ်တွင် လေ့လာသည့်အနေဖြင့်သာ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုအဆင့်NCA ငြိမ်းချမ်းရေးဖြစ်စဉ်တွင် KNPP အနေဖြင့် NCA လက်မှတ်ရေးထိုးရေး ၊ မထိုးရေး ကိစ္စက ယခုချိန်ထိ မပြီးပြတ်နိုင်သေးပဲ ရှိနေပါသေးသည်။

KNPP နှင့် PC လွိုင်ကော်မြို့ ဧပြီ ၂၆ နှင့် ၂ရ ရက်နေ့တွင် ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

လက်ရှိအခြေအနေ

အထက်ပါအခြေအနေအရ NCA ကိုတချို့ တိုင်းရင်းသားလက်နက်ကိုင်များက လက်မှတ် ထိုးသကဲ့သို့ တချို့ကလည်းမထိုးပဲ တောင်းဆိုထားသည့်အချက်များကို ဆက်လက် ဆုတ်ကိုင်ထားကြသေးသည်။

ထိုအချိန်တွင်းမှာပင် KNPP မှ ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ( Bilateral Agreement သဘောတူညီထားသည့်အချက်များသည်လည်း လက်တွေ့တွင် အကောင်အထည် ဖော်မှု အားနည်းခဲ့သည်ဟုဆိုကာ ထိုအချက်များကို ပြန်၍ ငြိမ်းချမ်းရေးကော်မရှင်တို့ကြား တရားဝင်တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို မတ်လ ၂၆ ၊ ၂ရ ရက်နေ့ လွိုင်ကော်မြို့တွင် ပြုလုပ်ခဲ့သည်။

အဓိက ယခင်သဘောတူထားသည့် အချက်များကို အကောင်အထည်ဖော်ရန် ဆက်လက်တင်ပြခဲ့ခြင်းဖြစ်ပါသည်။

ထိုဆွေးနွေးပွဲတွင် KNPP ဘက်မှ ပြည်နယ်အဆင့်နှင့် ဒေသအဆင့်ပူးတွဲစောင့်ကြည့်ရေး၊ လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့၊ နိုင်ငံတကာလူမှုရေးကူညီထောက်ပံ့မှုကိစ္စ၊ ပြည်နယ်အတွင်း INGOs နှင့် NGOs များလုပ်ငန်းဆောင်ရွက်မှုကိစ္စ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စ၊ သစ်တောပြုန်းတီးမှုနှင့် လူကုန်ကူးမှု၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေးနှင့် တပ်ပိုင်းဆိုင်ရာကိစ္စတို့ကိုဆွေးနွေးရန် အဆိုပြုခဲ့သည်။

သို့သော် ၎င်းအဆိုပြုဆွေးနွေးချက်များအားလုံး သဘောတူညီမှုများမရရှိခဲ့ပဲ။ အချက်တချို့ကိုသာ ရခဲ့သည်။ ၎င်းတို့မှာ

(က) NCA မထိုးခင် ရေတိုကြားလအတွင်း ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)ကိစ္စ၊ နှစ်ဖက်တပ် သွားလာမှူ၊ ဆက်သွယ်မှူ ပြည်နယ်အဆင့် ညှိနှိုင်းရေးကိစ္စနှင့် သဘောတူညီထားသည့်အတိုင်းပုံမှန်တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန်။

(ခ) ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိကာသဘောတူထားသောဆက်ဆံရေးလမ်းကြောင်းမှတဆင့် ဆောင်ရွက်ရန်။

(ဂ) တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တိုးတက်မှူများရှိခဲ့ပြီး နှစ်ဘက်ညှိနှိုင်းသဘောတူညီထားသည့်အတိုင်းဆောင်ရွက်ရန် ဆိုသည့်အချက်များသာဖြစ်သည်။

၂ ရက်တာအတွင်း ဆွေးနွေးချက်များအပေါ် ရာခိုင်နှူန်း၏ ထက်ဝက်ခန့်သာ ကျေနပ်အားရမှူ ရှိကြောင်းနှင့် မိမိတို့ လိုချင်သည့်အဖြေ မရရှိသေးကြောင်း KNPP ၏ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဆွေးနွေးပွဲအပြီးတွင် မီဒီယာများအား ပြောကြားခဲ့ပါသည်။

တစ်ဖက်တွင်လည်း မေလ ၁၈ ရက်နေ့က လူထုများ NCA ထိုးနိုင်ရေး ၊ ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲစတဲ့ ချီတက်ပွဲများဖြင့် KNPP ကိုဖိအားပေးသွားသည်ကိုလည်း တွေ့ရသည်။

ထိုသို့ တက်ရောက်လာသည့် ဒေသခံအများစုသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမှန်တကယ်သိရှိသူများ မဟုတ် ၊ NCA သည်ဘာမှန်းမသိ ရပ်ကွက်အတွင်းတွင် တစ်အိမ်တစ်ယောက် မသွားမနေရ အမိန့်ထုတ်ထားသည့်အတွက် တက်ရောက်အားပေးခဲ့ရသည့် ဖြစ်စဉ်တခုဖြစ်ခဲ့သည်။

NCA ကြားထဲတွင် ပါဝင်နေသည့် အဖွဲ့အစည်းကိုယ်တိုင်ကပင် လက်ရှိဖြစ်ပေါ်နေသည့် အနေအထားသည် တနိုင်ငံလုံး အတိုင်းအတာအထိ ကွင်းကွင်းကွက်ကွက် မပေါ်သေးသည့်အတွက် လူထုများအနေဖြင့် မိမိတို့ အနာဂါတ် ရှင်းရှင်းလင်းလင်း မြင်တတ်ဖို့လိုပါသည်ဟု KNPP မှ အတွင်းရေးမှူး (၂) ခူဒယ်နီယာယ်ကပြောသည်။

ယခုအခြေအနေတွင် လူထုများအတွက် အဆင်ပြေနေပြီဖြစ်ကြောင်းနှင့် NCA ထိုးမည်ဆိုပါကလည်း ပြည်သူလူထုများ၏ ယုံကြည်မှုကို ရရှိအောင် ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း ကယားစာပေနှင့် ယဉ်ကျေးမှူ ကော်မတီမှ အတွင်းရေးမှူး ခူးညွန့်ရယ်က အကြံပြုပြောကြားထားသည်။

“ အရင်တုန်းကဆိုရင် ဒီအပစ်အခတ်မရပ်စဲသေးတဲ့အချိန်မှာဆိုရင် ကျတော်တို့ဟာ အကြောက်တရားနဲ့ သွားလာနေရတဲ့ အကြောက်တရားနဲ့ ရှာစားနေရတဲ့ အခြေအနေမှာပေါ့နော။” ဟုဆိုကာ ယခင်အပစ်ခတ်ရပ်စဲရေး မယူခင်အချိန်တွင် သူကြုံခဲ့ရသည်များကို သက်ပြင်းချရင်း ပြန်လည် ပြောပြခဲ့သည်။

KNPP အနေဖြင့် လက်မှတ်ရေးထိုးခြင်း၊ မထိုးခြင်းသည် ၎င်းတို့နှင့်သာ သက်ဆိုင်ကြောင်းနှင့် NCA ၏ မူဘောင်များ၊ ကျင့်ဝတ်များကို ဗမာ့တပ်မတော်အနေဖြင့် မည်မျှလိုက်နာသည်ကို ပြည်သူများက မျက်မြင်သက်သေများဖြစ်နေကြောင်းကို ကရင်နီလူငယ်တစ်ဦးဖြစ်သည့် ခွန်းဂျွန်ပေါလ်က သုံးသပ်ပြောဆိုထားသည်။

“လက်မှတ်ထိုးရေး မထိုးရေးကတော့ KNPP အပေါ်မှာပဲ မူတည်တယ်လို့ ကျတော်မြင်တယ်။ KNPP အနေနဲ့ လက်မှတ်ထိုးပါ ကျတော်ပြောလို့လည်း မရဘူး မထိုးပါနဲ့ ကျတော်တို့ ပြောလို့မရဘူး“ ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

KNPP ၏ အတွင်းရေးမှူး(၂) ခူဒယ်နီယာယ်

NCA လက်မှတ်ရေးထိုးခြင်းသည် မိမိတို့အတွက် ခက်ခဲလှသည့် အလုပ်တစ်ခု မဖြစ်သော်လည်း နောက်ဆက်တွဲဖြစ်လာမည့် အကျိုးဆက်များမှာ မည်သို့ ဖြစ်လာမည်ကို ကြိုတင်မှန်းဆလို့ မရနိုင်သည့်အတွက် လက်မှတ်ရေးထိုးစေချင်သည့် ပြည်သူလူထုများ အနေဖြင့် စိတ်ရှည်စေလိုပြီး၊ ဝိုင်းဝန်းကူညီပေးရန် လိုအပ်ကြောင်းကို ခူဒယ်နီယာယ်က ပြောသည်။

spot_img
spot_img

Recent posts