spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွှေ့ပြောင်းတောင်ယာရပ်တန့်ပြီး ယာခင်း၌ သဘာဝမြေဩဇာသုုံးနိုုင်ရေး အခက်တွေ့

Author

Date

Category

ကရင်နီသူ

ဖရူဆိုမြို့နယ်ရှိ ဒေသခံများသည် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းဖြင့်သာ အသက်မွေးဝမ်းကြောင်းမှု ပြုနေကြသည်။ တောင်များကို ခုတ်ထွင်ရှင်းလင်းပြီး တောင်ယာစိုက်ပျိုးကြသည်။

သို့သော် ရွှေ့ပြောင်းတောင်ယာပြုလုပ်ခြင်းကို ဆက်လက်မလုပ်ဆောင်ရန် လွှတ်တော်တွင် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းဖြင့် သစ်တောပြုန်းတီးခြင်း၊ တောကောင်များနေရာရွှေ့ပြောင်းခြင်း စသည်တို့ဖြစ်လာခဲ့သည်။

ကယားပြည်နယ်တွင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း မရှိတော့ရန် လက်ရှိခုတ်ထွင် ရှင်းလင်းထားသည့်နေရာတွင်သာ စပါး၊ ပြောင်း၊ ငရုတ်တို့ဖြင့်သာ ဆက်လက်စိုက်ပျိုးရန်နှင့် ကျန်သည့် တောင်ယာကွက်တွင် အခြားစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဌာနဆိုင်ရာက တိုက်တွန်းခဲ့သည်။

ဖရူဆိုမြို့တွင် စိုက်ပျိုးသည့် စပါး၊ ငရုတ်စသည်တို့သည် အများအားဖြင့် အော်ဂဲနစ်အစားအစာများဖြစ်ပြီး ၎င်းအစားအစာများကို ဈေးကွက်သို့ရောက်အောင် တင်ပေးစေလိုကြောင်း ကယန်းအမျိုးသမီးအဖွဲ့မှ မူအန်းဂျေလာက ပြောသည်။

̏ ဟိုယာဒေသ၊ ဒိုးလာစောဘက် စိုက်ပျိုးနေတဲ့ စပါး၊ ငရုတ်သီးတွေက အော်ဂဲနစ်ပဲ၊ သူတို့ငရုတ်သီးတွေကို ဈေးကွက်ကိုတင်ပေးပြီး တစ်နေရာတည်းမှာပဲ စိုက်စေလို့မရဘူးလား၊ သဘာဝမြေဩဇာနဲ့ တနိုင်တပိုင်လုပ်နိုင်အောင် နောက်တစ်တောင်ပြောင်းမယ့်အစား နောက်တစ်တောင်ကို အခြားစိုက်ပျိုးရေးတွေ လုပ်စေဖို့ နည်းမရှိဘူးလား၊ သူတို့အသက်မွေးဝမ်းကြောင်းက စပါးကိုပဲ မှီခိုနေရတယ်၊ ငရုတ်သီးနည်းနည်းပါးပါးရောင်းရတယ် သူတို့ရဲ့ဝင်ငွေထွက်ငွေက ဒါပဲရှိတယ်˝ ဟု ၎င်းကပြောသည်။

၎င်းဒေသခံများ အခြားတောင်ယာကွက်တွင် စီးပွားဖြစ်အခြားသီးနှံများကို စိုက်ပျိုးစေပြီး သဘာဝမြေဩဇာများနှင့် အသုံးပြုစေချင်ကြောင်း ၎င်းကဆက်ပြောသည်။
သို့သော် ဒေသခံများအတွက်မူ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်းသည် ၎င်းတို့စားဝတ်နေရေးအတွက် မရှိမဖြစ်သည့် အသက်မွေးဝမ်းကြောင်း တစ်ခုဖြစ်သည့်အတွက် စွန့်လွတ်ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ဆိုပါသည်။

̏ ရွှေ့ပြောင်းတောင်ယာလုပ်တာက မရှိမဖြစ်ပါ၊ ရပ်ဆိုင်းခိုင်းလိုက်ရင် ဘာစားမှာလဲ၊ သူတို့မှာတစ်ချို့ လယ်မရှိဘူး၊ တောင်ယာက ပိုလုပ်ဖြစ်တာ၊ လယ်တော့ရှိပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့်ပေါ့ ရေကြီးတာ၊ ဘာညာ လယ်လုပ်စားလို့မရတော့ဘူး။ ˝ဟု ရာဧပရားကျေးရွာမှ မအယ်လင်းနာက ပြောသည်။

တောင်ယာကို မရွှေ့ပြောင်းဘဲ လုပ်လျှင် မြက်ပင်ချုံနွယ်များထူပြီး အပင်မအောင်မြင်နိုင်ပေ။ နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးသည့်အတွက်လည်း မြေဩဇာသည် ကောင်းမွန်ခြင်းမရှိတော့ပေ။ တောင်ပေါ်ဒေသရှိ တောင်ယာမြေများသည် မြေပြန့်ရှိမြေအမျိုးအစားနှင့် မတူညီသည့်အတွက်လည်း အဆင်ပြေမည်မဟုတ်ကြောင်း ၎င်းကပြောပါသည်။

̏ ဟိုယာ၊ ဘီယာဘက်မှာ တောင်ယာစနစ်တွေကို လုံးဝဘရိတ်ပါ၊ ဒါတွေက ကျွန်တော်တို့လွှတ်တော်မှာ တရားဝင်ဆွေးနွေးပြီး၊ တရားဝင်ဖြတ်ပြီးသားဖြစ်ပါတယ်။ အစိုးရအနေနဲ့ တရားဝင် ကြေငြာထားပြီးသားဖြစ်တဲ့အတွက် ကျွန်တော်တို့က ရွာတွေရောက်တဲ့အခါမှာ အဲ့လိုတောင်ယာခုတ်တဲ့ စနစ်ကို မလုပ်ပါနဲ့လို့၊ ခုတ်ပြီးသားနေရာကိုပဲ ငရုတ်သီးစိုက်ပါ တောင်ယာခုတ်လို့၊ သစ်ပင်ခုတ်လို့ မြေပြိုတယ်၊ ရာသီဥတုမမှန်ဘူး၊ ဒေသခံတွေအသိပါပဲ ˝ ဟု ကယားပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ် ဒုဦးစီးမှူး ဦးအောင်ကြည်ဝင်းက ပြောသည်။

သို့ဖြစ်၍ ပြည်နယ်အတွင်းသာမက ရှမ်းပြည်နယ်ရှိ တောင်သူများထံမှ အော်ဂဲနစ်သီးနှံများ စိုက်ပျိုးပါက Export လုပ်နိုင်ရန် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ကာ တင်ပို့ခြင်းများ လုပ်ဆောင်နိုင်ကြောင်း ဖိတ်ခေါ်လိုက်သည်။

spot_img
spot_img

Recent posts